မွန်ပါတီ၏ ရှေ့ခြေလှမ်း

မွန်ပါတီ၏ ရှေ့ခြေလှမ်း

(မွန်ပါတီပေါင်းစည်းခြင်းရေချိန်)

ပေါင်းစည်းထားသော မွန်ပါတီ၏ ပထမကြိမ် ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းဝေးကို ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၅၁ ဦး တက်ရောက်ခဲ့ကာ ပါတီအနေဖြင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်နိုင်ခဲ့သည်။ထို့ကြောင့် ရှေ့လုပ်ငန်းစဉ်များကို မည်သို့ မည်ပုံ လုပ်ဆောင်သွားစသဖြင့် ဟင်္သာမီဒီယာက တွေ့ဆုံ မေးမြန်းထားမှုအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်သည်။



နိုင်စံတင် - မွန်ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂)

ပါတီကပေါင်းပြီးဆိုတော့ ပါတီသစ်အနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အများကြီးလုပ်ဆောင်ရဦးမယ်လေ။ ပါတီသစ်အတွက် မှတ်ပုံတင်ဖို့ ကိစ္စရှိမယ်။ ဒီပါတီသစ်မှာက ပါတီတွေအားလုံးစုပေါင်းထားတဲ့အခါ ပြင်ပအင်အားစုလည်း ပါဝင်နေတဲ့အတွက် စီမံခန့်ခွဲရေး ကော်မတီတစ်ခုဖွဲ့လိုက်တယ်။ ၂၁ဦးပါတဲ့အဖွဲ့ပေါ့။ အဲဒီမှာ ပါတီမှတ်ပုံတင်ဖို့ရယ်။ ပါတီအတွက် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း မူကြမ်း ညှိနှိုင်း ရေးဆွဲဖို့ရယ်။ အဖွဲ့တွေ ဖွဲ့လိုက်ရတာပေါ့။

နောက်ပြီး အောက်ခြေပါတီတွေ ပေါင်းစည်းဖို့အတွက်၊ တစ်ခုတည်းဖြစ်ဖို့အတွက်လည်း မြို့နယ်အလိုက် ဆောင်ရွက်ပေးမယ့် အဖွဲ့တွေလည်း ဖွဲ့လိုက်တယ်။ ကျွန်တော်တို့ အပေါ်မှာပဲ ပေါင်းစည်းပြီးတော့ အောက်ခြေမှာ မပေါင်းရသေးဘူးလေ။ မြို့နယ်တို့၊ ကျေးရွာတို့ အဲဒါတွေ ပေါင်းစည်းဖို့အတွက် ကျွန်တော်တို့ ကော်မတီဖွဲ့လိုက်တာပေါ့။

ကျွန်တော်တို့ ပါတီရဲ့ ပေါင်းစည်းရေးမူအတိုင်း ၅ဝ၊ ၅ဝ၊ ပြင်ပအင်အားစုက ၄ဝ အဲလိုမျိုးပေါ့နော်။ ဒါပေမယ့် တစ်ချို့ မြို့နယ်တွေမှာက အဲလိုမျိုးဆိုအဆင်မပြေဘူးလေ။ အဆင်မပြေတဲ့နေရာကျတော့ ဗဟိုက တာဝန်ပေးထားတဲ့သူနဲ့ မြို့နယ်က တာဝန်ရှိသူတွေ၊ မြို့နယ်မှာရှိတဲ့ ပါတီအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဆွေးနွေးကြတာပေါ့။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲပေါ့။ အဲလိုမျိုး ညှိပြီးတော့ ဖွဲ့ရမှာပေါ့။ အဆင်ပြေအောင်တော့ လုပ်ရမှာပေါ့။ တစ်ချို့မြို့နယ်မှာက နှစ်ပါတီမှာ တစ်ပါတီပဲရှိတယ်လေ။ တစ်ဖက်ပါတီက မရှိဘူး။ အဲတော့ ကျွန်တော်တို့က ၅ဝ၊ ၅ဝ ပြောနေရင် တစ်မျိုးဖြစ်သွားမှာစိုးလို့။ ဗဟိုအမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ချက်အနေနဲ့ ကော်မတီ ၄ရပ် ဖွဲ့စည်းနိုင်ခဲ့တယ်။

စီမံခန့်ခွဲရေး ကော်မတီရယ်၊ ပါတီမှတ်ပုံတင်ရေး ကော်မတီရယ်၊ ပါတီသစ်အတွက် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းမူကြမ်း ရေးဆွဲဖို့ရယ်၊ မြို့နယ်အဆင့်အတွက် ပေါင်းစည်းရေးကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ရယ် ကော်မတီတွေ ဖွဲ့လိုက်တယ်။

အဓိကကတော့ အဲဒါကိုပဲ ဆွေးနွေးဖြစ်တယ်။ ဖွဲ့လိုက်တယ်။ နောက်ပြီးတော့ ရုံးလုပ်ငန်းအတွက် တာဝန်ခံတွေ ရွေးချယ်လိုက်တယ်။ ပါတီအသစ်အတွက် ရုံးအသစ်ဖွင့်ဖို့ရှိတယ်လေ။ ရှေ့ဆက်ပြီးလည်း သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအလိုက် ပေါင်းစည်းပေးလိုက်တဲ့ ပါတီတွေ၊ ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီတွေ ကလည်း ကိုယ့်အဖွဲ့အလိုက် အစည်းအဝေးတွေကို ပုံမှန်လာတတ်ရမယ်။

