ကရင့်အရေးအရာများ -၂၀၁၆

ကရင့်အရေးအရာများ -၂၀၁၆
by -
ကေအိုင်စီ
ယခုခရစ်သက္ကရာဇ်၂၀၁၆ခုနှစ်အကုန်ကာလသည် ကရင့်သက္ကရာဇ်၂၇၅၅ခုနှစ်ကုန်လွန်ပြီး၂၇၅၆ခုနှစ်သို့ ရောက်ရှိတော့မည့်အချိန်ကာလနှင့် ထပ်တူဖြစ်နေသည်။ ကုန်လွန်ခဲ့သောတစ်နှစ်တာအတွင်း လူတိုင်းလူတိုင်းအတွက် အမှတ်တမဲ့ဖြစ်ရပ်များရှိနိုင်သလို မှတ်မှတ်ရရစွဲထင်ကျန်ရစ်စေသည့်ဖြစ်ရပ်များလည်း ရှိကောင်းရှိနိုင်သည်။ထို့ထက်ကျော်လွန်၍လူမှု၊စီးပွားအရေးအရာများအပေါ်ကောင်းကျိုး၊ဆိုးကျိုးသက်ရောက်မှုများ တစ်နှစ်အတွင်းကြံုတွေ့နိုင်သည်မှာ ကမ္ဘာပေါ်တွင်လူသားမျိုးနွယ်တို့ သက်ရှိထင်ရှားရှိနေသ၍ ဖြစ်ပျက်နေမည့်သဘာဝတရားပင်ဖြစ်သည်။

ကရင်လူမျိုးများသည်လည်း လူမျိုးစုတစ်စု၏ အင်္ဂါရပ်နှင့် ပြည့်စုံသော မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးတစ်ခု ဖြစ်သည့်နည်းတူ ကုန်လွန်ခဲ့သည့်၂၀၁၆ခုနှစ်အတွင်း ကောင်းကျိုး၊ဆိုးကျိုးမြောက်များလှသော ထိုအဖြစ်အပျက်များကို လက်လှမ်းမှီသ၍ မှတ်တမ်းတင်ရန်ရည်ရွယ်၍ ကရင်သတင်းစဉ်အနေဖြင့်ကရင့်အရေးအရာများ -၂၀၁၆ကိုပြုစုတင်ဆက်လိုက်သည်။ အမှန်စင်စစ်သတင်းစာဆရာများသည် သမိုင်းမှတ်တမ်းပြုစုသူများထဲတွင်ပါဝင်သည်ဟု ပညာရှင်များရည်ညွှန်းလာခဲ့သည့်နည်းတူ မိမိလူမျိုးတိုးတက်ရေးအတွက် တဖက်တလှမ်းမှ အထောက်အကူပြုရေးကိုလည်း ရည်ရွယ်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

၂၀၁၆ခုနှစ်အတွင်းကရင့်ရေးရာများကို ပြန်ကြည့်မည်ဆိုလျှင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ပယ်စုံအလွှာစုံကရင်အမျိုးသားများ ချိတ်ဆက်ကာ နိုင်ငံရေးရည်မှန်းချက်အတွက် အတူတွဲလုပ်ကိုင်နေသည်ကို အားရဖွယ်တွေ့နိုင်သည်။ ထို့အတူ ထူးချွန်ကရင်လူငယ်များ နယ်ပယ်စုံမှပေါ်ထွက်လာခြင်း၊ ကရင်ရေးရာဝန်ကြီးများက ကရင့်အရေးအရာများကိုအားတက်သရော ဆက်လုပ်ရန်ပြင်ဆင်လုပ်ကိုင်နေခြင်း၊ ကရင်လက်နက်ကိုင်အဖွဲ့များကလည်း နိုင်ငံရေးဆွေးနွေးပွဲများကို အလွှာအသီးသီးနဲ့ ဆက်စပ်လုပ်ဆောင်နေခြင်းများကိုလည်း မြင်တွေ့နေရသည်။

အလားတူ တဖက်တွင်လည်း ဘာသာရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ခဲ့ရပြီး အေးငြိမ်းစွာကျော်လွှားနိုင်ခဲ့ခြင်း၊ တကျော့ပြန်မယ်သဝေါဒေသစစ်ပွဲများ၊ အပူသောကမငြိမ်းရသေးသည့် စစ်ဘေးဒုက္ခသည်များ၊ လူမှုစီးပွားဘဝတိုးတက်မှု တုံ့ဆိုင်းနေခြင်းများ၊အကြီးစားစီမံကိန်းများအပေါ် ဒေသခံလူထုကန့်ကွက်နေရမှုများ၊ စည်းလုံးညီညွတ်မှုအပိုင်းတွင်လည်း အားနည်းနေမှုများ စသည့်အခြေအနေများကိုလည်း ကြည်လင်ပြတ်သားစွာမြင်တွေ့ရမည်ဖြစ်သည်။

ထို့အပြင်၂၀၁၆ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်လူထုအစိုးရဖြစ်လာခဲ့ပြီး အဖက်ဖက်မှပြုပြင်ကာ ဖွံ့ဖြိုးစည်ပင်သည့်နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် လုပ်ကိုင်နေသလို၊ နှစ်ပေါင်းရ၀နီးပါးရှိပြီးဖြစ်သည့် ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေး ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း အပြင်းထန်ဆုံး ပြည်တွင်းစစ်မီးများ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေပြီး ကုန်စျေးနှုန်းကြီးမြင့်လာမှု၊ မှုခင်းစုံများဖြစ်ပျက်မှု အပါအဝင် ရခိုင်ဒေသပဋိပက္ခများ ရင်ဆိုင်နေရသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။အလားတူ မီဒီယာသမားများအတွက်လည်း ဥပဒေအရအကာအကွယ်ကင်းမှုနှင့် ဥပဒေမဲ့ ဘေးကင်းလုံခြံုမှု အားနည်းနေသည်ကိုထူး ခြားစွာမှတ်တမ်းတင်မိသည်။

ယင်းအပြင် ကမ္ဘာ့နိုင်ငံကြီးဖြစ်သော အမေရိကန်ပြည်ထောင်စုတွင်ရီပက်ပလေကန်သမ္မတလောင်းဒေါနယ်ထရန့်က မဲအနိုင်ရပြီးလာမည့်၂၀၁၇ခုနှစ်အတွင်းစတင်မည့် ၎င်းတို့၏အုပ်ချုပ်မှုမှာ ကမ္ဘာ့အရေးအရာများအပေါ် မည်သို့အကျိုးသက်ရောက်မည်ကို ဆက်လက် စောင့်ကြည့်ရမည့် သဘောရှိနေသေးသည်။ မည်သို့ပင်ဆိုစေ တနှစ်အတွင်းရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များကို မိမိတို့ကရင်လူမျိုးများအနေဖြင့် သင်ခန်းစာယူကာ လာမည့်၂၇၅၆ခုနှစ်၊ခရစ်နှစ်၂၀၁၇ခုနှစ်ကို စိတ်သစ်လူသစ်၊ခွန်အားသစ်၊ တွေးခေါ်မြော်မြင်မှုအသစ်များဖြင့် အမျိုးသားရေး ကောင်းကျိုးအတွက် စည်းလုံးညီညွတ်စွာ ပေးဆပ်ဆောင်ရွက်ရင်း အတူလက်တွဲလျှောက်လှမ်းကြပါစို့ဟု ကရင်သတင်းစဉ်က တိုက်တွန်းလိုပါသည်။

အယ်ဒီတာ (ကရင်သတင်းစဉ်)

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...