“ပြည်သူတွေကို လွယ်လွယ်နဲ့ ကတိပေးတာမျိုး၊ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချပြီး ဆွယ်တာမျိုး လာမယ့် ၂ဝ၂ဝ မှာ မလွယ်ဘူးလို့ မြင်တယ်”
ပြည်သူ့ပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး မဟာမိတ်မူဝါဒ ကျင့်သုံးကာ လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်များနှင့်ပတ်သက်၍ ဟင်္သာ မီဒီ ပြည်သ့ူပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြန်လည်ဖြေကြားချက်များကို ဖော်ပြလိုက်ပါသည်။
ဟင်္သာမီဒီယာ။ ။ လက်ရှိ ပါတီရဲ့ မူဝါဒက ဘယ်လိုပုံစံနဲ့ သွားနေလဲ။
ဦးမင်းဇေယျာ။ ။ ပါတီရဲ့ မူဝါဒကတော့ ပြည်သူကို အခြေခံတဲ့ ပြည်သူ့မူဝါဒပေါ့။ ပြည်သူ့မူဝါဒဆိုတာက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခက်အခဲတွေ အကျပ်အတည်းတွေ၊ နိုင်ငံေရေးရည်မှန်းချက်တွေ၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ လမ်းစဉ်တွေ၊ လူကိုအခြေမခံဘဲ မူကိုအခြေခံမယ်ဆိုတာပေါ့။
နောက်ပြီး ပြည်သူ့ဘဝ စဉ်ဆက်မပြတ် တိုးတက်စေမယ်ဆိုတဲ့ စီးပွားရေးမူဝါဒတွေ၊ လူငယ်တွေ ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခေတ်မီလာစေဖို့အတွက် စွမ်းစွမ်းတမံလုပ်ဆောင်သွားဖို့ရှိပါတယ်။ စီစဉ်ထားတာ၊ စဉ်းစားထားတာတွေရှိတယ်။
ဟင်္သာမီဒီယာ။ ။ မဟာမိတ်မူဝါဒ ကျင့်သုံးမယ်လို့ သိရတယ်။ ဘယ်လိုလုပ်ဆောင်သွားမှာလဲ။
ဦးမင်းဇေယျ။ ။ ပါတီရဲ့ တကယ့် အနှစ်သာရက မဟာမိတ် မူဝါဒအပေါ်အခြေခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းပါတီတွေကတော့ ယုံကြည်ရာ ၊ယုံကြည်ရာကို ဖွဲ့ကြတာဖြစ်တဲ့အတွက် အဖွဲ့တွေကတော့ များနေမှာပဲ။ ပါတီများတာကို ဦးတို့ အနေနဲ့ကတော့ ကွဲတယ်လို့ မမြင်ဘူး။ တွဲလို့ရတယ်လို့ မြင်တယ်။
အဲဒီတော့ တူတဲ့အရာတွေကို စုလုပ်မယ်။ မတူတဲ့ဟာတွေကို ခွဲလုပ်မယ်။ အဲလိုမျိုး တူတာတွေကို စုလုပ်ဖို့ မတူတာတွေကို ခွဲလုပ်ဖို့ဆိုတဲ့ နေရာမှာ မဟာမိတ်ပုံစံမျိုးနဲ့ သွားမယ်ဆို ပိုပြီးတော့ ထိရောက်မယ်။ ပိုပြီးတော့ မြန်မယ်လို့ ခံယူတယ်။
မဟာမိတ်ပုံစံမှာက နှစ်မျိုးရှိတယ်။ နိုင်ငံရေးပါတီများနဲ့ မဟာမိတ်ပုံစံသွားမှာနဲ့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ မဟာမိတ်ပုံစံသွားမှာပေါ့။ လောလောဆယ်တော့ နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆိုတာက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ရည်ရွယ်တယ်။
တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့၊ နိုင်ငံရေးအရ ရွေးကောက်ပွဲဝင်တဲ့နေရာမှာလည်း မဟာမိတ်မူဝါဒအရ ဆွေးနွေးတိုင်ပင်ပြီးတော့ ခွဲဝေပြီး ယှဉ်ပြိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ အဲလိုပုံစံမျိုးနဲ့ ဦးတို့က သွားမှာပါ။ ဆိုလိုတာက တိုင်းရင်းသား နိုင်ငံရေးပါတီတွေလိုပဲ ဦးတို့ပါတီကို တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ခံယူတယ်။
