မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသစ် ဗိုလ်မှူးကြီး နေထွဋ်ဦး နှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသစ် ဗိုလ်မှူးကြီး နေထွဋ်ဦး နှင့် တွေ့ဆုံခြင်း

“ပြည်သူူတွေဘက်က ပေးတဲ့ အကြံဉာဏ်တွေကို နားထောင်ပြီးတော့ ကျွန်တော် စွမ်းသလောက် ဆောင်ရွက်ပေးသွားမှာပါ”

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသစ် ဗိုလ်မှူးကြီး နေထွဋ်ဦးကို နိုဝင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်ခဲ့သည်။ယင်းကြောင့် ဝန်ကြီးသစ်အနေဖြင့် ပြည်နယ်အတွင်း ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ကိစ္စရပ်များအတွက် သတင်းမီဒီယာများနှင့် တွေ့ဆုံ မေးမြန်းထားမှု အချို့ကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

မီဒီယာ။ ။ မွန်ပြည်နယ်က ဝန်ကြီးအသစ်တစ်ယောက်အနေနဲ့ ပြည်သူတွေကို ဘာစကားလက်ဆောင်ပေးချင်လဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်ကို ဒီလိုတာဝန်မျိုး ထမ်းဆောင်ရတဲ့ အတွက်လည်း အများကြီး ဂုဏ်ယူမိပါတယ်။ ကျွန်တော်က မော်လမြိုင်သားစစ်စစ် ဖြစ်ပါတယ်။ ကျွန်တော် မိဘတွေရော၊ ကျွန်တော်အမျိုးသမီးရော မော်လမြိုင်မှာ မွေးဖွားတဲ့သူူတွေ ဖြစ်ပါတယ်။ မော်လမြိုင်နဲ့ ပတ်သက်ပြီးတော့ ဒီတာဝန်ပေးအပ်ခဲ့တဲ့အတွက် တာဝန်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီဆောင်ရွက်ပါမယ်။

ကိုယ့်ပြည်နယ်သူ၊ ပြည်နယ်သားတွေ ဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းက လိုအပ်တဲ့ အကူညီမှန်သမျှကို အစွမ်းကုန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြည်နယ်တိုးတက်အောင် ဆောင်ရွက်ပေးပါမယ်။ ကျွန်တော်တို့ ပြည်နယ်တိုးတက်မှ တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်။ ပြည်နယ်ကောင်းဖို့အတွက် ကျွန်တော်တတ်စွမ်းသမျှ ဆောင်ရွက်သွားပါမယ်။

မီဒီယာ။ ။ ဆရာလက်ရှိ ဝန်ကြီးတာဝန်ယူပြီးပြီဆိုတော့ ဘာတွေ စတင် လုပ်ဆောင်သွားဖို့ရှိလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ကျွန်တော်မြင်တာတော့ လက်ရှိလူငယ်တွေနဲ့ ပတ်သက်ပြီး ကောင်းဖို့အတွက် ကျွန်တော်စလုပ်မှာပါ။ အဓိက ကျွန်တော်မြင်တာတော့ အခုမူးယစ်ဆေးသုံးစွဲမှုတွေ များနေတာလည်း တွေ့ရပါတယ်။ ကျွန်တော်ရောက်ရောက်ချင်းမှာ လေ့လာမိသလောက်ပေါ့။ သူငယ်ချင်းတွေ အကြံပေးတာတွေရော တွေ့ရပါတယ်။ ကျွန်တော်လည်း တစ်ချိန်မှာ သေဆုံးသွားမှာပါ။ နောက်တက်လာမယ့် လူငယ်တွေက လက်ဆင့်ကမ်းအမွေတွေကို ယူရမှာဖြစ်ပါတယ်။ လက်ဆင့်ကမ်းအမွေတွေယူမယ့် လူငယ်လေးတွေအတွက် ကျွန်တော်က စတင် ဆောင်ရွက်စေချင်ပါတယ်။

