ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တွေ့ဆုံခြင်း

ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တွေ့ဆုံခြင်း

“သက်ဆိုင်ရာ အကြီးအကဲတွေက အေးအေးလေး နေနေရင် ဌာနတွေကလည်း အေအေးလေးပဲဖြစ်နေမယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ တစ်ခါတလေကျတော့ ကျွန်မတို့က ဘယ်လိုပင် တွန်းတိုက်သော်လည်း အစိုးရက ဘတ်ဂျက်မရှိတဲ့ လုပ်ငန်းတွေ လုပ်လို့ မရတဲ့ အခက်အခဲတွေ ရှိတာပေါ့”

မေး။ ။ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ စတင်ဖွဲ့စည်းခဲ့ပုံနဲ့ လက်ရှိအချိန်ထိ လုပ်ဆောင်ချက် ဘာတွေရှိပါလဲ။

ဖြေ။ ။ကျွန်မတို့ကတော့ လွှတ်တော်ထဲမှာ အစိုးရကပေးထားတဲ့ ကတိတွေကို မလုပ်ကိုင်တဲ့အခါမှာ အစိုးရရဲ့ ကတိကဝတ်နှင့် ဝန်ခံချက်များ အဲဒီမေးခွန်းတွေကို အကောင်အထည်ဖော်ပေးဖို့ ဆိုပြီး စဖွဲ့ခဲ့ပါတယ်။အဲ့ဒီလိုလုပ်ပြီး ပထမတော့ ကျွန်မတို့ ကိုယ်စားလှယ်တွေ အားလုံးပါဝင်တယ်။ နောက်ပိုင်းကျတော့ မတက်တဲ့လူတွေနဲ့ တစ်နှစ်ပြည့်တော့ ကျွန်မတို့ ကိုယ်စားလှယ်တွေ နည်းနည်းလျော့သွားတယ်။ကော်မတီရဲ့ ဆိုလိုချက်က ဥပမာ ရေး- ကိုယ်စားလှယ်က မေးခွန်း ဘယ်နှစ်ခု အဆို ဘယ်နှစ်ခု၊ သူရဲ့ ကတိတွေကို အစိုးရက ဘာတွေ လုပ်ပြီးပြီလဲ၊ ကတိဝင်ထားတဲ့ အဆိုတွေ ၊အဆိုအောင်ထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရက လုပ်ပေးခြင်း ရှိ မရှိ ဆွေးနွေးပါတယ်။ မလုပ်ရသေးဘူးဆိုရင် ကော်မတီဝင်တွေ အားလုံးပေါင်းပြီး ဒါဟာ ဘယ်သူ့နဲ့သက်ဆိုင်လဲ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရင် သဘာဝပတ်ဝန်းကျင်ဝန်ကြီးနဲ့ ဌာနကို ဖိတ်ပြီးတော့ ဒါကိုဘာကြောင့် မလုပ်လဲ၊အဲဒါကို ဆွေးနွေးပါတယ်။ ဥပမာ မြေစာရင်းနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ဝန်ကြီးကို ခေါ်ပြီးဆွေးနွေးပါတယ်။ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေ မပြီးမြောက်ဘူးဆိုရင် ဆွေးနွေးပြီး တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ နယ်လုံဝန်ကြီး ဖြေထားတဲ့ မေးခွန်းတွေနဲ့ မလုပ်ရသေးတဲ့အရာတွေကို လက်ရှိနယ်လုံဝန်ကြီးနဲ့ ဆွေးနွေးတဲ့အခါမှာ လုပ်ပေးလို့ အောင်မြင်တဲ့ အနေအထားတွေတွေ့ရပါတယ်။