ဒါပေမဲ့ လူမျိုးတစ်မျိုးကို အခြေခံမခံဘဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူအားလုံးကို စုပေါင်းထားတဲ့ ပြည်သူ့ပါတီတစ်ရပ်အနေနဲ့ ဦးတို့က သွားမှာပါ။ လူမျိုးတစ်မျိုး၊ ဒေသတစ်ခုကို အခြေခံတဲ့ နိုင်ငံရေးပါတီရဲ့ လုပ်ထုံးတွေ၊ ရည်ရွယ်ချက်တစ်ခုချင်းကို လက်တွဲဆောင်ရွက်ဖို့အတွက် မဟာမိတ်သဘောနဲ့ လုပ်ကိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမူဝါဒကို လုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။
ဟင်္သာမီဒီယာ။ ။ မဟာမိတ်မူဝါဒကို အကောင်ထည်ဖော်တဲ့အခါ တိုင်းရင်းသားပါတီတွေနဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်သွားဖို့ရှိလဲ။
ဦးမင်းဇေယျ။ ။ နိုင်ငံရေးမှာတော့ ဦးတို့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရတော့ နိုင်ငံရေးယုံကြည်မှုဆိုတာက အဓိကလိုအပ်တယ်။ ယုံကြည်မှုရဖို့ဆိုတာက ထိတွေ့မှုကနေ စရတာလေ။ အရင်တုန်းက နှစ်ပေါင်း၆ဝလောက် အာဏာရှင်စနစ်အောက်မှာ ဖိနှိမ်ခံခဲ့ရတော့ နိုင်ငံရေးစကားတောင် ကျယ်ကျယ်မပြောရဲတဲ့ဘဝကနေ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတယ်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နေနေသာသာ နိုင်ငံရေးစကားပြောလို့မရတဲ့ ခေတ်မှာ ဖြတ်သန်းခဲ့တော့ ထိတေ့ွမှုတွေက အရမ်းကင်းကွာခဲ့တယ်။ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား နိုင်ငံရေးအရ ဆွေးနွေးတာ၊ ပြောဆိုတာ၊ တိုင်ပင်တာ အမြင်ချင်းဖလှယ်တာတွေက ထိတွေ့မှု မရှိသလောက်ဖြစ်သွားတာပေါ့။
ထိတွေ့မှု မရှိသလောက်ဖြစ်သွားတဲ့အချိန်မှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသွားဖို့ ပြင်ဆင်နေတဲ့အချိန် ဖွဲ့စည်းပုံအရကလည်း ပြည့်ဝတဲ့ ဒီမိုကရေကို အာမ မခံထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဦးတို့က ရတဲ့အချိန်မှာ ထိတွေ့မှုတွေ လုပ်နေရတာပေါ့။ ထိတွေ့မှုဆိုတာကတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ထိတွေ့တာ၊ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့တာ၊ ပြည်သူတွေနဲ့ ထိတွေ့တာ၊ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့တာ။
အဲဒါတွေကို ဦးတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝလောက်ကတည်းက စဉ်ဆက်မပြတ် ထိတွေ့လာခဲ့တာပါ။ ပြည်သူ့ပါတီဝင်တွေက ရှစ်လေးလုံး အရေးတော်ပုံကတည်းက လူတွေ၊ ကျောင်းသားဘဝကနေ လာတဲ့သူတွေဆိုတော့ နိုင်ငံရေး အတွေ့အကြုံက နှစ်ပေါင်း ၃ဝကျော်လောက် ရှိပြီးသား။
