လူငယ်များရဲ့ စကားလက်ဆောင်

လူငယ်များရဲ့ စကားလက်ဆောင်

“နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုရဖို့ ကျနော်ရည်မှန်းထားတယ်”

လူငယ်တစ်ဦးရဲ့ ရည်မှန်းချက်ကို အထက်ပါ အတိုင်း ရိုးရိုးသားသား ထုတ်ဖော်ပြောဆိုလာသူကတော့ လက်ရွေးစင် စက်ဘီးအားကစားသမား စောအယ်ခူးပဲ ဖြစ်ပါတယ်။ သူဟာ နေပြည်တော်မှာ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်က ပြုလုပ်တဲ့ တောင်တက်စက်ဘီး မောင်းတိန်းပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်သလို မတ် ၁၆ ရက်နေ့မှာကျင်းပတဲ့ ရန်ကုန်ကွင်းပတ် (2019 Yangon Criteriun Bike Race) အလွတ်တန်း စက်ဘီး ပြိုင်ပွဲမှာလည်း ဒုတိယဆုကို ရရှိထားသူ ဖြစ်ပါတယ်။

အသက် ၂၀ နှစ်အရွယ်ရှိပြီး ဖြစ်တဲ့ စောအယ်ခူးကို အမိ နော်အေးအေး၊ အဖစောထွန်းထွန်းလင်းတို့က အင်းစိန် မြို့နယ်မှာ ၁၉၉၈ခုနှစ်၊ ဇွန်လိုင်လမှာ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ အဖေဖြစ်သူဟာ သူ့ အသက် ၆ နှစ် အရွယ်မှာ ဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူကပဲ သူ့ကို အပ်ချုပ်ဆိုင်ဖွင့်ပြီး ကျွေးမွေးစောင့် ရှောက်ခဲ့ပါတယ်။ သူ့ရဲ့ မိခင်ဖြစ်သူက ဂီတဘက်မှာ သူ့ကို ထူးချွန်စေချင်ခဲ့ပေမဲ့ သူကတော့ စက်ဘီးစီးတာကိုပဲ ပိုအားသန်တယ်လို့ အခုလိုပြောပါတယ်။

“ ကျနော် အသက် ဆယ်နှစ်ကျော် ၅ တန်းအရွယ်လောက်မှာ မုန့်ဖိုးရရင် ရပ်ကွက်ထဲက စက်ဘီးအငှားဆိုင်မှာ သွားငှားစီးတယ်။ သူငယ်ချင်းတွေကတော့ ဂိမ်းဆော့တာများတယ်။ အဲ့နောက် ရှစ်တန်းမှာ ရန်ကုန်တိုင်း ကျောင်း ပေါင်းစုံပွဲ၊ ကိုးတန်းမှာ ကျနော် နေပြည်တော် ကျောင်းပေါင်းစုံစက်ဘီးပြိုင်ပွဲမှာ အသင်းလိုက် ပထမ ရတယ်။ နောက်တစ်ဦးချင်းနဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တယ်” လို့ စောအယ်ခူးက ပြောပါတယ်။

ငယ်စဉ်ထဲက စက်ဘီးစီးတာကို ဝါသနာပါပြီး အခြေအနေအရ စက်ဘီးကောင်းကောင်းဝယ်မစီးနိုင်ခဲ့ပေမဲ့ သူ့ မှာရှိတဲ့ စီးစက်ဘီးလေးကို ပြိုင်ဘီးပုံစံပြုပြင်ပြီး လေ့ကျင့်ခဲ့ရပါတယ်။ နောက်ပြီး သူ့အနေနဲ့ ငယ်စဉ်အချိန်မှာ စက်ဘီးစီးသူတွေကို အထင်သေးခံရတာတွေလည်း ကြုံတွေ့ခဲ့ရဖူးပြီး သူ့အနေနဲ့စိတ်ဓါတ်မကျဘဲ ဆက်ကြိုးစား ခဲ့တယ်လို့ ပြောပါတယ်။