မေး။ ။ ကတိများနဲ့ တာဝန်ခံချက်တွေ အောင်မြင် ပြီးမြောက်မှုရော ဘယ်လောက်ရှိလဲ။

ဖြေ။ ။ အကြမ်းဖျင်းပြောရရင်တော့ ကျွန်မတို့မေးတဲ့ မေးခွန်းတွေဆို တော်တော်များများ ပြီးမြောက်တယ်။ ဒေါ်မြသင်္ဂီမော် မေးတဲ့မေးခွန်းတွေဆို တော်တော်များများ မပြီးမြောက်တာ တွေ့ရပါတယ်။ တခြားမြို့နယ်တွေမှာလည်း အဲဒီလို မပြီးမြောက်တာတွေရှိပါတယ်။ အဲဒါကဘာတွေလဲဆိုတော့ လုပ်ဆောင်တဲ့ ဌာနတွေနဲ့ လက်မတွဲတာပေါ့။ အဲလိုပဲပြောရမှာပေါ့။ ဥပမာ ဒေါ်မြသိင်္ဂီမော်ဆို အဆိုတွေမေးခွန်းတွေ အများကြီး သူမေးတာပေါ့နော်။ သူမေးသမျှဟာ သုံးပုံ တစ်ပုံလောက်တောင် မပြီးချင်ဘူး၊ အဲဒီလိုဖြစ်နေတယ်။ အဲဒါကဘာလဲဆိုတော့ သူမကိုလက်မတွဲတာပေါ့။ ကျွန်မတို့က မေးခွန်းတွေနဲ့ ပတ်သက်ပြီး မရရအောင် တိုက်တွန်းတယ်၊အဲဒီအတွက်ကြောင့် မေးသမျှအဆိုက အောင်မြင်တယ်။ ဥပမာ ကျွန်မမေးလိုက်တဲ့ စံပယ်ဂူတံတားကြီး၊ အာဇာနည်ကျောက်တိုင်ပေါ့၊ အဲဒါကိုလုပ်နေတယ်။ မြေလျော်ပေးမယ်ဆိုတဲ့ နေရာမှာ နည်းနည်းလေး ဆိုင်းငံ့နေတာတော့ ရှိတယ်။ ဒေါ်ကြည်ကြည်မြ မေးခွန်းတွေ အဆိုတွေဆိုလည်းပြီးတယ်။ ဒေါ်သိဂီႍမော်ရဲ့ မေးခွန်းတွေနဲ့ အဆိုတွေကျတော့ သိပ်မပြီးတာတွေ့ရတယ်။

မေး။ ။အကောင်အထည် မဖော်နိုင်သေးတဲ့ မေးခွန်းတွေကိုရော ဘယ်လိုမျိုးတိုက်တွန်းမှုတွေ လုပ်ဆောင်နေလဲ။

ဖြေ။ ။ အကောင်အထည်မဖော်နိုင်သေးတဲ့ မေးခွန်းတွေကိုတော့ ကျွန်မတို့ သက်ဆိုင်ရာဝန်ကြီးတွေ ခေါ်ပြီးတော့ တိုက်တွန်းပါတယ်။ ခုနောက်ပိုင်းမှာ ဝန်ကြီးတွေ တော်တော်များများပါလာပါတယ်။ အရင်ကဆို ဝန်ကြီးတွေ နည်းနည်းခေါ်ရခက်တာပေါ့နော်။ ခုနောက်ပိုင်းမှာ သူတို့ကိုယ်တိုင် လိုလိုလားလား လာပြီးတော့ ဆွေးနွေးပေးတဲ့ အဆင့်တွေ၊ မပြီးသေးဘူးဆိုရင်တော့ ပြီးအောင်လိုက်လုပ်ပေးတဲ့အဆင့်တွေ အဲလိုလေးတွေတော့ လုပ်ပါတယ်။

မေး။ ။ကော်မတီရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွေအပေါ် ဘယ်လိုမျိုး ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေရှိလဲ။

ဖြေ။ ။ အကျိုး သက်ရောက်မှုရှိတယ်။ မေးခွန်းမေးတယ် ဆိုတာကတော့ ကိုယ်စားလှယ်တွေက မြေပြင်မှာ လူထုအတွက် တကယ်လိုအပ်တဲ့ မေးခွန်းတွေကို မေးတယ်။အဲဒီမေးခွန်းတွေကို လွှတ်တော် ဥက္ကဋ္ဌကြီးက လုပ်ကို လုပ်သင့်ပါတယ်ဆိုပြီးတော့ ပြောထားတယ်လေ။ အဲဒီအပေါ်မှာ မအောင်သေးတဲ့ မေးခွန်းတွေကျတော့ လူထုအတွက် နစ်နာတယ်။ လုပ်ပေးလိုက်တဲ့အခါကျတော့ ဘာတွေအကျိုးရှိလဲဆိုရင် သူများနယ်မြေတော့ မပြောလိုပါဘူး၊ကျွန်မတို့ နယ်မြေမှာဆိုရင် သုဿာန်မြေတွေ၊ ပြည်သူတွေရဲ့ မြေတွေ လျော်ကြေးမပေးဘဲ ကျူးထားတယ်ဆိုတာကို ကျွန်မတို့ ခုမြေတွေတိုင်းပေးတယ်။ ခုဆိုမြေတိုင်းတဲ့ အဆင့် ရောက်နေပြီး၊ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုလျော်ပေးမှာလဲ။ လူထုက စိတ်ဒဏ်ရာ ရခဲ့တယ်လေ။ သူတို့မြေတွေကို မတရားကျူးထားမှန်းကို အစိုးရက လိုအပ်တဲ့ လိုက်လျောမှုတွေနဲ့ ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် လူထုအတွက် အင်မတန် အကျိုးရှိတာပေါ့။ လူထုက ဒီအစိုးရကို ကျေနပ်တာပေါ့။ ခုဆိုမေးခွန်းမေးထားတဲ့ စံပယ်ဂူတံတားကြီး ပန္နက်ရိုက်နိုင်တယ်ဆိုတော့ ပြည်သူအတွက် အများကြီး အကျိုးရှိတာပေါ့။ ကတိဝင်ထားတဲ့ မေးခွန်းတွေ အဆိုတွေ အောင်မြင်သွားတယ်ဆိုတာ အားလုံးအတွက် အကျိုးရှိပါတယ်။

