ကရင့်အနာဂတ်ဘဝ လှပဖို့ပညာရေးဖြင့်ပုံဖော်စို့

ကရင့်အနာဂတ်ဘဝ လှပဖို့ပညာရေးဖြင့်ပုံဖော်စို့
by -
ကေအိုင်စီ
ဒီဇင်ဘာသည်နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သော်လည်း၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်များသို့တက်ရောက်မည့် တိုင်းရင်းသားကျောင်းသူကျောင်းသားများအတွက်မူ အဆင့်မြင့်ပညာနှင့်စတင်ထိတွေ့ရမည့် အစပျိုးချိန်လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီဇင်ဘာလသည်အဆင့်မြင့်တက္ကသိုလ်များ စတင်ဖွင့်ချိန်လည်းဖြစ်ရာ နိုင်ငံတစ်ဝှမ်းတွင်နေထိုင်လျှက်ရှိကြသည့် ကရင်ကျောင်းသူ၊ကျောင်းသားများအနေဖြင့်လည်း မိမိတို့ ဝင်ခွင့်ရသည့်တက္ကသိုလ်နှင့် အထူးပြုမည့် ဘာသာရပ်များကို စတင်သင်ယူရတော့မည်ဖြစ်သည်။

ယနေ့ ကမ္ဘာ့ရွာဟုတင်စားခေါ်ဝေါ်လာရသည်အထိ တိုးတက်လာသော နည်းပညာခေတ်ကြီးတွင် ကရင်အမျိုးသားအရေးကို လက်ဆင့်ကမ်းတာဝန်ယူထမ်းဆောင်မည့် ကရင်လူငယ်မောင်မယ်များအနေဖြင့် ပညာရေးကိုအလေးမထား၍မရ။ ထို့နည်းတူ နယ်ပယ်စုံမှကရင်လူမျိုးများအနေဖြင့်လည်း အနာဂတ်အရေးမျှော်တွေးပြီး ကရင်လူငယ်ပညာတတ်များပေါ်ထွန်းလာရေးအတွက် အားပေးလုပ်ဆောင်ကြရပေမည်။ အမှန်စင်စစ် ကရင်လူမျိုးများသည် ပညာရေးပိုင်းတွင် ထူးချွန်သူများစွာပေါ်ထွက်ခဲ့သည်။

ပထမဦးဆုံးဒေါကလုအသင်းစတင်တည်ထောင်သူ ဒေါက်တာတီသံပြာသည် မဟာဘွဲ့ရတစ်ဦးပင်ဖြစ်သည်။အလားတူကရင့် အာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီးဆိုလျှင် အင်္ဂလန်နိုင်ငံ၌ ဝတ်လုံတော်ဘွဲ့ရခဲ့သူဖြစ်သည်။ ထို့အပြင် လွတ်လပ်ရေးမရမှီကာ လအတွင်း ကရင်အမျိုးသားကိုယ်ပိုင်ကျောင်းများ တည်ထောင်နိုင်ခဲ့သည်အထိ ကရင်လူမျိုးများမှာ ပညာရေးဘက်တွင် အားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အကျိုးဆက်အဖြစ် ကရင်အမျိုးသားများနိုင်ငံရေး၊အမျိုးသားရေးတွင်မျက်စိပွင့်ကာ အမြော်အမြင်ကြီးစွာ နိုးကြားလာခဲ့ကြသည်။

