မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်နှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်နှင့် တွေ့ဆုံခြင်း

နိုဝင်ဘာ ၁၂ရက်တွင် မော်လမြိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ၊ ဘဏ္ဍာရေးမှူး၊ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်ကို ပါတီတာဝန်မှ ရပ်နားလိုက်ကြောင်း ဗဟို NLD အလုပ်အမှုဆောင်အဖွဲ့က အကြောင်းကြားခဲ့သည်။ ၎င်းကို ပါတီ တာဝန်မှ ရပ်ဆိုင်းရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အောက်တိုဘာ ၂၃ ရက်နေ့ တင်ပြစာ၏ သုံးသပ်တင်ပြချက်အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ရှေ့ဆက် လုပ်ဆောင်သွားမည့် နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ ဟင်္သာမီဒီယာက တွေ့ဆုံ မေးမြန်းထားမှု အချို့ကို ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပါတီတာဝန်ကနေ ရပ်ဆိုင်းခံရတာ ဘာကြောင့်လို့ထင်ပါသလဲ။

ဦးမင်းထင်အောင်ဟန်။ ။ ဘာကြောင့်လဲဆိုတာ ထင်လို့ကို မတတ်သေးဘူး။ အဲဒါ လူကြီးတွေကို ပြန်မေးဦးမယ်လေ။ ထင်တာချည်းပဲ လျှောက်ပြောလို့မရဘူးလေ။

ဟင်္သာမီဒီယာ။ ။ တာဝန်ရပ်ဆိုင်းခံရတာ တိုင်စာကြောင့်လို့သိရပါတယ်။ အဲဒီတော့ ပါတီတွင်းမှာ ဘယ်လိုအခြေအနေရှိပါသလဲ။ အပြန်အလှန် တိုင်ကြားတာမျိုးတွေရှိလား။

ဦးမင်းထင်အောင်ဟန်။ ။ အဲဒါတွေက အကုန်ပြောလို့မရဘူး။ တစ်ခါတလေကျရင် ပါတီကိစ္စဆိုတာက ပါတီနိုင်ငံရေးနှင့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ ပတ်သက်လာရင်တောင် ကိုယ့်ဂုဏ်သိက္ခာကိုပဲ အထိခိုက်ခံပြီး ကျန်တဲ့ဟာကို ကယ်ရီလုပ်ရတယ်။

ဟင်္သာမီဒီယာ။ ။ အစည်းအဝေးတစ်ခုမှာ စကားမှားခဲ့လို့ တာဝန်ရပ်ဆိုင်းခံရတယ်ကြားပါတယ်။ ဘယ်လိုစကားမှားခဲ့တာလဲ။

ဦးမင်းထင်အောင်ဟန်။ ။ စကားမှားတယ်ဆိုတာ ဘာမှားလဲ ကျွန်တော်ပြန်မေးဦးမယ်။ ကျွန်တော်မသိသေးဘူး။ စာလည်းကျွန်တော့်ဆီကို တရားဝင်မရောက်သေးဘူး။ ဒါပေမယ့်စာထွက်တာတော့သိတယ်။ ရန်ကုန်ရောက်မှ ဆရာဦးမျိုးညွန့်တို့ကို မေးကြည့်မယ်။ တကယ်လို့ စကားပြောမှားတယ်ဆိုရင်တောင် ဘယ်ဟာကမှားတယ်ဆိုတာ နောက်ကျရင်ဆင်ခြင်လို့ရတာပေါ့။