“တချို့က စက်ဘီးစီးဦးထုပ် ဆောင်းလိုက်တာနဲ့ ဂြိုလ်သားလားလို့ စတယ်။ အပိုအလုပ်တွေလို့လည်း ပြောသူ တွေရှိတယ်၊ အခုနောက်ပိုင်းတော့ အမြင်နည်းနည်းပြောင်းသွားကြတယ်” လို့ သူက ဆိုပါတယ်။

တစ်နိုင်ငံလုံး ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဆုရပြီးတဲ့နောက် တခြားပြိုင်ပွဲတွေကိုလည်း စီးဖြစ်တယ်လို့ သူက ပြော ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ မြန်မာက အိမ်ရှင်အဖြစ် နေပြည်တော်မှာ ကျင်းပတဲ့ အာရှစက်ဘီးစီးပြိုင်ပွဲမှာ သူဝင်ပြိုင်ခဲ့ပြီး နိုင်ငံတကာနဲ့ အဆင့်ကွာခြားနေသေးတာ၊ အများကြီးကြိုးစားဖို့လိုတာ စတဲ့အတွေ့အကြုံ ကောင်းတွေကို ရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

အခု အခြေအနေမှာ နိုင်ငံတကာက ကစားသမားတွေကို စက်ဘီးနဲ့ အခြားထောက်ပံ့မှု အပိုင်းက မြန်မာကစား သမားတွေနဲ့ အများကြီးကွာခြားနေပါတယ်။ အနေအထိုင်၊ အစားအသောက် စတာတွေလည်းကွာခြားတာကို သတိပြုမိသလို မြန်မာနိုင်ငံမှာ စက်ဘီးစီးပြိုင်ပွဲတွေကို ပရိဿတ် အားပေးမှုနည်းတာလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရန်ကုန်ကွင်းပတ် စက်ဘီးပြိုင်ပွဲမှာ ဒုတိယ ရခဲ့လို စက်ဘီးအဖွဲ့ချုပ်က လာမဲ့ မေ ၁၂ ရက်နေ့မှာ စင်္ကာပူ OCBC ဘဏ်က ပြုလုပ်မဲ့ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုသွားပြိုင်ဖို့ စေလွှတ်မှာဖြစ်တဲ့အတွက် သူ့ အနေနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

သူ့အနေနဲ့ ကရင်လူငယ်တွေထဲမှာ စက်ဘီးစီးအားကစား ထူးချွန်သူတွေ ပေါ်ထွက်စေချင်သလို ဝါသနာပါ တဲ့ လူငယ်တွေကို လက်တွဲပြီး အတူစီးချင်တယ်လို့ပြောပါတယ်။ နောက်သူ့ရဲ့အတွေ့အကြုံတွေကိုလည်း ဝေငှ သွားချင်တယ်လို့ ဆိုပါတယ်။ ကရင်လူငယ်တွေအနေနဲ့ စက်ဘီးပြိုင်ပွဲမဝင်ဖြစ်ရင်တောင်မှ ကျန်းမာရေး အတွက် စက်ဘီးစီးကြဖို့ တိုက်တွန်းလိုတယ်လို့ သူက ပြောပါတယ်။

“ကျနော် ကရင်လူငယ်တွေကို တိုက်တွန်းချင်တာကတော့ အားကစားတစ်ခုခုကို လုပ်ကြပါလို့ ပြောချင်တယ်။ အခု တစ်ချို့လူငယ်တွေက အရက်သောက်တယ်။ လောင်းကစားလုပ်တယ်။ ဂိမ်းကစားတယ်။ အွန်းလိုင်းမှာ အချိန်ကုန်တယ်။ ဒီဟာတွေအစား အားကစားလုပ်ကြပါလို့၊ စက်ဘီးစီးမယ်ဆိုရင်လည်း ကြိုဆိုနေပါတယ်လို့ တိုက်တွန်းပြောလိုပါတယ်” လို့ စောအယ်ခူးက ပြောပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...