ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှုက နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်တစ်ခုလား

ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှုက နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်တစ်ခုလား

ညောင်နှစ်ပင်ညီလာခံက ၁၃ နှစ်နဲ့ ၆ လကြာသည်အထိ ရေးဆွဲခဲ့ရပြီး  ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း သိန်းချီ သေကြေပျက်စီးကြရတဲ့ အချိန်မှာ ပြည်သူထောက်ခံမှု ၉၂ ရာနှုန်းကျော်က ထောက်ခံလို့ အတည်ပြုပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးရေး လွတ်တော်ကအတည်ပြုလိုက်ပါတယ်။

နာဂစ်ဖွဲ့စည်းပုံလို့ လူအများခေါ်တွင်ကြတဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြင်ကိုပြင်ရမည့် ဥပဒေတစ်ခု ဖြစ်တယ်ဆိုတာကို အော်တိုမစ်တစ် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာနှုန်းရဲ့ခေါင်းဆောင်ကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြင်သင့်တယ်လို့ ထောက်ခံပြောကြားထားတာလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း “သူ့ချည်းပဲလားဟေ့ပေါ်ဦး” ဆိုတော့ “ဆားကလေးနဲ့ပါဘုရား” ဆိုသလို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်သင့်တာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ပါမယ်လို့ ဆိုထားပြန်တော့ ပြင်ဆင်ရေးဆွဲရဖို့ရာ နက္ခတ်ကြုံမည့် အချိန်ကို စောင့်ရပေဦးမယ့်သဘောပင်။

ပြင်မယ်လို့ တဖက်က ပြောဆိုထားပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ အဆိုပြု တဲ့အခါတော့ မတ်တပ်ရပ်ကန့်ကွက်နေကြတဲ့ အစိမ်းရောင် တစ်အုပ်စုကိုလည်း လွှတ်တော်ထဲမှာ မြင်တွေ့ရပြန် ပါတယ်။ သူတို့နဲ့အတူ အဖြူအစိမ်းဝတ်တချို့ကလည်း ကန့်ကွက်ကြတာ တွေ့လိုက်ရပါသေးတယ်။

သဘောတရားအရနိုင်ငံတစ်ခုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ"နိုင်ငံတော်ကိုသို့ဘယ်လိုပုံဖွဲ့စည်းမယ်၊ဘယ်လိုမူတွေနဲ့အုပ်ချူပ်မယ်၊လုပ်ပိုင်ခွင့်နှင့်အာဏာတို့ကိုလွှတ်တော်တွေ၊စိုးရအဖွဲ့အစည်းတွေကြားမှာဘယ်လိုမျိုးခွဲဝေတာဝန်ယူရမယ်၊ပြည်သူလူထုကအချူပ်အချာအာဏာကိုဘယ်လိုကိုင်တွယ်ထားပြီး၊ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အစိုးရအဆင့်ဆင့်ကိုဘယ်လိုထိန်းချူပ်ထားမယ်။အခါအားလျော်စွာမူဝါဒတွေ၊ဥပဒေတွေကိုလိုအပ်ပါကပြည်သူလူထုကဘယ်ပုံစံပြုပြင်ပြောင်းလဲနိုင်မယ်စတာတွေကိုစည်းမျည်း၊စည်းကမ်းနဲ့ဥပဒေတွေအဖြစ်တိတိကျကျရေးဆွဲထားတဲ့ပဋိညာဉ်စာချူပ်ဖြစ်ပါတယ်။တစ်နည်းအားဖြင့်ဆိုရရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အစိုးရတို့ကို ပြည်သူတို့က သူတို့ပိုင်ဆိုင်တဲ့ အချူပ်အခြာအာဏာကို ဘယ်လိုမျိုး ခွဲဝေတာဝန်ပေးပြီး ဘယ်လိုပုံစံနဲ့ တာဝန်ကရုပ်သိမ်းနိုင်သလဲ ဆိုတဲ့  သဘောတူစာချူပ်ဖြစ်ပါတယ်။

၅-၂-၂၀၁၉ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေးအဆိုကို မကွေးတိုင်းဒေသကြီး အမှတ် (၄) မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က တင်သွင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ဦးက ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။

