အောက်ခြေအဆင့် မွန်ပါတီ ပေါင်းစည်းရေး နောက်ဆက်တွဲ

အောက်ခြေအဆင့် မွန်ပါတီ ပေါင်းစည်းရေး နောက်ဆက်တွဲ

(မွန်ပါတီ ပေါင်းစည်းရေး ရေချိန်)

ပေါင်းစည်းထားသော မွန်ညီညွှတ်ရေး ပါတီသည် အောက်ခြေအဆင့် ပါတီ ပေါင်းစည်းရေး ဖြစ်သည့် မြို့နယ်အဆင့် ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ဒီဇင်ဘာ နောက်ဆုံးအပတ်မှ စ၍ လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် လတ်တလော ပေါင်းစည်းရေး အခြေအနေနှင့် ၂၀၂၀ အတွက် ကြိုတင် ပြင်ဆင်ထားမှုတို့နှင့်ပတ်သက်၍ တွေ့ဆုံ မေးမြန်းထားမှုများကို ပြန်လည် ဖော်ပြပေးလိုက်သည်။

နိုင်လယိတမ

တွဲဖက်အတွင်းရေးမှူး(၁)

မွန်ညီညွှတ်ရေးပါတီ။

ကျွန်တော်တို့ သက်ဆိုင်ရာ ဒေသအသီးသီးမှ တာဝန်ပေးထားတဲ့ အဖွဲ့တွေ သူ့ဒေသကို သူဆင်းနေကြပြီး၊ တနင်္သာရီနဲ့ ရန်ကုန်က လွဲရင် တခြားဒေသတွေမှာတော့ အကောင်အထည် ဖော်နေကြပြီ၊ တနင်္သာရီက ခရီးဝေးတဲ့ အခါကျတော့ အကြောင်းကြောင်းကြောင့် တာဝန်ကျတဲ့ သူတွေက မစုစည်းနိုင်းသေးတဲ့အတွက်ကြောင့် မသွားဖြစ်သေးဘူး၊ သို့သော်လည်း ဘယ်လိုပဲ ပြောပြော ဗဟိုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆင်းဖို့တော့ ရှိတာပေါ့။

မြို့နယ်အဆင့်မှာတော့ ပေါင်းစည်းဖို့က တစ်စုံတစ်ရာ အခက်အခဲတော့ မရှိပါဘူး၊ နဂိုမူလကလည်း အောက်ခြေအဆင့်က ပေါင်းစည်းချင်တဲ့ ဆန္ဒကလည်း ရှိတော့ အခက်အခဲ တစ်စုံတစ်ရာတော့ မရှိခဲ့သေးဘူးပေါ့။

မြို့နယ်အဆင့် ပေါင်းစည်းမှုအတွက် ကျွန်တော်တို့ မူ နှစ်ခု ချမှတ်ထားတယ်၊ တစ်ခုက ကျွန်တော်တို့ ဗဟိုက ပေါင်းတဲ့ မူအတိုင်းပေါ့၊ A က ဥက္ကဋ္ဌ တာဝန်ယူမယ်ဆိုရင် B က အတွင်းရေးမှူး တာဝန်ယူပေါ့၊ တခြားတာဝန်တွေကို ဗဟိုက ပေါင်းတဲ့ အတိုင်းပေါ့။

နောက်ပြီး ပါတီဌာနချုပ်နဲ့ ဝေကွားတဲ့ မြို့နယ်တွေဆိုရင် ပါတီဖွဲ့စည်းပုံ ပျက်ပြားနေရင် ဒီက ဆင်းသွားတဲ့ ဗဟိုအဖွဲ့နဲ့ မြို့နယ်မှာ ရှိတဲ့ သူတွေနဲ့ အဆင်ပြေသလို ပေါင်းကြဖို့ မူ နှစ် ခု ချထားတာပေါ့။ တော်တော်များများကတော့ ဗဟိုအဆင့် ပေါင်းစည်းတဲ့ မူအတိုင်း ပေါင်းစည်းထားပါတယ်။

