အသက်နဲ့ရင်းပြီးလမ်းပြခဲ့တဲ့ မိန်းမမြတ် (ဆရာမတစ်ဦး)

အသက်နဲ့ရင်းပြီးလမ်းပြခဲ့တဲ့ မိန်းမမြတ် (ဆရာမတစ်ဦး)

လျန်တွောင် — အရင်တစ်ခေါက်က ကျွန်တော် လိုင်ဘုန်ကျေးရွာကို အလုပ်ကိစ္စနဲ့ သွားရင်း လမ်းကြုံလို့ ခိုင်ကမ်းမြို့က ဆရာမ ဒိမ်းလွန်းမန်တို့အိမ် ဝင်လည်ခဲ့တယ်။ ဆရာမ၏မိခင်(Nu Man) နှင့် ၅ တန်း၊ ၆တန်းအရွယ် ကလေး သုံးလေးဦးကို တွေ့ခဲ့တာကြောင့်”သက်တူရွယ်တူ သူငယ်ချင်းတွေ လာလည်ကြတာလား” ဆိုပြီး ကျွန်တော် နောက်ပြောင်လိုက်တယ်။

Nu Man က “မဟုတ်ရပါဘူးအေ…မင်းညီမ(ဆရာမ)ရဲ့ ကျောင်းသားလေးတွေပါ။ သူမ တစ်ခေါက်အိမ်ပြန်လာတိုင်း သူ့ကလေးတွေပါ ပါလာတယ်လေ။ တစ်ချို့ကို တောင်ပေါ်ပြန်ခေါ်သွားပြီး တစ်ချို့ကိုကျတော့ ဒီအိမ်ကနေ ကျောင်းတက်ခိုင်းရမယ်လို့ ဇွတ်အတင်း ပြောတော့ အမေနဲ့အမေတို့တောင် ဝမ်းဝရုံ အနိုင်နိုင်ပါဆိုမှ ဘာကိုကျွေးပြီး ဘာနဲ့ ကျောင်းတက်ခိုင်းရမှာတုန်း” လို့ပြောလိုက်တော့ သူမက”အမေရယ် သူတို့လေးတွေက ကျွန်မတို့ထက် ပိုပြီးခက်ခဲလွန်းကြလို့ပါ၊ ပြီးတော့ ဒီကလေးတွေက စာသိပ်လိုချင်ကြတာ ဒီကနေ ကျောင်းတက်လို့ရှိရင် ပိုပြီး ထူးချွန်ထက်မြက်ကြမှာ” လို့သူမက ပြောလိုက်တယ်။ ဒါတွေကို သူမမိခင်က ကျွန်တော့်ကို ပြန်ပြောပြတာပါ။

သူတို့ဘ၀ ခက်ခဲနေပေမယ့် သူ့သမီး(ဆရာမ)ရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို သဘောကျလေးစားမိတာကြောင့် ငြင်းဆန်မနေတော့ဘဲ ကျေနပ်စွာ လက်ခံပေးလိုက်တယ်လို့ သူမက ဂုဏ်ယူစွာပြန်ပြောပြလိုက်ပါတယ်။ သူမပြောပြချက်တွေအရ ဆရာမဟာ သူတာဝန်ကျခဲ့တဲ့ တွီးဗျဲလ်ဇန်ရွာကို သွားခါနီးတိုင်း သူမအတွက် လိုအပ်တဲ့ ပစ္စည်းစားနပ်ရိက္ခာတွေ သိပ်မဝယ်ဘဲ ကလေးတွေကျွေးဖို့ ချိုချဉ်၊ မုန့်များသာမဟုတ်ဘဲ ကလေးတွေသုံးဖို့ အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်တတ်လွန်းလို့ သမီးက ဘာသုံးပြီး ဘာနဲ့ စားမှာလဲ၊ သမီးရဲ့ ရှိသမျှနဲ့ပိုက်ဆံနဲ့ ကလေးတွေအတွက်ချည်းပဲ ဝယ်ပေးနေတာလို့ လိုက်ပြောရတဲ့ထိပါ ဟု သူမက ပြန်ပြောပြပါတယ်။

အခုတော့ ကလေးတွေကို သိပ်ချစ်တဲ့ဆရာမ၊ ခက်ခဲဆင်းရဲသူတွေကို ကြင်နာတတ်လွန်းတဲ့ဆရာမ၊ မရှိ ရှိတာဖဲ့ကျွေးပြီး ကူညီတတ်တဲ့ ဆရာမ၊ ဖခင်မရှိတော့ပေမယ့် မိခင်ကိုဖေးမကူညီကာ ယုံကြည်စိတ်ချမှုပေးစွမ်းနိုင်တဲ့ဆရာမ၊ ငယ်ရွယ်တဲ့မိန်းကလေးတန်မဲ့ မိသားစုအတွက် မားမားမတ်မတ် ရပ်တည်နေတဲ့ဆရာမ၊ ဆင်းရဲဒုက္ခမျိုးစုံကြုံရလည်း ကိုယ့်ခြေကိုယ့်လက်ကိုယ့်အစွမ်းအစဖြင့် ဘဝရပ်တည်ချင်သော ဆရာမ၊ အရွယ်နဲ့မလိုက်အောင် မိဘဆွေမျိုး အသိုင်းအဝိုင်းကို ချစ်ခင်သော ဆရာမ….ဒီလောကကြီးကို စွန့်ခွာခဲ့ပြီ။