ဆွေးနွေးခဲ့တဲ့ အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က လွှတ်တော်ကိုယ် စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီက မင်းကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က “အခြေခံဥပဒေကို ပြင်မယ်ဆိုရင် တော့ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့ကို မျက်ကွယ်ပြုလို့ မရပါဘူး။ အဆိုရှင်က မြို့တစ်မြို့တစ်မြို့မှာ လူ ၁၀၀ လောက် က စတေကာ ကမ်ပိန်းလုပ်တာနဲ့ပဲ အဲဒါကို လွှတ်တော်ကြီးက မသိကျိုးကျွံပြုလို့ မသင့်လျော်ဘူးလို့ပြောတာ အင်မတန်ရယ်စရာကောင်းပါတယ်။ အဲဒီလူတွေ ဘယ်သ့ူစနက်ကြောင့် စတေကာကမ်ပိန်းလုပ်ကြတယ်ဆိုတာကိုလည်း ပိုမိုပြီးတော့မှ ထင်ရှားလာစေပါတယ်” ဆိုပြီး ကန့်ကွက်ဆွေးနွေးသွားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ဆွေးနွေးချက်တွေထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက် ဆွေးနွေးတဲ့အခါ မိုက်မရတာ၊ ဒေါက်တာ မြတ်ဉာဏစိုး ထောက်ခံဆွေးနွေးတော့ မိုက်ရတာ၊ သူ့ကိုကျတော့ ဆွေးနွေးခွင့်တောင် မပေးတာ၊ လွှတ်တော်ချန်နယ်ကို တိုက်ရိုက်ထုတ်လွှင့်နေရင်းနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မတ်တပ်ရပ်ကန့်ကွက်တဲ့အချိန်မှာ ဟေမာနေဝင်းသီချင်းကို ထုတ်လွှင့်ပေးတဲ့အတွက် လွှတ်တော်ရဲ့ ပွင့်လင်းမြင်သာမှုအပိုင်းကို မေးခွန်းထုတ် ဆွေးနွေးသွားတာတွေလည်း ပါဝင်တာကို တွေ့လိုက်ရပါတယ်။

ဇန်နဝါရီလ ၂၉ရက်နေ့က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကန့်ကွက်ဆွေးနွေးနေတုန်းမှာ အချိန် ၅မိနစ်လောက်ပြတ်တောက်သွားပြီး တေးသီချင်း ထုတ်လွှင့်ရခြင်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ ပြန်ကြားရေးဘက်က Fiber Network လိုင်းကျသွားခြင်းကြောင့်ဖြစ်တယ်ဆိုပြီး မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနဲ့ MOI Webportal Myanmar တို့မှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ ၇ ၇က်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်မှာတော့ အဲဒီဖြစ်စဉ်အပေါ်မှာ Fiber Network လိုင်းကျခြင်းကြောင့် မဟုတ်ဘူးလို့ ထုတ်ပြန်တာကိုလည်း တွေ့ရပြန်ပါတယ်။

 “ ဒီအခြေခံဥပဒေကို မပြင်ဆင်လိုတဲ့သူတွေဟာ စေတနာနည်းတဲ့သူတွေ၊ အသိဉာဏ်နည်းတဲ့သူတွေ ဒီနှစ်ခုလုံးနဲ့ ပြည့်စုံနေရင် သတ္တိနည်းတဲ့သူတွေ ဖြစ်ရမယ်” ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို ကိုးကားပြီး မင်းတပ်မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးနေလင်းအောင်က ဆွေးနွေးသွားတာကိုလည်း တွေ့လိုက်ရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေးရာမှာတော့ “ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ နိုင်ငံနေ ပြည်သူလူထုရဲ့ လူ့အခွင်ရေး လူ့ဂုဏ်သိက္ခာ အပြည့်အဝပါရှိတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တို့ကို အာမခံချက်ပေးနိုင်တဲ့ အခြေခံဥပဒေ ဖြစ်ရပါမယ်။ အင်အားကြီးသူက လက်ဦးမှုယူထားတဲ့ အသာစီးယူထားတဲ့ အသာစီးရတဲ့ အခြေခံဥပဒေမျိုး မဖြစ်ရပါဘူး။ အခြေခံဥပဒေပြင်ဆင်ရာမှာ ငြိမ်းချမ်းရေး ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အမျိုးသားတန်းတူ ခွင့် နိုင်ငံရေးအာဏာအပြည့်အဝရရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်လာရေးဆိုတဲ့ နိုင်ငံသားများ တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဦးတင်ပြင်ဆင်ရမှာဖြစ်ပါတယ်” ဆိုပြီး ဆွေးနွေးသွားတာကိုလည်း တွေ့ရပါတယ်။