မြို့နယ်မှာရှိတဲ့ ပါတီဝင်တွေ ကြားမှာတော့ သူက ဥက္ကဋ္ဌ ယူမယ်၊ ငါက ဥက္ကဋ္ဌ ယူမယ်ဆိုပြီးတော့ မရှိပါဘူး၊ အားလုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် သိကြတော့ သူတို့ အချင်းချင်း ညှိနှိုင်းတာတော့ အခက်အခဲ မရှိပါဘူး၊ ဒီအပေါ်မှာ ကျွန်တေ်ာတို့ ဆင်းသွားတဲ့ ဗဟိုအဖွဲ့လည်း ဝင်ရောက် စွက်ဖက်တာ မရှိပါဘူး။

ကျွန်တော်တို့ မြို့နယ် နှစ်ပါတီ CEC တွေက တူတာလည်း ရှိတယ်၊ မတူတာလည်း ရှိတယ်၊ ဥပမာ အားဖြင့် အချို့ပါတီက မြို့နယ် CEC ၂၅ ဦးရှိတယ်၊ တချို့ ပါတီက ၂၁ ဦးရှိတယ်၊ အဲလို ကွာဟနေမယ်ဆိုရင် နည်းတဲ့ ဘက်က လူဦးရေ ထပ်တိုးခွင့် ရှိတယ်၊ နောက်ပြီး ပြင်ပ အင်အားစုတွေကတော့ ၂၀ ၊ ၂၀ စီ ပါဝင်ခွင့် ပေးထားတယ်၊ မြို့နယ်တိုင်းမှာလည်း ပါဝင်လာတာ တွေ့ရတယ်။

မြို့နယ်အဆင့်ပေါင်းစည်းခြင်းကို ဇန်နဝါရီ လကုန်အပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်ထားတယ်၊ ကျေးရွာအဆင့်ကတော့ မြို့နယ် ပေါင်းစည်းရေးပြီးတဲ့ မြို့နယ်တွေက ကျေးရွာအဆင့် ရပ်ကျေးအဆင့် ပေါင်းစည်းဖို့ ကျွန်တော်တို့ ဗဟိုက ဒီရက်ပိုင်းမှာ ညွှန်ကြားချက် ထုတ်ဖို့ ရှိတယ်၊

၂၀၂၀ မီရေးကတော့ ကျွန်တော်တို့က ရပ်ကျေးအဆင့် ပေါင်းစည်းဖို့ အချိန် ၄ ၊ ၅ လလောက် ကြာမယ်လို့ ခန့်မှန်းထားတယ်၊ အဲဒီဟာ ပြီးသွားရင်တော့ ရွေးကောက်ပွဲမှာ ဘယ်လို ပြင်ဆင်မလဲဆိုတာ စဉ်းစားသွားမှာပါ။

နိုင်စံတင်

တွဲဖက်အတွင်းရေးမှူး (၂)

မွန်ညီညွတ်ရေး ပါတီ။

မြို့နယ်အဆင့် ပေါင်းစည်းရေးက ရေး ရယ်၊ မုဒုံရယ်၊ သံဖြုဇရပ်ရယ် ပြီးပြီ၊ နောက်ပြီး ချောင်းဆုံနဲ့ ပေါင်လည်း ပြီးပါပြီ၊ မနက်ဖြန်ဆိုရင် ကျိုက်မရော၊ မော်လမြိုင်ကျတော့ ဇန်နဝါရီ ၂၀ ရက်မှာ လုပ်သွားမယ်၊ အခက်အခဲတော့ မရှိသေးပါဘူး၊ အားလုံးကိုတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း သွားနေတာ ဖြစ်တယ်၊ ဗဟိုမှာ ပေါင်းသလိုပဲ ပေါင်းလိုက်တာ ဖြစ်တယ်။

အဓိကကတော့ ဗဟို ပုံစံအတိုင်းပဲ ၅ အချိုး ၅ အချိုး ၄ နဲ့ ပေါင်းတာ ဖြစ်တယ်၊ ဗဟိုမှာလည်း ဒီလိုပေါင်းထားတော့ အောက်မှာလည်း ဒီအတိုင်းပဲ ပေါင်းလိုက်တာ ဖြစ်တယ်၊ တစ်ခါတလေကျတော့ တချို့ မြို့နယ်တွေက မပေါင်းဘဲနဲ့ အသစ် ပြန်ရွေးတဲ့ သဘောလည်း ရှိပါတယ်၊ မော်လမြိုင်ကျတော့ အားလုံး အသစ် ပြန်ရွေးမယ်၊ ပေါင်းစည်းမှု တစ်ခုနဲ့ တစ်ခု မတူဘူးပေါ့၊