ပါတီသက်တမ်းကသာ လပိုင်းလောက်ပဲရှိသေးတာ ၊လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကတော့ အတွေ့အကြုံတွေက များနေပြီးသား။ သူတို့တွေ့ကြုံခဲ့တဲ့အထဲမှာ လယ်သမား၊ အလုပ်သမား၊ အောက်ခြေလူတန်းစားတွေနဲ့လည်း တွေ့ခဲ့တယ်။ တိုင်းရင်းသား လူမျိုးတွေနဲ့လည်း အများကြီးတွေ့ခဲ့တယ်။ ထိတေ့ွမှုတွေအများကြီးရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့မှုတွေ အများကြီးရှိခဲ့တယ်။
ပြောချင်တာက ပြည်သူတွေရဲ့ အမြင်သဘောထားဆန္ဒတွေ တိုင်းရင်းသားလူမျိုးတွေရဲ့ အမြင်သဘောထား ဆန္ဒတွေအပေါ်မှာ ဦးတို့က သိကျွမ်းခဲ့တယ်၊ နားလည်ခဲ့တယ်။
ထိတွေ့ခဲ့တဲ့အခါကျတော့ အဲထိ ထိတွေ့မှုတွေကို အခြေခံပြီး နားလည်မှု လေးစားမှုတွေကို တည်ဆောက်ယူရမှာပေါ့။ အဲဒီမှတစ်ဆင့် ယုံကြည်မှုတွေကို တည်ဆောက်မှာပါ။ အခုလက်ရှိ နိုင်ငံရေးမှာတော့ ယုံကြည်မှုတွေ အားနည်းနေသေးတယ်လို့ မြင်တာပေါ့။
နိုင်ငံရေးအမြင်တွေအပေါ်မှာ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုအားနည်းခဲ့တော့ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူး။ ယုံကြည်မှုရအောင် တည်ဆောက်ဆဲကာလဖြစ်တယ်။
ယုံကြည်မှုရအောင် ထိတွေ့တဲ့ နေရာမှာ ရိုးသားမှုရှိရမယ်။ စဉ်ဆက်မပြတ် တွေ့နေမယ်ဆိုရင် ယုံကြည်မှုတွေ မြင့်မားလာမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ရမယ်။ အဲဒီမှတစ်ဆင့် တကယ့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်ကို တည်ဆောက်နိုင်မယ်လို့ ယုံတယ်။
ယုံကြည်မှုကို လိုချင်တယ်ဆိုရင်တော့ ယုံကြည်လောက်တဲ့ အပြောအဆို အပြုအမူ၊ အနေအထိုင်ကို ကျင့်သုံးရမယ်။ လုပ်ဆောင်ပြသမှသာလျှင် ပိုမိုခိုင်မာလာမယ်လို့ မြင်ပါတယ်။ အပြန်အလှန် ဆက်ဆံပြောဆိုတဲ့အခါမှာ ပွင့်လင်းမြင်သာစွာ ရိုးသားစွာ လုပ်ဆောင်ရမယ်ဆိုတဲ့ မူကို ကိုင်ထားပါ။
ဟင်္သာမီဒီယာ ။ ။ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြပေးနိုင်မလား။
ဦးမင်းဇေယျ ။ ။ တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာမှာ အကြီးမားဆုံးက အမျိုးသားပြန်လည်သင့်မြတ်ရေး ပြိုကွဲနေတဲ့ ပြဿနာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြိုကွဲနေတယ်ဆိုတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မရှိလို့ပေါ့။ နှစ်ပေါင်း ၆ဝ /၇ဝ လောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်တဲ့အခါကျတော့ ဒီအချိန်မှာက နိုင်ငံရေးအရ အခြေအနေပေးလာတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိတွေ့မှုတွေ ၊အပြန်အလှန် ဆွေးနွေးမှုတွေ အမြင်ချင်းဖလှယ်မှုတွေ ရလာတဲ့အခါကျတော့ အရင်တုန်းက ပြိုကွဲနေတဲ့ နားလည်မှုလွဲနေတဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ၊တိုင်းရင်းသားဆိုတာ ဗမာလည်း တိုင်းရင်းသား တစ်မျိုးပဲလေ၊ အဲဒီတော့ ဗမာအပါအဝင် အခြားတိုင်းရင်းသားအားလုံးနဲ့ နိုင်ငံရေးအရ ပေါင်းစည်းဖို့ဆိုတာ ခုနကပြောတဲ့ ယုံကြည်မှုတည်ဆောက်ရမယ်။