တစ်ခုရှိတာက ဒီဖွဲ့စည်းပုံကို ဒီနေ့ပြင်လိုက်ရင် မနက်ဖြန်မှာ တိုင်းပြည်ကြီးက ဥုံဖွဆိုပြီး မန်းမှုတ်လိုက်သလို ပြောင်းလဲသွားမှာ မဟုတ်တာတော့ သေချာပါတယ်။ ဟံသာဝတီဦးဝင်းတင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ကတော့ ဒီဖွဲ့စည်းပုံကို ပြန်ပြင်နေတာထက် အသစ်ပြန်ရေးဆွဲတာက ကောင်းမယ်လို့ အမြင်ရှိခဲ့ကြပါတယ်။

NLD ပါတီဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို စပြီးရေးဆွဲလို့ မကြာခင်မှာပဲ ကန့်ကွက်ခဲ့ပြီး ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံက နှုတ်ထွက်သွားခဲ့တာပါ။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ဒီဖွဲ့စည်းပုံကို မကြိုက်လို့ပဲ ရွေးကောက်ပွဲ မဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက်ကင်းကင်းနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲကို ဆွဲခေါ်နိုင်ခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားပေမဲ့ နိုင်ငံတကာ ထောက်ခံမှု ကျဆင်းနေချိန်မှာ အဲဒီအချိန်က အနောက်အုပ်စုနဲ့ နိုင်ငံတကာက ထောက်ခံအားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ အရောက်ခေါ်ပြီး နိုင်ငံရေးအကျပ်အတည်းကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အဲဒီ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကတည်းက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတာ ရှိပါတယ်။ တပ်မတော်ကိုလည်း ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်စေချင်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ စိန်ခေါ်မှုတောင် လုပ်ခဲ့ပါသေးတယ်။

နောက်ပိုင်းတွေမှာတော့ စစ်ဘက်နဲ့ ဆက်ဆံရေး အဆင်ပြေချောမွေ့ပြီး အတူတကွ ပူးပေါင်းပါဝင်နိုင်ရေးဆိုတဲ့ ဘက်မှာ ပိုပြီးအားထုတ်လာမျိုးကို တွေ့လာရပါတယ်။ တစ်ချိန်က ဗီလိန်ဖြစ်ခဲ့တဲ့ တပ်မတော်ဟာလည်း ပြည်သူနဲ့ အနည်းငယ် နီးစပ်လာတယ်လို့ ဆိုရပါလိမ့်မယ်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အထမြောက် အောင်မြင်ဖို့ဆိုရင် တပ်မတော်ရဲ့ လက်ရှိပါဝင်ပတ်သက်မှု အခင်းအကျင်းကိုလည်း ထည့်တွက်ရမယ်ဆိုတာကလည်း အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရသည်ဆိုဦးတော့ တပ်မတော်က ကိုင်စွဲထားတဲ့ မူ ၆ ချက်ကို မပြင်နိုင်သေးသရွေ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ရှေ့ရောက်နိုင်ဖို့ မလွယ်ပါဘူး။

NLD ပါတီဟာ ၂၀၁၂မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာမှာ မဲဆန္ဒနယ်အားလုံးနီးပါး (မဲဆန္ဒနယ် တစ်ခုကလွဲလို့) မှာ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအရှိန်နဲ့ပဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဖွဲ့ည်းပုံပြင်ဆင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရာဥပဒေစိုးမိုးရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီး နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတယ်ဆိုတဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့တောင်းဆိုတဲ့ အသံတွေ ညံလာခဲ့ပြန်တယ်။ ဒါကလည်း စစ်ဘက်နဲ့ အပေးအယူ မမျှလိုက်လို့ ဖြစ်မလာခဲ့ပါဘူး။