မေး။ ။ကတိကဝတ်နဲ့ ဝန်ခံချက်တွေအပေါ် ဆောင်ရွက်မှု အပိုင်းမှာ အစိုးရတွေအပေါ် ကျေနပ်အားရမှု ရှိရဲ့လား။

ဖြေ။ ။ကျေနပ်တယ်လို့ပဲ ပြောရမှာပေါ့။ ကိုယ့်အစိုးရပဲ။ သူတို့မပါတာကို ပါအောင် လွှတ်တော်ဘက်က လက်တွဲတယ်။ ပါအောင်ညှိတယ်။ အစိုးရဆိုတာက အစိုးရရဲ့ လက်အောက်မှာ ဝန်ကြီးတွေ ဝန်ထမ်းတွေ အများကြီး ရှိတယ်လေ။ ကျွန်မတို့ ကိုယ်စားလှယ်တွေမှာ ကျွန်မတို့ လွှတ်တော် ဥက္ကဋ္ဌ အမြဲတမ်း ပြောသလို ကျွန်မတို့မှာ ဘာမှမရှိဘူး။ ဘောပင်နဲ့ စာရွက်တွေပဲရှိတယ်။ ကျွန်မတို့ လုပ်နေတာက ဘယ်သူ့ အကျိုးလဲ ဆိုရင်တော့ ကျွန်မတို့က လူထုရဲ့ ကိုယ်စားတောင်းပေးလို့ပဲ ရတာလေ။ အကောင်အထည်ဖော်တဲ့ အပိုင်းမှာ အစိုးရက အကောင်အထည်ဖော်ရတာလေ။ အခုနောက်ပိုင်း သူတို့လိုက်လုပ်လာတဲ့အခါမှာ လူထုတော်တော်များများ ကျေနပ်အားရမှုရှိလာတယ်။ ဆိုလိုတာက လွှတ်တော်ရော အစိုးရရော ပူးပေါင်းဆောင်ရွက်မှ လူထုရဲ့ ဆန္ဒပြည့်ဝမယ်လေ။ လူထုရဲ့လိုအပ်ချက်ကို ကျွန်မတို့က လွှတ်တော်ထဲမှာ မေးခွန်းမေးပေးတယ်။ အဲဒီမေးခွန်းတွေကို အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့တာလေ။ သူတို့တွေ လိုက်ပါလာလို့သာ အောင်မြင်တဲ့ အနေအထားရှိတယ်လို့ မြင်မိတယ်။

မေး။ ။လွှတ်တော်ထဲမှာ ကော်မတီ ရှစ်ခုရှိပြီး ကော်မတီအစည်းအဝေး ကျင်းပမှုတွေ၊ ကွင်းဆင်းမှုတွေမှာ အနည်းဆုံးဖြစ်နေရတာရော ဘာကြောင့်လဲ။

