ဝက်သက်ရောဂါ ကြိုတင် ကာကွယ်ပါ

ဝက်သက်ရောဂါ ကြိုတင် ကာကွယ်ပါ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါနဲ့ စပ်လျဉ်းပြီး သိသင့် သိထိုက်တဲ့ အကြောင်းအရာများ၊ စတင်ကူးစက်ဖြစ်ပွားပုံနဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကို ဟင်္သာစာဖတ်ပရိသတ်တွေအတွက် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဝက်သက်ရောဂါဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေအားလုံး အမျိုးသား အမျိုးသမီး အသက်အရွယ်မရွေး ကူးစက်နိုင်ပါတယ်။ တစ်ဦးမှ တစ်ဦး ကို လျှင်လျှင်မြန်မြန် ကူးစက်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးပေ၊ လေးပေ အကွာအဝေး လောက်ကိုပင် ကူးစက်နိုင်မှုရှိပါတယ်။ နောက်ပြီးတော့ ရောဂါဖြစ်ပွားနေတဲ့ သူက နှာချေတာ၊ ချောင်းဆိုးတာကနေလည်း ကူးစက်နိုင်ပါသေးတယ်။

ဒါ့အပြင် တိုက်ရိုက်ကူးစက်နိုင်တာကတော့ ရောဂါဖြစ်ပွားနေသူရဲ့ နှာချေ၊ ချောင်းဆိုးခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အညစ်အကြေး( နှပ်၊ တံတွေး၊ သလိပ်)တွေကို တိုက်ရိုက် ထိတွေ့ခြင်း ကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်ပွားသူရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကိုင်မိရင်လည်း ကူးနိုင်ပါတယ်။

ကူးစက်နိုင်ခြေ အများဆုံးအချိန်ကတော့ ရောဂါပိုးဝင်ပြီးရင် ငါးရက်လောက် ဖျားမယ်။ ဖျားပြီးရင် အနီစက်၊ အနီပြင်တွေ ထွက်လာလိမ့်မယ်။ အနီစက်တွေ မထွက်ခင် လေးရက်ကနေ အနီစက်တွေထွက်ပြီး လေးရက် ကြားမှာ ဖြစ်ပါတယ်။

ဝက်သက်ရောဂါ ကူးစက်ခံရပြီးဆိုရင် ကနဦးလက္ခဏာတွေကတော့ ကလေးတွေဆိုရင်တော့ မှိန်းလည်း မှိန်းမယ်၊နှာရည်ယို၊ မျက်ရည်ကျပြီး မျက်လုံးတွေနီမယ်။ ဖျားမယ်။ ကလေးက အီနေမယ်။ ကူးစက်ခံရပြီး လေးရက် ငါးရက်ကြာလာရင်တော့ နဖူး၊ ဆံစ၊ နားနောက်တွေကနေစပြီး အနီစက်လေးတွေ ထွက်လာပါလိမ့်မယ်။

အနီစက်၊ အနီပြင်တွေ ထွက်ပေါ်လာပြီး မကြာခင် ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ပြန့်သွားပါလိမ့်မယ်။ အနီစက်လေးတွေက ယားနိုင်ပါတယ်။

တစ်ခါတလေ အဖျားက ၁ဝ၃-၁ဝ၄ထိ ရှိမယ်။ အဖျားကြီးတာတွေ ဖြစ်လာမယ်။ ပါးစပ်၊ အာခေါင်မှာ အဖြူစက်လေးတွေ ထွက်လာမယ်။ အနီစက်တွေ ထွက်တာက သုံးရက်လောက်ကြာပါလိမ့်မယ်။ အနီစက်တွေ စဖြစ်ပြီး ငါးရက် ခြောက်ရက်လောက်အတွင်းမှာ အနီစက်တွေက အရောင်ဖျော့ပြီး ပျောက်သွားတတ်ပါတယ်။

ဝက်သက်ရောဂါဖြစ်ပွားနေသူကို ရေများများတိုက်ပါ။ ဗီတာမင်အေ တိုက်ကျွေးရပါမယ်။ ရောဂါဖြစ်ပွားနေသူမှ တစ်ဆင့် တခြားသူတွေကို မကူးစက်စေဖို့အတွက် သီးခြားထားရပါ့မယ်။ ကောင်းမွန်စွာ အနားယူခိုင်းပါ။ အိပ်ရေးဝအောင် အိပ်ခိုင်းပါ။ ဖြစ်နိုင်ရင် ဆေးမြီးတိုများဖြင့် မကုသပါနှင့်။ ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသောရောဂါများ ပြင်းထန်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကာ ကုသမှုခံယူရပါမယ်။