သူ့ရင်ဘတ်ကို မှန်သည့်ကျည်ဆံက နောက်ကျောပေါက်ထွတ်သွားတယ်။ နှလုံး၊ အသည်း မွကြေခဲ့ရတယ်။ သူမ ထားရစ်ရမယ့် ကလေးတွေ သူမကျွေးမွေးပြုစုသော မိသားစုများကို စိတ်မချနိုင်သောကြောင့် နောက်ဆုံးထွက်သက် မထွက်ရက်။ စိတ်အားတင်းခဲ့ရှာတယ်။ သူမတာဝန်ကျတဲ့ရွာမှ ကျီခါးမြို့သို့ ပို့ဆောင်ပြီး  ကျီးခါးမြို့မှတစ်ဆင့် တွန်းဇံမြို့သို့ အသွား သူမက လောကကြီးကို စွန့်ခွာသွားခဲ့သည်။

ယနေ့ ဆရာမက ကလေးတွေကို စာမသင်နိုင်တော့ပြီ။ သူမ မိသားစု၊ သူမချစ်သော ကလေးများ၊ မိတ်ဆွေသူငယ်ချင်း အားလုံးအတွက် ဝမ်းနည်းပူဆွေးရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ရတယ်။ သူမနှလုံးကို ထွင်းဖောက်သွားတဲ့ ကျည်ဆံက ကျွန်ုပ်တို့အားလုံးရဲ့ နှလုံးသားကိုပါ ထိမှန်လာသေး၏။ တကယ့်ကို ရင်နင့်ဖွယ်။ အသွေးအသားတစ်ခုလုံး ကြေမွသွားတဲ့အထိပါ။

ယခုလို ကျွနု်ပ်တို့နိုင်ငံမှာ နာကျည်းဝမ်းနည်းဖွယ် အဖြစ်အပျက် ဖြစ်ပျက်သွားခဲ့တာဟာ တကယ်တော့ ပုဂ္ဂိုလ်ရေး မဟုတ်ဘူး။ နိုင်ငံနှင့် လူမျိုး ကိစ္စဖြစ်တယ်။ တိုင်းတစ်ပါးသားတစ်ယောက်မှ တို့နိုင်ငံထဲ ထင်ရာစိုင်း၍ ဝင်ထွက်သွားလာကာ ကျွန်တော်တို့အိမ်ရှင်တွေကို တိရစ္ဆာန်ပမာ သတ်ဖြတ်သွားခြင်းဟာ တကယ့်ကို ရင်နာဖွယ်ပါ။ ကျွန်တော်တို့နိုင်ငံ လူမျိုး နှင့် နိုင်ငံတော်အစိုးရကိုပါ စော်ကားသွားတာ ဖြစ်တယ်။

စည်းလုံးညီညွတ်မှုမရှိသောနိုင်ငံနှင့် လူမျိုးများဟာ အနှိမ်ခံရတတ်တယ်ဆိုတာ ဆရာမမှ အသက်ပေးပြီး သွန်သင်ပြသခဲ့ပါပြီ။

ဆရာမ ချပြလိုက်တဲ့ ကျွန်တော်တို့ဒေသ ကျွန်တော်တို့နိင်ငံတွင် ပြည်သူလူထု၏ နေ့စဉ်ဘဝ အသက်တာ ဘေးကင်းလုံခြုံမှုမရှိဘူးဆိုတာ ကျွန်တော်တို့မသိကျိုးကျွံ မပြုသင့်တော့ပြီ။ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအားလုံးမှ မိမိတို့ကျရာ အခန်းကဏ္ဍတိုင်းတွင် အရေးတယူဝိုင်းဝန်းဖြေရှင်းနိင်မှသာလျှင် ပြည်သူလူထုဘဝ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။

မိမိတို့ဒေသတွင် မည်သူမဆိုလက်နက်အားကိုးဖြင့် ယခုကဲ့သို့ လူမဆန်စွာ ရက်စက်ယုတ်မာခြင်း၊အနိင်ကျင့်ဗိုလ်ကျခြင်း၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းစသည့် မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များ အုပ်စိုးအမြစ်မသွယ်မိစေရန်မှာ ကျွန်တော်အားလုံး၏ ရင်းတွင်းဆုတောင်းချက်နဲ့ တာဝန်တစ်ရပ်ပင်တည်း။

ယခုချိန်ကစပြီး ဆရာမ၏ တာဝန်ကျရာ ဒေသ၏ နယ်မြေခံ ဝန်ကြီးနှင့် ပညာရေး ဝန်ကြီး H.E Pu Pau Lun မှ ဤရာဇဝတ်မူအတွက် တရားမျှတမှုကို ဦးဆောင်ဖော်ဆောင်းပေးရတော့မည် ဖြစ်သည်။ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်အားဖြည့်ပေးရပါမည်။ နာကျင်ခြင်းကြောင့် ကျတဲ့မျက်ရည်တွေအတွက်တရားမျှတမူကိုကြိုးစားဖော်ဆောင်ခြင်းဖြင့် တုန့်ပြန်ဖြည်ဆည်သွားကြရအောင်။ နောင်အနာဂတ်တွင် ယခုကဲ့သို့ အဖြစ်ဆိုးများ ထပ်မံမကြုံတွေ့ရစေဖို့ ရည်စူးရင်း အတူတကွ လက်တွဲလုပ်ဆောင်ကြရအောင်။

November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...