စီမံခန့်ခွဲရေးကော်မတီကျတော့ ဒီလာမယ့် နိုဝင်ဘာ ၁၇ရက်နေ့မှာ အစည်းအဝေးထိုင်မယ်။ အဲဒီကြားထဲမှာ ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေး တွေ ခေါ်ရမယ်လေ။ ဗဟိုကော်မတီ အစည်းအဝေး ခေါ်တာက ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေကို အတည်ပြုဖို့ရယ်၊ နောက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အတွက်ရော၊ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ဗဟိုကော်မတီကို ပြန်ရှင်းပြရမယ်လေ။ အဲဒီ ဗဟိုကော်မတီအစည်းအဝေး ခေါ်ဖို့ကို နိုဝင်ဘာ ၂၅ရက်လောက်တော့ လုပ်မယ့်လို့ လျာထားတယ်။ မွန်အမျိုးသမီးပါတီအနေနဲ့ တော့ ပူးပေါင်းပါဝင်လာဖို့ မရှိသေးဘူးလို့ ပြောပါတယ်။



နိုင်လယိတမ - မွန်ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁)

ဗဟိုအမှုဆောင် အစည်းအဝေးမှာ အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့တာတော့ သုံးချက်ပေါ့နော်။ တစ်အချက်က နှစ်ပါတီပေါင်းစည်းပြီးသွားတဲ့ နောက်ပိုင်းမှာ ပါတီပေါင်းစည်းခွင့်ကို ကော်မရှင် လျှောက်ထားဖို့ကို နိုဝင်ဘာ ၁၅ရက် နောက်ဆုံးထားပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။

နောက်ပြီးတော့ ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ညှိနှိုင်းရေးဆွဲရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ မြို့နယ်အဆင့် နှစ်ပါတီ ပေါင်းစည်းရေးအဖွဲ့ကို ကျွန်တော်တို့ ၁၈မြို့နယ်ကို ဒေသ ၆ဒေသခွဲပြီးတော့ ဒေသတစ်ခုကို ဗဟိုက ကိုယ်စားလှယ်ပေါ့။ ဒေသတစ်ခုကို ဗဟိုက ဦးဆောင်တဲ့ အဖွဲ့ တစ်ဖွဲ့စီက ဆင်းပြီးတော့ ပါတီတွေကို ပူးပေါင်းပေးဖို့ တာဝန်တွေ ခွဲဝေပေးခဲ့တယ်။

နောက်တစ်ခုက နိုဝင်ဘာ ၂၄ရက်မှာ ဗဟိုကော်မတီအစည်းအဝေး ခေါ်ဖို့အတွက် ဆုံးဖြတ်ချက် ချထားတယ်။ အခု အစည်းအဝေးက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆိုတော့ ဒီက ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ဗဟိုကော်မတီအစည်းအဝေးမှာ ပြန်လည် တင်ပြရမှာပေါ့။ ပြီးခဲ့တဲ့အချိန်တုန်းကတော့ မွန်အမျိုးသမီးပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်ကတော့ လောလောဆယ် ပါဝင်နိုင်ဖို့ မရှိသေးဘူးလို့ ပြောပါတယ်။



နိုင်တလညီ - မွန်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဓိကကတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့တာက ကျွန်တော်တို့ ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ကျစ်ကျစ်လစ်လစ် လုပ်ဆောင်နိုင်အောင်ဆိုပြီးတော့ ၂၁ဦးပါဝင်တဲ့ လုပ်ငန်းစီမံခန့်ခွဲရေးရာ ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ပေါင်းစည်းထားတဲ့ ပါတီ မှတ်ပုံတင်နိုင်ရေးအတွက် ဆွေးနွေးကြတယ်။ ပါတီ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲနိုင်ရေးအတွက် အဖွဲ့တွေ ဖွဲ့ပေးတယ်။

ပြီးတော့ မြို့နယ်ပါတီပေါင်းစည်းရေးတွေကို ဖော်ဆောင်နိုင်ဖို့အတွက် လုပ်ငန်းအဖွဲပတွေ ဖွဲ့ပေးတယ်။ ပါတီအသစ် ရုံးလုပ်ငန်းတွေအတွက် ပြောရေးဆိုခွင့် ရှိသူတွေကို ရွေးချယ်ကြတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ပါတီသစ်မှာ ထူးထူးထွေထွေတော့ မရှိသေးပါဘူး။

ဗဟိုအမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲအခုကတော့ မြို့နယ်အဆင့် ပါတီပေါင်းစည်းရေးလုပ်ငန်းတွေကို အကောင်းဆုံး လုပ်ဆောင်ဖို့ရှိတယ်။ ပါတီတစ်ခုတည်းဖြစ်ဖို့အတွက်ပါ။ နောက်ပြီး ပါတီသစ်ကို မှတ်ပုံတင်မယ်ကိစ္စကိုလည်း အမြန်ဆုံး လုပ်ဆောင်မှာပါ။

လာမယ့်နိုဝင်ဘာ ၂၄ရက် ၂၅ရက်မှာ ဗဟိုကော်မတီအစည်းအဝေးကို ကျင်းပဖို့ အဲဒါတွေကို အဓိက ဆောင်ရွက်နေတယ်။ မွန်အမျိုးသမီးပါတီနဲ့ ညှိနှိုင်းဖို့ကတော့ လောလောဆယ် အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချထားတာ မရှိသေးပါဘူး။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...