မီဒီယာ။ ။ မူးယစ်ဆေးဝါး ကိစ္စကို လတ်တလော ဦးစားပေးနှိမ်နှင်းသွားမှာလား။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ နှိမ်နှင်းမယ်ဆိုတာထက် နှိမ်နှင်းတာကတော့ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက နှိမ်နှင်းနေတာပဲလေ။ အကုန်လုံး ဆောင်ရွက်နေကြတာပါပဲ။ ဥပဒေဘောင်နဲ့ ငြိစွန်းလာတဲ့ဟာကို နှိမ်နှင်းသွားမှာပါ။ အဓိကက ပြည်သူပါမှ ဖြစ်မှာပါ။ ကျွန်တော်တို့ အုပ်ချုပ်သူ လူတန်းစား က ပြည်သူပါမှ အုပ်ချုပ်မှုမှာ ပိုပြီး အဆင်ပြေမှာပါ။

ဒီနေရာမှာ အကောင်းဆုံးဖြစ်အောင် မီဒီယာတွေက အဓိက ကျတယ်။ ဒီ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ မကောင်းတဲ့မူးယစ်ဆေးဝါးကို မသုံးသင့်ဘူး ဆိုတာ မီဒီယာက အကျိုးရှိအောင် ပညာပေးဖို့ ဝိုင်းဝန်းဆောင်ရွက်မယ်လို့ ထင်ပါတယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်တာက ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် ကိစ္စပေါ့။ အဓိကကတော့ ပညာပေးမှုကို များများဆောင်ရွက်သွားမှာပါ။

မီဒီယာ။ ။ မွန်ပြည်နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင် သွားဖို့ရှိလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ကျွန်တော်ပြောပြီးပါပြီ။ ဥပဒေဘောင်ထဲကနေ တစ်ဆင့်ချင်းသွားရမှာပါ။ ကျွန်တော်တို့က အဓိက လုပ်ဆောင်လို့မရဘူး။ ပညာပေးရမှာပါ။ ကျွန်တော်ဆိုလိုတာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေးရမယ်။ နောက်ပြီး ကျွန်တော်မြင်တာက ယာဉ်အန္တရာယ်ပေါ့။ တော်တော်များနေပါတယ်။ ဒီဟာသည် ကျွန်တော်ပြည်နယ်ထဲက လူူငယ်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ အရာတွေ ဖြစ်ပါတယ်။

ဒါတွေကိုလည်း ပညာပေးသင့်တယ်။ ဥပမာ ဦးထုပ်ဆောင်းပါဆို မဆောင်းတာမျိုးတွေ၊ မီးနီနေတယ် ဒါပေမယ့် ညဘက်လမ်းရှင်းနေတယ်ဆိုတော့ စည်းကမ်းမရှိဖြတ်သွားတာတွေ ကျွန်တော်တို့ တွေ့မှာပါ။ ဒါတွေကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့အရာတွေ အများကြီးပါ။ အဲဒါတွေကို ပညာပေးရမှာပါ။ ဘာသာတရားနဲ့ ပတ်သက်ရင်လည်း လူငယ်တွေ တော်တော်အားနည်းတာ တွေ့ရပါတယ်။ ဘာသာတရားရဲ့ ထိန်းချုပ်မှုအောက်မှာ ဘယ်ဘာသာဖြစ်ဖြစ် သူစည်းနဲ့ သူထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။ ဥပဒေရဲ့ ထိန်းချုပ်မှုက ဘာသာတရားနဲ့လည်း သက်ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာမှာဆို ငါးပါးသီလလုံရင် ဥပဒေကို ထိန်းချုပ်ပြီးသား ဖြစ်သွားပြီလေ။

မီဒီယာ။ ။ လူငယ်တွေကို မူယစ်ဆေးဝါးနဲ့ ယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီး အရင်ဆုံးပညာပေးကာလ လုပ်သွားမှာလား။