အဲဒီယုံကြည်မှုရဲ့ အခြေခံကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးမူနဲ့ သွားရမယ်။ အဲဒီလိုမူကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှလည်း လတ်တလောဖြစ်ပေါ်နေတဲ့ အရေးကြီးဆုံးပြဿနာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ ၊နောက်ပြီး စစ်မှန်သော အထွေထွေ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ခိုင်မာသော ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေ ၊တိုင်းရင်းသားလူမျိုးတွေအားလုံးနဲ့တကယ့် ညီရင်းအစ်ကိုလိုမျိုး များများထိတွေ့ ၊များများပြောဆို၊ နားလည်မှုယူ သဘောတူချက်ယူပြီး တည်ဆောက်မယ်ဆိုရင် နိုင်ငံတော်ကြီးဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာမယ်လို့ ယုံကြည်လို့ တိုင်းရင်းသားတွေနှင့် ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူညီချက်တွေ အဓိကရဖို့လိုတယ်။
တစ်နည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာတည်ဆောက်ရေး လုပ်ငန်းစဉ်ပဲဖြစ်လို့ တိုင်းရင်းသားကိစ္စ ဦးစားပေးတာ။
ဟင်္သာမီဒီယာ ။ ။ အခုလို မဟာမိတ်ဖွဲ့တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဦးမင်းဇေယျ ။ ။ အခက်အခဲက၊ အခုက ပါတီသက်တမ်းကလည်း တိုသေးတော့ပေါ့နော် ၊မဟာမိတ်ဖွဲ့စည်းရေးနှင့် မဟာမိတ်ပေါ်လစီနှင့် ပတ်သက်ပြီး၊ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စကို တခြားသော တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ထဲထဲဝင်ဝင်တော့ မဆွေးနွေးရသေးဘူး။ ဦးတို့မှာ လုပ်ငန်းစဉ်ရှိတယ် ရည်ရွယ်ချက်ရှိတယ်။ အဲဒီ လုပ်ငန်းစဉ် ရည်ရွယ်ချက်တွေအရ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနှင့် ထိတွေ့မယ်။ အပြန်အလှန် ဆွေးနွေးပြီးအမြင်ချင်းဖလှယ်မယ်။
ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ဖော်ဆောင်တဲ့အခါမှာ သွားမယ့် လုပ်ငန်းစဉ်တစ်ခုချင်းအပေါ်မှာ တူတာကို ပေါင်းလုပ်မယ်။ မတူတာကို ခွဲလုပ်မယ်။ ဒါပေမဲ့ ဘုံရည်မှန်းချက်ကတော့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုပဲဆိုတာကို ထင်ထင်ရှားရှား သက်သေပြရမှာပေါ့။ အခက်အခဲကတော့ သမိုင်းဆိုးမွေလို့ပဲ ပြောရမှာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေက ဘာကို အခြေခံလဲဆိုတော့ ထိတွေ့မှုမရှိတဲ့ နိုင်ငံရေးသင်းသတ်ထားတဲ့ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့တဲ့အခါကျတော့ အခုမှတည်ဆောက်မယ်ဆိုရင် အခက်အခဲတွေက အများကြီးပေါ့။ ဒါပေမဲ့ အဲဒီအခက်အခဲတွေက မကျော်လွှားလို့ မရတဲ့ အခက်အခဲဖြစ်သလို တိုင်းရင်းသားတွေအားလုံးက ညီအစ်ကိုစိတ်ဓာတ် မိသားစုစိတ်ဓာတ်နဲ့ သွားမယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ယုံကြည်တယ်။