ဖြေ။ ။ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က စာရွက်ပေါ်မှာပဲ ဆွေးနွေးရတာများတယ်လေ။ ကျွန်မတို့ ကတိကဝတ်အနေနဲ့လည်း ကွင်းဆင်းစစ်ဆေးမှု အားနည်းတယ်ဆိုတာလည်း မှန်ပါတယ်။ အဲဒါကလည်း တကယ်လိုအပ်တယ်ဆိုတဲ့ ကိစ္စကျမှ အစိုးရနဲ့ နည်းနည်းလေး အငြင်းအခုံဖြစ်ပြီးဆိုရင် မသင်္ကာဘူးဆိုရင် နှစ်ဖက်စလုံးသွားကြည့်တဲ့ အဲလိုအနေအထားတွေရှိပါတယ်။ ကွင်းဆင်းတဲ့ အပိုင်းကတော့ တကယ်ကိုလည်း နည်းပါတယ်။ မသွားသင့်တဲ့ နေရာကိုတော့ ကျွန်မတို့ မသွားဘူးလေ။ တကယ်လိုအပ်လာပြီး တောင်းဆိုတဲ့ မေးခွန်းရဲ့တကယ့်အချက်အလက်တွေကို ကော်မတီက တကယ့် ပုံရိပ်ဖော်ပြီးရင် အစိုးရအဖွဲ့ကို တောင်းရတာမျိုး ၊အဲဒါကြောင့်မို့ ကွင်းဆင်းမှုက အားနည်းပါတယ်။

မေး။ ။အစိုးရပိုင်းက လုပ်ဆောင်ပေးမယ်ဆိုပြီး၊ ပြည်သူတွေကြား တကယ်ဖြစ်မလာဘူးလို့ ဝေဖန်မှုတွေ ရှိတဲ့အပေါ်မှာရော အမြင်လေး ပြောပြပေးပါဦး။

ဖြေ။ ။ပြောသမျှကို ထိထိရောက်ရောက်မဖြစ်တာ မအောင်မြင်တာကို ဘယ်လိုပြောရမလဲဆိုတော့ ကျွန်မမြင်တာက ဝန်ကြီးတွေရဲ့ အားနည်းတဲ့ အပိုင်းရော တကယ့်အချုပ်က ဝန်ကြီးတွေပဲလေ။ ဥပမာ ဆည်မြောင်းပဲဖြစ်စေ၊ ကျေးလက်ကိစ္စပဲဖြစ်စေ သက်ဆိုင်ရာ ဝန်ကြီးကို ပြောတဲ့အခါမှာ သက်ဆိုင်ရာ ဌာနက မလုပ်ဘူးဆိုရင် သူ့ဝန်ကြီးရဲ့ လုပ်ဆောင်ချက် အားနည်းလို့ပဲပေါ့။ ဥပမာ သဘာဝပတ်ဝန်းကျင်လည်း အတူတူပါပဲ။ ဌာနတွေဘက်ကမလုပ်ဘူးဆိုရင် ဝန်ကြီးတွေရဲ့ အားပေးမှုနည်းတာ။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတွေက သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေက ထပ်ခါထပ်ခါ အပူတိုက်နေမှ သူတို့က လုပ်ကြတာလေ။ သက်ဆိုင်ရာ အကြီးအကဲတွေက အေးအေးလေးနေ နေရင် ဌာနတွေကလည်း အေအေးလေးပဲဖြစ်နေမယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ တစ်ခါတလေကျတော့ ကျွန်မတို့က ဘယ်လိုပင်တွန်းတိုက်သော်လည်း အစိုးရက ဘတ်ဂျက်မရှိတဲ့ လုပ်ငန်းတွေ လုပ်လို့ မရတဲ့ အခက်အခဲတွေ ရှိတာပေါ့။

မေး။ ။ ကော်မတီ အနေနဲ့ ဖြည့်စွက် ပြောကြားချင်တာလေးတွေရှိခဲ့ရင် ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မတို့ လူထုက နှစ်စဉ်နှစ်စဉ် ဒီလိုအချိန်ပေါ့၊ ဝန်ကြီးချုပ်က ပိုလျှံဘတ်ဂျက်တွေနဲ့ ဘိလပ်မြေတို့ ပေးတဲ့ ကဏ္ဍတွေရှိတယ်။ ခုဆိုပြည်ထောင်စု အစိုးရက ဘတ်ဂျက်မူ ပြောင်းလိုက်တဲ့အခါကျတော့ ကျွန်မတို့ဆီက လူထုတွေကို ဘိလပ်မြေပေးဖို့တွေ ကတ္တရာပေးဖို့တွေကို ဝန်ကြီးချုပ်က မလုပ်ပေးနိုင်ဘူး။ အဲဒီလိုအခက်အခဲတွေတော့ ရှိပါတယ်။ ဒါကတော့ အစိုးရအနေနဲ့ သူမှာ ငွေမရှိရင် ဘာမှ မလုပ်ပေးနိုင်ဘူးပေါ့နော်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...