ဗိုလ်မှူးကြီးနေထွဋ်ဦး။ ။ ဟုတ်ပါတယ်။ ကျွန်တော် အဲဒါတွေကို ပညာပေးတာတွေ လုပ်ဆောင်သွားမှာပါ။ ကျွန်တော် မြင်တွေ့နေရတဲ့အရာပေါ့နော်။ အဲဒါကို အရင် လုပ်ဆောင်သွားမှာပါ။

မီဒီယာ။ ။ မီဒီယာတွေနဲ့ တွေ့ဆုံဖို့ရော ရှိသေးလား။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ အလျဉ်းသင့်သလို တွေ့ဆုံသွားဖို့ရှိပါတယ်။ ဥပဒေဘောင်အတွင်းကနေ သိသင့်သိထိုက်တဲ့ဟာ အားလုံးကို ကျွန်တော်တို့ တွေ့ဆုံ ပြောပြပေးပါ့မယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်အတွင်း လက်နက်ကိုင်ဆောင်မှုတွေကို ဘယ်လို ကိုင်တွယ်သွားဖို့ရှိလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ဥပဒေအတိုင်းပဲ ကျွန်တော် တတ်နိုင်သလောက်၊ လုပ်ဆောင်နိုင်သလောက် အကောင်းဆုံး ကျွန်တော် လုပ်ဆောင်သွားမှာပါ။

ဟင်္သာမီဒီယာ။ ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမြင်လဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ အဲဒါကတော့ NCA မှာ ပါပြီးသားပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် NCA သဘောတူညီချက်မှာ ပါပြီးသား ဥပဒေအတိုင်းပါပဲ။ အဲဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်ရမှာပါပဲ။ ငြိမ်းချမ်းရေးကတော့ NCA ပါအတိုင်းပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းတွေမှာလည်း တရားဝင် ထည့်ပြီးသားဖြစ်ပါတယ်။ အဲအတိုင်းပဲ ကျွန်တော်တို့က သွားရမှာဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားဖို့ ရှိလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ NCA ထိုးထားတဲ့ အဖွဲ့တွေတော့ရှိပါတယ်။ NCA ရဲ့ နည်းလမ်းအတိုင်းပဲ သွားမယ်။ NCA ရဲ့ နည်းလမ်းအတိုင်း တပ်မတော်က ရပ်တည်သွားမယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ လေ့လာကြည့်ပါ။ အကုန်ပါပါတယ်။ ဒီနည်းလမ်းအတိုင်း ကျွန်တော်တို့က ဆက်လက်ရပ်တည်သွားမှာပါ။ ငြိမ်းချမ်းရေး ရရင်တော့ ပိုကောင်းတာပေါ့။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဆို တော်တော် တိုးတက်လာပြီ။ ငြိမ်းချမ်းရေးက တကယ်ရင်ထဲက ပါမှ အားလုံးဖြစ်မှာပါ။

ဟင်္သာမီဒီယာ။ ။ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ ထိပ်တိုက် တွေ့ဆုံလာရင် ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးသွားမလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ တွေ့တာတော့မရှိပါဘူး။ ဖွဲ့စည်းထားတဲ့အတိုင်းပါပဲ။ ထိပ်တိုက်တွေ့တာလည်း ကျွန်တော်မကြားပါဘူး။ ဒီမွန်ဘက်မှာလည်း မကြားပါဘူး။ ကရင်မှာလည်း မရှိတော့ပါဘူး။ အဲလိုဖြစ်ဖို့လည်း မရှိပါဘူး။

မီဒီယာ။ ။ မွန်ပြည်နယ်အတွက် ဘာများ ပြောချင်သေးလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ မွန်ပြည်နယ်အတွက်တော့ အများကြီး ဝမ်းသာပါတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီးတော့ ပြည်သူူတွေဘက်က ပေးတဲ့ အကြံဉာဏ်တွေကို နားထောင်ပြီးတော့ ကျွန်တော် စွမ်းသလောက် ဆောင်ရွက်ပေးသွားမှာပါ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...