အဓိကကတော့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေးသဘောတရားတွေကို အပြန်အလှန်ဆွေးနွေး၊
အပြန်အလှန်ထိတွေ့ပြီးတော့ ဒီအခက်အခဲတွေကို ကျော်လွှားရမှာပဲ။ ဦးတို့နိုင်ငံက ပြည်ထောင်စုအသွင်သွားရမယ့် နိုင်ငံဆိုတာ အားလုံးလက်ခံပြီးသား ဖြစ်တဲ့အခါကြတော့ ပြည်ထောင်စု စစ်စစ်ဖြစ်ရေးအတွက် အများကြီးလုပ်ဖို့လိုသေးတယ်။ ဒီတစ်ခုချင်းစီကိုတော့ ပါတီတစ်ခုချင်းအရသော်လည်းကောင်း၊ လူမျိုးတစ်မျိုးချင်းသော်လည်းကောင်း ၊အားလုံးခြုံငုံ၍သော်လည်းကောင်း တိုင်ပင်ဆွေးနွေးရဦးမယ်။
ဟင်္သာမီဒီယာ ။ ။ မွန်နိုင်ငံရေးပါတီတွေနဲ့ရော ဘယ်လိုမျိုး မဟာမိတ်ဖွဲ့ ပူးပေါင်းသွားဖို့ရှိလဲ။
ဦးမင်းဇေယျ ။ ။ မွန်ပါတီတွေနဲ့ ဟိုးအရင်ကတည်းက ထိတွေ့ခဲ့တာ အခုချိန်အထိပဲ။ လွန်ခဲ့တဲ့ ရှစ်လေးလုံးကာလ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့တုန်းက ဥက္ကဋ္ဌနိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်းတို့နဲ့ အဲဒီကတည်းက ထိတွေ့ခဲ့ ရင်းနှီးခဲ့တယ်ပေါ့။ ထို့အတူပဲ ဒီနောက်ပိုင်းမှာလည်း မွန်ဒေသလုံးဆိုင်ရာ ပါတီတွေနဲ့လည်း ရင်းနှီးတယ်၊ ထိတွေ့တယ်။ အခုနောက်ဆုံးမှာ ပါတီပေါင်းစည်းရေးနဲ့ လုပ်ဆောင်နေတဲ့ မွန်နိုင်ငံရေးအင်အားစုတွေနဲ့ရင်းနှီးတယ်။ အဲဒီတော့ ဦးကလည်း မွန်တစ်ယောက်ဖြစ်တဲ့အခါကျတော့ မွန်နိုင်ငံရေးကို ပိုစိတ်ဝင်စားတယ်။
မွန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အမြဲတမ်းထိတွေ့မှုတွေရှိတယ်။ ဒါ့အပြင် မွန်ပြည်သစ်ပါတီနဲ့လည်း တိုက်ရိုက်ထိတွေ့မှုတွေ ရှိတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်လည်း မွန်လူမျိုးဖြစ်တာရယ် ၊မွန်နိုင်ငံရေးခေါင်းဆောင်တွေရော မွန်ပြည်သူတွေနဲ့ရော အမြဲတမ်းအောက်ခြေအထိ ထိတွေ့နေတဲ့အခါကျတော့ မွန်နှင့်ပတ်သက်လာရင် အများကြီးလုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ မွန်ပါတီကလည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ဦးတို့ရဲ့ မဟာမိတ်ပေါ်လစီအရ ထဲထဲဝင်ဝင် အသေးစိတ်ညှိနှိုင်းဆွေးနွေးဖို့ အစီအစဉ်တွေရှိပါတယ်။
ဟင်္သာမီဒီယာ ။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့ အဓိကစိန်ခေါ်မှုက ဘာဖြစ်နိုင်လဲ။
ဦးမင်းဇေယျ ။ ။ အဓိကစိန်ခေါ်မှုက လတ်တလော စဉ်းစားချက်ပေါ့နော်။ အရင်လိုမျိုး ပြည်သူတွေကို လွယ်လွယ်နဲ့ ကတိပေးတာမျိုး၊ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချပြီး ဆွယ်တာတို့က ဒီ ၂ဝ၂ဝ မှာ အဲလောက်မလွယ်တော့ဘူးလို့ မြင်တယ်။ ပြည်သူတွေကလည်း ပိုပြီးတော့ စဉ်းစားလာမယ် သုံးသပ်လာမယ်။ အထူးသဖြင့် မဲဆန္ဒရှင်တွေက ကိုယ့်နိုင်ငံရဲ့ အခက်အခဲတွေအပေါ်မှာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းတွေက ဘယ်လောက်ထိလုပ်ပေးနိုင်သလဲဆိုတာ သူတို့ကိုယ်တိုင် ထဲထဲဝင်ဝင် လေ့လာပြီး၊ အခုအချိန်မှာ စဉ်းစားနေကြပြီ။