အဆင်ပြေတဲ့ မြို့နယ်ကျတော့ ဗဟိုအတိုင်း ပေါင်းလိုက်မယ်၊ မော်လမြိုင်မြို့နယ်က အသစ်ပြန်ဖွဲ့စည်းရမယ်၊ အဲလိုမျိုးသဘောပေါ့။

ကိုကြည်ဇော်လွင်

ကိုကြည်ဇော်လွင်

မွန်နိုင်ငံရေး လေ့လာသူ

အောက်ခြေအဆင့် ပေါင်းစည်းရေး သွားနေတာကျတော့ ကျွန်တော် သတိထားမိတာ ၃ မြို့နယ်လောက် ပြီးပြီပေါ့၊ သို့သော်လည်း Public ကို ကြေညာနေတာတော့ မရှိဘူးပေါ့၊ ကျွန်တော် သိသလောက်တော့ အဆင်ပြေနေတဲ့ အနေအထားတော့ ရှိနေတယ်၊ ဒီဟာက ဥပမာ အားဖြင့် ဘယ်နှစ်မြို့နယ်မှာတော့ ပေါင်းစည်းရေးကို ဆောင်ရွက်မယ်၊ ဘယ်နှစ်မြို့နယ်မှာတော့ ပေါင်းစည်းရေးကို ဆောင်ရွက်ပြီးပြီပေါ့၊ ဒါလေးတွေကို အတိအကျ ထုတ်ပြန်တာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်နိုင်ရင် ကောင်းမယ်။

အောက်ခြေအဆင့် ပေါင်းစည်းရေးကတော့ ကျွန်တော်ထင်တာ သိပ်ပြီး မခက်ခဲဘူး၊ မူဝါဒ ပြုပြင် ပြောင်းလဲရေးကို လုပ်ရတဲ့ အခြေအနေမဟုတ်တော့ အဆင်ပြေတယ်၊ သို့သော်လည်းပဲ ဒါက ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေအပေါ်မှာ ပိုပြီး မူတည်လိမ့်မယ်၊ စည်းမျဉ်းတွေကောင်းတယ်၊ မျှတမှု ရှိမယ်ဆိုရင်တော့ ရေရှည်သွားနိုင်မယ်၊ စည်းမျဉ်းတွေက ဘက်လိုက်မှု ရှိနေတယ်၊ မြို့နယ်အဆင့် ပေါင်းစည်းရေးမှာ အချိုး မညီတာတွေ ရှိနေမယ်ဆိုလို့ ရှိရင် ဒါက အငြင်းပွားဖွယ်ရာ ရှိမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။

ပါတီ တည်ဆောက်ရေးအတွက် သူတို့တွေအနေနဲ့ အချိန်အကြာကြီး ယူဖို့ လိုတယ်၊ ဒီမှာ ကြည့်မယ်ဆိုရင် အကြီးဆုံးပါတီတွေဖြစ်တဲ့ USDP နဲ့ NLD ဆိုရင် သူတို့ရဲ့ ပါတီ တည်ဆောက်ရေးတောင် မပြီးသေးဘူး၊ ဒါသူတို့ ပါတီ နှစ်ခုလုံးဟာ စီမံထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိသေးဘူး၊ ဒီအခြေအနေမှာ အခုမှ စဖွဲ့မယ့် ပါတီတွေအနေနဲ့ ပိုဆိုးလိမ့်မယ်၊