ပြဿနာက ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တစ်ခုခုကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာနှုန်းကျော်က ထောက်ခံမှ ပြင်လို့ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆ပါ ကန့်သတ်ချက်တွေဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ နိုင်ငံတဝှမ်း လှုပ်ရှားခဲ့ကြတာတွေရှိပါတယ်။ တကယ်လို့ တပ်မတော်ဘက်က မကန့်ကွက်ဘဲ ကြားနေရင်တောင် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အကျပ်အတည်းကို အဓိက ခံစားကြရတာက တိုင်းရင်းသားပြည်နယ်တွေက ပိုပြီးအခက်တွေ့နေကြရပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကိုဖြစ်ဖြစ် မေးကြည့်ရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုက်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ယုတ်စွအဆုံး ပြင်လိုတာထက် အသစ်ရေးဆွဲဖို့ကိုပဲ ပြောလာကြပါလိမ့်မယ်။ အဲဒီအကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတဆင့် တိုင်းရင်းသားတွေရဲ့အား နဲ့ ပြင်ဆင်လိုပုံရပါတယ်။ ခက်နေတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ထင်သလောက် ခရီးမပေါက်တဲ့အခါ လက်ရှိအစိုးရကို အကျပ်ရိုက်စေတာလည်း အမှန်ပါပဲ။

လက်ရှိမှာ  NCA စာချုပ်ကို အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)အစည်းအဝေးများ ကျင်းပပြီး ပြည်ထောင်စုသဘောတူစာချုပ်များ ချုပ်ဆိုနေရာ အဆိုပါပြည်ထောင်စုသဘောတူစာချုပ်ဟာ

အခြေခံဥပဒေပြင်ဆင်ရေးအတွက်သာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်  ဦးဦးလှစောက ဆိုပါတယ်။

အဲဒီ ပြည်ထောင်စုသဘောတူစာချုပ်တို့ကို အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက

အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိနေပြီး ယင်းကို ပျက်ကွက်နေကြောင်း၊ ယင်းသို့ပျက်ကွက်ခြင်းကြောင့် ယခုကိစ္စပေါ်ပေါက်လာရတာဖြစ်တယ်လို့ လည်း သူကဆွေးနွေးသွားကို တွေ့လိုက်ရပါတယ်။

လက်ရှိမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ထွက်ပေါ်လာတဲ့ ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် ရရှိထားပါတယ် ။အဲဒီ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ မကြိုးစားဘဲ ယခုလိုပြင်ဆင်ရန် လုပ်ဆောင်ခြင်းဟာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်နေတာကိုလည်း တန်ဖိုးမထားရာရောက်နေသလိုဖြစ်နေကြောင်းကိုလည်း ဦးဦးလှစောကမေးခွန်းထုတ်ခဲ့ပါတယ်။ အဆိုနှင့်ပတ်သက်ပြီး “NCA ဘောင်ကို ကျော်မနေဘူးလား” “NRPC ကို တန်ဖိုးမထားရာ မကျဘူးလား” ဆိုပြီး  ထည့်သွင်း ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

လွယ်လွယ်နဲ့ပြင်လို့မရမှန်းသိပေမဲ့ ဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှုမျိုးကို တွေ့လာရတာဟာ အစိုရ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကနေ ထွက်ပေါက်တစ်ခု ရှာတာလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ရခိုင်ပြည် မြောက်ပိုင်းက ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် တနေ့တခြားတိုးလာနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ၊ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ လှုပ်ရှားလာတဲ့ တရုတ်ရဲ့ ကြိုးပမ်းအားထုတ်လာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ဆောက်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကနေ ခဏတဖြုတ် ရှောင်ဖယ်နေသလိုမျိုး ဖြစ်နေတယ်လို့ သုံးသပ်ရမလို ဖြစ်နေပါတယ်။

မကြာသေးခင်က တကျော့ပြန် လှုပ်ရှားလာတဲ့ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တု ထားရှိရေးကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ကရင်နီကျောင်းသားလူငယ်တွေရဲ့ သပိတ်စခန်း ဖြိုခွဲမှုတွေကို လစ်လျူရှုထားလို့ မရပါဘူး။ အစိုးရ အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ်တွေဟာဆိုရင် ဘာမှ အကြမ်းဖက်လုပ်ဆောင်တာမျိုးမဟုတ်ဘဲ ထိုင်သပိတ်ဆင်နွှဲနေကြတာပဲဖြစ်တယ်။ အဲဒါကို နှစ်ဦးနှစ်ဘက် ပြေလည်ရာ ပြေလည်ကြောင်း မဖြေရှင်းဘဲ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာက အရုပ်ဆိုးလွန်းပါတယ်။ အစိုးရရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေပါတယ်။