ဟင်္သာမီဒီယာ။ ။ ပါတီတာဝန်ကနေ ရပ်ဆိုင်းခံရမယ်ဆိုတာ ကြိုတင်သတင်းကြားခဲ့တာရှိလား။

ဦးမင်းထင်အောင်ဟန်။ ။ ဘယ်ရှိမှာတုံး။ မနေ့က နေပြည်တော်မှာ workshop တက်နေတုန်း ဖုန်းဝင်လာတော့ လိုက်စုံစမ်းကြည့်မှ ဗဟိုအလုပ်အမှုဆောင်တာဝန်နှင့် ဘဏ္ဍာရေးမှူးတာဝန် ရပ်ဆိုင်းထားတယ်ဆိုပြီး စာထွက်လာတယ်လို့ ပါတီကတစ်ယောက်ကပြောတယ်။ အဲဒါပဲသိတယ်။

ဟင်္သာမီဒီယာ။ ။ ပါတီဝင်အဖြစ်ဆက်ရှိနေမှာလား။

ဦးမင်းထင်အောင်ဟန်။ ။ ရှိနေမှာပါ။ ဘဏ္ဍာရေးမှူးတာဝန်ကတော့ မလုပ်ရတော့ဘူးပေါ့။

ဟင်္သာမီဒီယာ။ ။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ရှိပါသလဲ။

ဦးမင်းထင်အောင်ဟန်။ ။ ဘဏ္ဍာရေးမှူးအလုပ်ပဲ မလုပ်ရတော့တာလေ။ လွှတ်တော်ကိုယ်စားလှယ်အလုပ်တွေလည်းရှိတယ်။ ပါတီဝင် နိုင်ငံရေးသမားဟာ နိုင်ငံရေးကတော့ လုပ်ရမှာပဲ။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်စာအများဆုံးလို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။

ဦးမင်းထင်အောင်ဟန်။ ။ အများကြီးပေါ့ တိုင်စာတွေက။ ဒါကတော့ ထုံးစံအတိုင်းပဲလေ နိုင်ငံရေးသမားတွေက အတိုက်အခိုက်တွေ ရှိမှာပေါ့။

ဟင်္သာမီဒီယာ။ ။ ဒီလို တာဝန်ရပ်ဆိုင်းခံရတဲ့အတွက် ပါတီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဦးမင်းထင်အောင်ဟန် ။ ။ မမြင်ပါဘူး။ ဘယ်လိုမှမမြင်ဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီမှာ လုပ်တယ်ဆိုတာ independent မဟုတ်ဘူးလေ။ ပါတီမရှိရင်တော့ ကိုယ့်ဟာကိုယ် ကြိုက်တာပြောပေါ့။ ပါတီတစ်ခုမှာ နေရင်တော့ ပါတီကချတဲ့စည်းကမ်းတွေ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာရတယ်လေ။

ဟင်္သာမီဒီယာ။ ။ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံပါသလား။

ဦးမင်းထင်အောင်ဟန်။ ။ ကြည့်ကြည့်လေ။ ကိုယ်ကအရှင်းဆုံးပဲဟာ။ ဒီလောက်ရှင်းနေတာကို။

ဟင်္သာမီဒီယာ။ ။ တခြားဖြည့်စွက်ပြောချင်တာများရှိရင်။

ဦးမင်းထင်အောင်ဟန်။ ။ နိုင်ငံရေးမှာ တချို့ကိစ္စတွေက ပါတီဂုဏ်သိက္ခာ၊ အစိုးရအဖွဲ့ဂုဏ်သိက္ခာနှင့် ကိုယ့်ဂုဏ်သိက္ခာ ယှဉ်လာရင်တောင် ကိုယ့်ဂုဏ်သိက္ခာကိုပဲ အကျခံပြီးတော့ တခြားကိစ္စတွေကို မပြောရတာရှိတယ်။ အဲဒါကို ဘယ်လိုပဲဖြစ်ဖြစ် စည်းကမ်းလိုက်နာရမယ်။ ဘာပဲပြောပြော သူများတွေက ယုန်ထင်ကြောင်ထင် ထင်မှာပဲ။ ဒါပေမယ့် ပြောလို့မရတာတွေရှိတယ်။ တချို့ဟာက ကိုယ်တိုင်မသိသေးတာတွေလည်းရှိတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...