နောက်တစ်ခုက ဒါက စိတ်တူကိုယ်တူ ဖွဲ့တာ မဟုတ်ဘူး၊ ရှိပြီးသာအရာကို ပေါင်းစပ်တာ ဖြစ်လို့ ဥပမာ ရခိုင်ပါတီတွေဆိုရင် ပေါင်းလိုက်တယ်၊ ပြီးတော့ ပြန်ကွဲသွားတယ်၊ ဒါမျိုးတွေ မဖြစ်ဖို့ သတိထားဖို့ လိုတယ်၊ နံပါတ် နှစ်ကတော့ သူတို့တွေရဲ့ ရေတိုမဟာဗျူဟာကို အလျင်အမြန် ချဖို့ လိုတယ်။ ဥပမာအားဖြင့် ၂၀၁၉ နှစ်မှာ ရွေးကောက်ပွဲအတွက် ပြင်မလား၊ ဒီလိုဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်တွေကို အာရုံစိုက်ဖို့ လိုမယ်၊ အချိန်အားဖြင့်တော့ တအားကြီး နည်းနေတယ်။ သူတို့ မဲဆန္ဒနယ် ဘယ်လောက်ကို ပြိုင်မှာလဲ။

အဲဒီအတွက် ပါတီမှာ စည်းရုံးရေးအပိုင်းတွေ ဘယ်လို လုပ်မလဲ၊ တစ်ဖက်ကလည်း ပါတီရဲ့ စွမ်းဆောင်ရေး ရှိတယ်၊ ပါတီ ထိန်းချုပ်ရေး ရှိတယ်၊ နောက်တစ်ခုက ရွေးကောက်ပွဲ ဝင်ရေးအတွက် ချရမယ့် မဟာဗျူဟာတွေ ရှိမယ်၊ နောက်တစ်ချက် မဟာမိတ်မူဝါဒပေါ့၊ ကိုယ်ဟာကိုယ်သွားမှာလား၊ တခြားတိုင်းရင်းသားတွေနဲ့ စုံဖွဲ့ပြီး သွားမှာလား၊ ဒါတွေလည်း ရှိမယ်၊ နောက်ပြီး ပြိုင်ဘက်ပါတီတွေရဲ့ အနေအထားတွေကိုလည်း သူတို့ အမြဲ မပြတ်လေ့လာ သုံးသပ်နေဖို့ လိုမယ်၊

နောက်ဆုံး တစ်ချက်ကတော့ ပါတီစုဖွဲ့သွားမယ်ဆိုရင် သူတို့ ပါတီဖြစ်ရင် သူတို့ ကိုယ်စားလှယ်တွေ ရှိပြီး၊ ဥပမာ လက်ရှိ လွှတ်တော်နဲ့ အစိုးရမှာ ရှိနေတဲ့ ဒေါက်တာ အောင်နိုင်ဦးရယ်၊ ဒေါက်တာမင်းကြည်ဝင်း ရယ်၊ ဒေါက်တာ မင်းစိုးလင်းဟာ သူတို့ပါတီက လူတွေ ဖြစ်လာမယ်၊ ဒါကြောင့် လက်ရှိ NLD ဘယ်လိုတွေ ထိန်းကျောင်းသွားမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေက ချရမယ့် အချိန်က ကျွန်တော်ထင်တယ်၊ တစ်နှစ်ခွဲလောက်ပဲ ရှိတော့တယ်၊ ဒီတော့ အချိန်ကလည်း နည်းနေပြီး၊ ဒါကြောင့် စနစ်တကျ ပြင်ဆင်ဖို့ လိုနေပြီ၊ ဒီကြားထဲမှာလည်း မမျှော်လင့်ထားတဲ့ အခြေအနေတွေ ရှိနိုင်တယ်၊ ဥပမာ မတူညီတာတွေ ပေါင်းထားတဲ့ အခြေအနေကြောင့် ဘယ်လောက်အထိ ထိန်းချုပ် နိုင်မလဲပေါ့၊

ဥပမာအားဖြင့် NLD ရဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားဟာ ပြည်သူတွေမှာ အတော်လေး လွှမ်းမိုးမှု ရှိသွားတယ်၊ ဒါကြောင့် မွန်ပါတီအနေနဲ့ သူတို့ လုပ်ရမယ့် လုပ်ငန်းစဉ် ရှစ်ခုလောက်ကို ဘယ်လိုသွားမှာလဲပေါ့၊ အချိန်တော့ တော်တော်လေး နည်းနေတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...