ဝက်သက်ရောဂါ ဖြစ်ပွားခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေကတော့ အဆုတ်ရောင် Pneumonia ဖြစ်မယ်။ ပြီးရင် အဆုတ်ထဲ ရေဝင်၊ ပြည်ဝင်တာတွေဖြစ်နိုင်ပါတယ်။ ဝမ်းပျက် ဝမ်းလျောမယ်။ ဦးနှောက်ရောင်ပြီး တစ်ခါတလေ တက်နိုင်ပါတယ်။ နားပြည်ယိုတာတွေဖြစ်တတ်တဲ့အတွက် နားမကြားတာတွေအထိ ဆက်ပြီးဖြစ်နိုင်ပါတယ်။ နောက်ပြီး အဖျားကြီးပြီး တက်တဲ့အတွက် အသည်းပျက်တာ၊ သွေးဥမွှားတွေ ကျတာတွေက ဖြစ်ပွားမှုနည်းပေမယ့် ဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။ အဓိက သတိထားရမှာတော့ ရောဂါကူးစက်မှုဖြစ်လာပြီဆိုရင် ဆေးမြီးတိုနဲ့ မကုသဘဲနဲ့ ထိရောက်စွာ ကုသဖို့လိုအပ်ပါတယ်။ နီးစပ်ရာ ဆေးပေးခန်း၊ ဆေးခန်း၊ ဆေးရုံသို့ တစ်ခါတည်း ပို့ဆောင်ပြသသင့်တယ်လို့ အကြံပြုချင်ပါတယ်။

လူကြီးတွေက ခံနိုင်ရည်အားကောင်းတယ်။ စကားပြောဆိုနိုင်တဲ့အတွက် သူတို့တွေဖြစ်နေရင် သေချာသိနိုင်ပေမယ့် ငါးနှစ်အောက် ကလေးတွေကိုတော့ အများကြီး သတိထားဖို့ လိုအပ်ပါတယ်။ မိဘများ အနေဖြင့်လည်း ကိုယ့်သားသမီးကို သေချာ ဂရုစိုက် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် ငါးနှစ်အောက် ကလေးတွေ အာဟာရချို့တဲ့နေတဲ့ကလေးတွေ၊ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ ပိုပြီး ပြင်းထန်တဲ့ ဝက်သက်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးကို ခံစားရတတ်ပါတယ်။ ဝမ်းပျက်ဝမ်းလျော၊ အဆုတ်ရောင် အအေးမိတာတွေကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။ ကလေးတွေ အဖျားကြီးတယ်။ တစ်နေ့နဲ့ တစ်နေ့ ပိုဆိုးလာတယ်လို့ထင်ရင် ကြိုတင်ပြီးတော့ ဆေးရုံ ဆေးခန်းကို အချိန်မီ ပို့ဆောင်ဖို့ လိုအပ်ပါတယ်။

ဝက်သက်ရောဂါကူးစက်မှုကနေ ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုရင်၊ ဝက်သက်ရောဂါ ဖြစ်ပွားနေသူနဲ့ ထိတွေ့ခြင်းကို ရှောင်ပါ။ တကယ်လို့ ထိတွေ့ခဲ့ပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ထားပါ။ လက်ကိုလည်း ဆပ်ပြာနဲ့ သေချာစွာ စနစ်တကျ ပြန်လည် ဆေးသင့်ပါတယ်။

လူစုလူဝေး ထူထပ်သော နေရာတွေကို မကြာခဏသွားလာခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ အပြင်သွားပြီး ပြန်လာတိုင်း လက်ကို မကြာခဏဆေးပါ။ လူထူထပ်တဲ့ နေရာများကို သွားမယ်ဆိုရင်လည်း နှာခေါင်းနဲ့ ပါးစပ်ကို သေချာစွာ ဖုံးအုပ်ထားဖို့ မမေ့ပါနဲ့။

ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကလေးများသာမက ကလေးတွေကို အနီးကပ်ထိန်းကျောင်းနေသူတွေလည်း ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ ကလေးအသက် ကိုးလတွင် တစ်ကြိမ်၊ ကလေးအသက် တစ်နှစ်ခွဲတွင် တစ်ကြိမ် ကာကွယ်ဆေးထိုးပါ။

ကလေး အသက် လေးနှစ် နဲ့ ငါးနှစ်ကြားမှာလည်း ကာကွယ်ဆေးကို ပြန်ထိုးဖို့ မမေ့ပါနဲ့။ မိဘတွေအနေနဲ့လည်း ကလေးတွေရဲ့ ကာကွယ်ဆေးထိုးတဲ့ အသက်နဲ့ အကြိမ်ရေကို မှတ်ထားစေချင်ပါတယ်။ ကလေးအမေများနဲ့ ကလေးကို ပြုစုစောင့်ရှောက်နေသူတွေလည်း ကြိုတင် ထိုးထားသင့်ပါတယ်။

ကာကွယ်ဆေးထိုးလိုသည့် မိဘများ၊ မိမိကလေး၏ အသက်အလိုက် ကာကွယ်ဆေးထိုးလိုပါက သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရ ကျန်းမာရေးဆေးခန်း၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနများ နဲ့ မြို့နယ်ဆေးရုံ၊ ခုတင် ၁ဝဝ နှင့် အထက် ဆေးရုံကြီးများတွင် အပတ်စဉ် ဖွင့်လှစ်ထားသော ကာကွယ်ဆေးထိုးစုရပ်များ၌ သွားရောက်ထိုးနှံနိုင်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်း မြေပြင်သို့ ကွင်းဆင်းကာ လိုက်လံထိုးပေးမှုများလည်း ရှိတဲ့အတွက် ရပ်ကွက်အတွင်း ကာကွယ်ဆေးထိုးပေးနေခြင်းများကိုလည်း လျစ်လျူရှုမထားကြပါနဲ့လို့ အကြံပေးပါရစေ။