တစ်ဖက်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ ၂၀၂၀ အတွက် ကြိုတင်မဲဆွယ်တာမျိုး ဖြစ်နေပါတယ်။ ပြုပြင်စရာ လုပ်ဆောင်စရာတွေ အများကြီးထဲကမှ ပြင်လို့မလွယ်တဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ လှုပ်ရှားမှုဟာ အဖက်ဖက်က ယိုယွင်းလာတဲ့ အစိုးရရဲ့ စီမံအုပ်ချုပ်မှုတွေကို ဖုံးကွယ်ပေးထားသယောင် ဖြစ်နေပါတယ်။ NLD ပါတီဟာ ဗမာအများစုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားတဲ့ အတွက် တကယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ဦးဆောင်လာရင် ပြည်မနေ ပြည်သူအများစုက အဲဒီထဲမှာ လိုက်ပါမျောနေကြမှာ သေချာပါတယ်။

တစ်ဘက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီလက်ခံရေး၊ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားဒေသတွေမှာ ဖော်ဆောင်နေကြတဲ့ စီမံကိန်းကြီးတွေ ကန့်ကွက်ဆန္ဒပြခံနေရမှုတွေ၊ နိုင်ငံပတ်လည် ကြုံတွေ့နေကြရတဲ့ တိုက်ပွဲများနဲ့ တနေ့တခြား တိုးလာနေတဲ့ စစ်ဘေးရှောင်ဦးရေ စတဲ့အရေးကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားရမယ့်အချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ ဦးစားပေး လုပ်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်မှုကတော့ ဆက်ပြီးကျဆင်းနေပါလိမ့်မယ်။

စာမျက်နှာ ၁၉၄မျက်နှာပါရှိတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာဆိုရင် စာမျက်နှာ ၁၄၈ ပါ အခန်း (၇) တစ်မျက်နှာတည်းပဲ ပါရှိတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီတစ်မျက်နှာတည်းနဲ့ တစ်အုပ်လုံးကို ထိန်းချုပ်ထားတာ ဆိုရင်လည်း မမှားပါဘူး။ တိုင်းရင်းသားပြည်သူတရပ်လုံးက ထောက်ခံနေပါရဲ့နဲ့ ပြင်လို့မရအောင် ရေးဆွဲထားတဲ့ဥပဒေဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံမှာပဲ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်က တနိုင်ငံလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၂၈၈၂၇ ဦးထဲက ၉၈.၁၂ ရာနှုန်းက မဲပေးခဲ့ကြပြီး ၉၂.၄၈ ရာနှုန်းက ထောက် ခံလို့ အတည်ပြုလိုက်ပါတယ်ဆိုတဲ့ ဒီဥပဒေဟာ အကျိုးအကြောင်း မညီညွတ်ပါဘူး။ အဲဒီအချိန်ကအမှန်တကယ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဟာ အဲဒီလောက် ရှိခဲ့တယ်ဆိုရင် ဒီနေ့မှာ ဒီပြဿနာဟာ ပေါ်လာစရာအကြောင်း မရှိနိုင်ပါဘူး။ စာရွက်ပေါ်မှာသာ ရှိတဲ့ ကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်ခဲ့ကြလို့ ဒီဥပဒေမှာ ရိုးသားမှုကို ရှာမတွေ့ခြင်းသာဖြစ်ပါတယ်။

ဒီဥပဒေပြင်ဆင်းရေးကို ထောက်ခံပါတယ်။ ပြင်ကို ပြင်ရမယ့်ဥပဒေလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အဖက်ဖက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်မှာ ဒီထက်မက ခရီးရောက်စေနိုင်တဲ့ လုပ်စရာတွေကလည်း ရှိနေပါတယ်။ ဒီလိုအချိန် ဒီလို အခြေအနေမျိုးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှု တကျော့ပြန်လာတာက NLD အစိုးရဟာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်ရှာတဲ့သဘောလို့သာ မြင်မိပါတော့တယ်။

ရမ္မာကျော်စော

၁၁-၂-၂၀၁၉

ဤဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် DEVELOPMENT NEWS JOURNAL အမှတ် ၁၀၃ တွင် ဖော်ပြပါရှိပြီး ဖြစ်သည်။

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...