လက်ရှိ ကရင်အမျိုးသားများပညာရေးအပိုင်းအားကောင်းပါ၏လောဟု ပြန်စီစစ်ကြည့်လျှင် ရာခိုင်နှုန်းအရ စိတ်တိုင်းကျရလောက်အောင် အားရဖွယ်မရှိ။ ပြည်တွင်းစစ်ဖြစ်ပြီး တိုင်းပြည်ဆင်းရဲမွဲတေကာ ပညာရေးနိမ့်ကျခြင်းနှင့်အတူ ကရင်အမျိုးသားများလည်း ပညာရေးအပိုင်းတွင်အားနည်းခဲ့ရကာ နယ်ပယ်စုံထင်ရှားကျော်ကြားသည့် ကရင်ပညာရှင်များနည်းပါးလာနေသည်ကို အမှန်ဝန်ခံရမည်ဖြစ်သည်။ အမျိုးသားရေးအတွက် နယ်ပယ်အသီးသီးတွင် ဦးစီးလုပ်ကိုင်နေသူများအနေဖြင့် ကရင်လူငယ်လေးများ ပညာရေးပိုင်းတွင် အားကောင်းလာစေရေးအတွက် အထူးစီမံကိန်းအဖြစ် လုပ်ဆောင်ရန်လိုပေမည်။ မျက်မှောက်ခေတ်ကာလပညာသင် စရိတ်သည် ကုန်ကျမှုမြင့်မားသည့်အတွက် နှစ်စဉ် ကျပ်သိန်းရာထောင်ချီအကုန်အကျခံကာ ကျင်းပလေ့ရှိသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားများတွင် ကရင်ကျောင်းသူကျောင်းသားလေးများအား ပညာရည်ချွန်ဆုပေးရာ၌ ထိရောက်သည့် အားပေးထောက်ပံ့မှုမျိုး ဆောင်ရွက်ပေးသင့်သည်။

ယခုဆိုလျှင် မြို့နယ်၊ ခရိုင်၊တိုင်းနှင့်ပြည်နယ်အဆင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများ ဖွဲ့စည်းထားခဲ့သော်လည်း ယင်းကော်မတီများက သက်ဆိုင်ရာဒေသများရှိ ထူးချွန်သောမျိုးဆက်သစ် ကရင်ကျောင်းသူကျောင်းသားများကို ပညာသင်ဆုပေး အပ်သည့်သဘောမျိုး စီစဉ်ဆောင်ရွက်စေချင်သည်။ ၎င်းအပြင် နယ်ပယ်စုံကရင်လူမှုအဖွဲ့အစည်းများ အသီးသီးကလည်း ပညာရေးပိုင်းတွင်အားပေးကူညီသည့် လုပ်ငန်းစဉ်များကို စာပေ၊ ယဉ်ကျေးမှုကော်မတီများ အပါအဝင် အဆင့်မြင့် ကရင့်ပညာရေး ကိုလိုလားသူပညာရှင်များနှင့်လည်း ဆွေးနွေး၍ စီမံကိန်းချမှတ်ကာလုပ်ဆောင်ကြရန် လိုအပ်သည်။ အလားတူ တစ်နိုင်ငံလုံးကို လွှမ်းခြံုသောအစိုးရ၏ ပညာရေးစနစ်ကလည်း ကရင်လူငယ်များ အပါအဝင် တိုင်းရင်းသားမျိုးဆက်သစ်များ၏ အနာဂတ်နှင့်လည်းတိုက်ရိုက် သက်ရောက်မှုရှိနေမည်ဟုယူဆသည်။

ယနေ့ ကရင်လူငယ်မောင်မယ်များသည် ကရင်အမျိုးသားများမျှော်မှန်းထားသည့် အမျိုးသားရေးပန်းတိုင်ကို လက်ဆင့်ကမ်းဖော်ဆောင် သွားရမည့် သူများဖြစ်သည်။ထိုပန်းတိုင်ရောက်ရှိနိုင်ရေးမှာ ဖြစ်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းဖြင့်မရဘဲ ထူးချွန်ထက်မြက်သော ဉာဏ်ပညာအားဖြင့်လည်း ဆုံးဖြတ်လုပ်ကိုင်သွားရမည်ဟု ယုံကြည်သည်။လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း အရာရာတွင် နည်းပညာရှိသူများသာ ဦးဆောင်နိုင်သည့်နည်းတူ ကရင်အမျိုးသားများ အနာဂတ်ဘဝပိုမိုထွန်းတောက်လှပလာစေရေးအတွက် ကရင်အမျိုးသားများ၏ ပညာရေးရေချိန်ပေါ်တွင် အထူးမူတည်နေကြောင်းသတိပေး၊တိုက်တွန်းအပ်ပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...