ဆိုတဲ့သဘောက ပါတီစုံဒီမိုကရေစီကို မကျင့်သုံးဖူးတဲ့အခါ မဲဆန္ဒရဲ့ တန်ဖိုးတွေ လေးနက်မှုကို မသိသေးတဲ့အခါကျတော့ သူတို့တွေက အရင်က စိတ်ခံစားမှုနောက်ကို လိုက်ပြီးလုပ်ကြတယ်ပေါ့နော်။ ဒါပေမဲ့ ၂ဝ၂ဝ ကျရင် မဲဆန္ဒရှင်တွေရဲ့ နိုင်ငံရေး အတွေးအခေါ်က မြင့်မားလာတဲ့အခါကျတော့ ပြည်သူတွေဆီက မဲရဖို့ဆိုရင် ကိုယ်စားလှယ်လောင်းတွေကလည်း အရင်ကထက် အများကြီးကြိုးစားဖို့လိုတယ်။
အဲဒီလို လုပ်ပြနိုင်ဖို့ကလည်း ကိုယ်ကိုယ်တိုင်ရဲ့ ပါဝင်မှု ဆောင်ရွက်မှုကို မဲဆန္ဒရှင်တွေကလည်း အနီးကပ်ကြည့်နေမှာ ဖြစ်တဲ့အတွက်ကြောင့် အဓိကစိန်ခေါ်မှုက ကိုယ်စားလှယ်တွေဟာ ပြည်သူတွေဆီက မဲရဖို့ဆိုရင် အရင်လောက်မလွယ်တော့ဘူး၊ အပြောတင်မကဘူး အလုပ်နဲ့ သက်သေပြရမယ်ဆိုတာ အသိသွင်းပြီးတော့ တကယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်လို့ မြင်တယ်။
ဟင်္သာမီဒီယာ ။ ။ ထပ်ပြီးဖြည့်စွက်ပြောချင်တာများရှိရင်ပြောပေးပါဦး။
ဦးမင်းဇေယျ ။ ။ ဦးတို့နိုင်ငံက အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅ဝ ကျော် ဖြတ်သန်းလာတဲ့အခါကျတော့ လွန်ခဲ့တဲ့ ၂ဝ၁ဝ ကစပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စပြီးလျှောက်ခဲ့ရတယ်။ နောက်တစ်ခါ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာကလည်း စစ်မှန်တဲ့ ဒီမိုကရေစီကို ကိုယ်စားမပြုဘူး။ ဒီမိုကရေစီ အင်္ဂါရပ်နဲ့ မပြည့်စုံသေးဘူးပေါ့နော်။ ပြောချင်တာက အဲဒီလို အကန့်အသတ်တွေ စိန်ခေါ်မှုတွေကြားထဲမှာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေရတာ။
အဲဒီတော့ ပြည်သူတွေက ရွေးချယ်တဲ့ ပြည်သူ့အစိုးရစစ်စစ်လည်း မဟုတ်သေးဘူး။ အဲလိုမျိုး ကြားကာလ အခက်အခဲတွေကြားထဲမှာ တကယ်တမ်း ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို အပြည့်အဝ ကျင့်သုံးချင်တယ်ဆိုရင် အခုလက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးမရတဲ့ ပြဿနာတွေ၊ ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေတဲ့ ပြဿနာတွေ၊ စီးပွားရေးစနစ်နဲ့ လူမှုရေးစနစ် အံဝင်ခွင်ကျ မဖြစ်တာ၊ အဲဒီအခက်အခဲ ပေါင်းစုံတွေက ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ စံနှုန်းနဲ့အညီ မရေးဆွဲနိုင်သရွေ့ ပြေပျောက်မှာမဟုတ်ဘူးလို့ မြင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ တကယ်တမ်း ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ နိုင်ငံတော်တည်ဆောက်မယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနှုန်းနှင့် ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် မဖြစ်မနေရေးဆွဲဖို့ လိုအပ်တယ်လို့ အလေးအနက် ပြောချင်ပါတယ်။