ချင်း-ဗမာချစ်ကြည်ရေးညီလာခံ (၁၉၄၇)

ချင်း-ဗမာချစ်ကြည်ရေးညီလာခံ (၁၉၄၇)
by -
ဆလိုင်းဗန်ကျုံးလျန်(ယူကေ)

လွန်ခဲသည့် ၇၂ နှစ်၊ ၁၉၄၇ ခုနှစ်၊ မတ်လ ၃ ရက်မှ ၅ ရက်အထိ ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံအား ထီးလင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ ယင်းချစ်ကြည်ရေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် တက်ရောက်ရန် အစီအစဉ်ရှိသော်လည်း တောင်တန်းဒေသ အုပ်ချုပ်ရေးကိစ္စများကို စုံစမ်းရန် ရောက်လာကြသည့် ဗြိတိသျှကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်အကြောင်းဖန်လာသည့် အတွက် ဒီးဒုတ်ဦးဘချိုအား ချင်း-ဗမာချစ်ကြည်ရေး ညီလာခံသို့ တက်ရောက်ရန် ပန်ကြား စေလွှတ်ခဲ့ရသည်။

ချင်းကိုယ်စားလှယ်အဖြစ် ဦးဝမ္မသူးမောင်း ဦးဆောင်ခဲ့ပြီး ညီလာခံတွင် လူထုအင်အား တစ်သောင်းကျော်တက်ရောက်ခဲ့ကြသည်။ ၈-၃-၄၇ ရက်နေ့ထုတ် Reuter သတင်းဌာနမှလည်း တိုက်သူကြီးများအပါအဝင် ချင်းလူထုသုံးထောင်ကျော်တို့သည် ထီးလင်းတွင် ကျင်းပသည့် ချင်း-ဗမာချစ်ကြည်ရေးညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွတ်တော်တွင် ပါဝင်ရေးကို ဖ.ဆ.ပ.လ အဖွဲ့နှင့် အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု ဖေါ်ပြထားသည်။

ဒီးဒုတ်ဦးဘချိုက ယခုအခမ်းအနားတွင် ချင်းလူထုများ ဒီထက်မကသော လူဦးရေများဖြင့် အခမ်းအနားတက်ရောက်ရမည်ဖြစ်ကြောင်း.... သို့သော်လည်း တစ်စုံတစ် ယောက်က ချစ်ကြည်ရေးညီလာခံပျက်သွားပြီဖြစ်ကြောင်း၊ ဦးဝမ္မသူးမောင်းလည်း ဆုံးပါးသွား ပြီဖြစ်ကြောင်း ဆိုသည့် ကောလဟလ သတင်းများကြောင့်သာ လူမများရခြင်းဖြစ်ကြောင်း ဆိုခဲ့ပါ သည်။

ချင်းတိုက်သူကြီးများသည်လည်း ဦးဝမ္မသူးမောင်းနှင့် ထီးလင်းတွင် တွေ့ဆုံသည့်အခါမှသာ သူတို့ကြားသိထားသည့် သတင်းများသည် ကောလဟလများသာဖြစ်ကြောင်း သတင်းစာသို့ ပြန်လည်ပြောကြားခဲ့ကြသည်။ ချင်းပြည်မြောက်ပိုင်း ဟားခါးနယ်မှ ဦးဇာဟူး(ဇိုခွာရွာ)နှင့် ဦးလျန်ကာရ် တို့သည်လည်း ထီးလင်းညီလာခံသို့ တက်ရောက်ခဲ့သည်။ ချင်း-ဗမာချစ်ကြည်ရေး ထာဝစဉ်တည်တံ့ခိုင်မြဲရေး အထိမ်းအမှတ်ကျေက်တိုင်ကို စိုက်ထူခဲ့ရာ ဦးဝမ္မသူးမောင်းနှင့် ဒီးဒုတ်ဦးဘချိုတို့မှပူးတွဲ အုတ်မြစ်ချခဲ့ကြသည်။

ထိုညီလာခံတွင် ဒီးဒုတ်ဦဘချိုပြောကြားခဲ့သည်မှာ “ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် မည်သည့်တိုင်းပြည် မည်သည့်နိုင်ငံပင်မဆို အဘယ်လူမျိုး ကကြီးသည်၊ ငယ်သည်၊ နိမ့်သည်ဟူ၍မရှိ ကွာခြားချက်တစ်ခုသာရှိုသည်။ ထိုအချက်မှာ ထိုလူမျိုးအဖို့ အခွင့်အရေး(ရမှု)နှင့် အလေ့အကျင့်(ရှိမှု)သာဖြစ်သည်” ဟုပြောကြားခဲ့သည် ။ ထို့နောက် ဒီးဒုတ်ဦးဘချိုက ဗမာပြည်မနှင့် စည်းလုံးညီညွတ်စွာနေထိုင်လိုသည့် ချင်းတို့၏ ရိုးသားမှုသည် ဤညီလာခံမှ ထင်ရှားစေပါတယ်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့အကြောင်း ပြောရမည်ဆို လျှင်လည်း ချင်းတောင်တွင် ပြည်သ့ူရဲဘော်တပ်သား ၅၀၀ ကျော်ရှိကြောင်း၊ ထို့အပြင် အမျိုးသမီးများသည်လည်း ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် တက်ကြွစွာပါဝင်ကြကြောင်း သတင်းစာတွင် ပြောကြားခဲ့သည်။

Most read this week

November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...