“ကျနော့်စိတ်ထဲမှာကတော့ဒီထက်ပိုသွားနိုင်ရမယ်။”
ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားမိဘနှစ်ပါးထံမှမွေးဖွားလာခဲ့တဲ့အသက်၂၆နှစ်အရွယ်ကရင်လက်ဝှေ့သမားစောဖိုးကျော်(ခေါ်) ဖေ့ချ်ကျော်ဟဲဟာအသက်၁ဝနှစ်သားအရွယ်ကတည်းကလက်ဝှေ့ထိုးသတ်မှုနဲ့စတင်ထိတွေ့ခဲ့သူဖြစ်ပြီး အခုချိန်ထိထိုင်းနိုင်ငံရဲ့နာမည်ကြီးလက်ဝှေ့စိန်ခေါ်ပွဲကြီးတွေဖြစ်ကြတဲ့ Supper Muay Thai နဲ့ Max Muay Thai အပါအဝင်အခြားလက်ဝှေ့စိန်ခေါ်ပွဲတွေမှာဝင်ရောက်ထိုးသတ်နေသူတစ်ယောက်ဖြစ်ပါတယ်။သူဖြတ်သန်းလာခဲ့တဲ့လက်ဝှေ့လောကရဲ့အချိုးအကွေ့တစ်စေ့တစ်စောင်းကိုစုစည်းဖော်ပြလိုက်ပါတယ်။
မေး။ ။လက်ဝှေ့စထိုးသတ်ဖြစ်လာရတဲ့အကြောင်းအရင်းကိုပြောပြပေးပါ။
လက်ဝှေ့မထိုးခင်ကတည်းကတော့ကျနော်နွားကျောင်းတယ်ပေါ့နော်။အဲဒီမှာလက်ဝှေ့သမားတွေကပြေးလွှားကြတာ၊လေ့ကျင့်မှုတွေလုပ်တာကျနော့်အိမ်နဲ့နီးတယ်။အဲဒီမှာနေ့တိုင်းပဲကျနော်သွားကြည့်တယ်။ဆရာကတွေ့တော့မေးတယ်။မင်းထိုးမလား၊မင်းကိုနေ့တိုင်းတွေ့တဲ့အခါကျတော့မင်းထိုးဖို့ဝါသနာရှိသလားပေါ့။ကျနော်လည်းပဲပါတယ်ပေါ့။အဲဒီကနေစပြီးကျနော်ကိုခေါ်ပြီးသူ့ကလပ်ထဲကိုသွင်းလိုက်တယ်။ကျနော်စထိုးတာကတော့အသက်၁ဝနှစ်ရှိပါတယ်။တစ်ပွဲနှစ်ပွဲစထိုးတာတော့နိုင်တယ်။ကျနော့်ဆရာကထိုင်းလူမျိုးပါ။ဆရာကကျနော့်အိမ်ဘေးမှာပဲနေတယ်။
မေး။ ။လက်ဝှေ့အမျိုးအစားဘယ်နှစ်မျိုးထိုးသတ်ဖူးပါသလဲ။
ကျနော်စထိုးတာကမွေထိုင်းပါ။အချိန်အတော်ကြာထိုးခဲ့ပါတယ်။နောက်မြန်မာ့လက်ဝှေ့ထိုးတယ်။ထိုင်းလိုခေါ်ရင်“မွေခတ်ချုယတ်”ပေါ့။ကျနော်အသက်ဆယ်ကျော်သက်အရွယ်မှာအဲဒီနှစ်မျိုးပဲထိုးတယ်။အရင်ကကျနော့်လက်ဝှေ့ကလပ်ကမယ်ပ (မဲဆောက်)မှာပဲရှိပါတယ်။ကလပ်မှာလက်ဝှေ့သမားတွေမရှိတော့ကလပ်လည်းပျက်သွားတာတော့ကျနော့်ဆရာ့ကဘန်ကောက်ခေါ်သွားတယ်။ဘန်ကောက်မှာလုပ်တဲ့ပွဲကိုကျနော်သွားထိုးတယ်ပေါ့နော်။ဘန်ကောက်မှာထိုးတာနိုင်တာလည်းရှိပါတယ်။ရှုံးတာလည်းရှိပါတယ်။
နောက်ပြီး Boxing လက်ဝှေ့သမားတွေလည်းကျနော်တို့ကလပ်မှာလာပြီးလေ့ကျင့်တယ်။နေရာလာငှားတယ်ပေါ့။အဲဒီမှာ Boxing ကလပ်ကတပည့်တစ်ယောက်ကိုတည်ထိုးခိုင်းတယ်။အဲဒီမှာကျနော်နိုင်သွားတဲ့အခါကျတော့သူ့တို့ကလပ်ထဲကိုခေါ်ထည့်လိုက်ပါတယ်။
မေး။ ။ဘယ်ကီလိုတန်းနဲ့ဘယ်လက်ဝှေ့အမျိုးအစားကိုထိုးတာများလဲ။
ကျနော်ထိုးတဲ့ကီလိုတန်းကတော့၅၁ကီလိုလည်းရှိတယ်။၅၂ကီလိုလည်းရှိတယ်။၅၃၊၅၄ကီလိုလည်းရှိပါတယ်။ Boxing မှာတော့၅၁ကီလိုတန်းမှာကျနော်ထိုးပါတယ်။မွေထိုင်း၊မွေခတ်ချုယတ်ကတော့၅၄ကီလိုတန်းမှာထိုးပါတယ်။အဆင့်နဲ့ပြောရင်အလယ်အလတ်အဆင့်နဲ့ထိုးတယ်ပေါ့။မြန်မာနိုင်ငံကိုယ်စားပြုထိုးဖူးသလို၊ထိုင်းနိုင်ငံကိုယ်စားပြုလည်းထိုးဖူးပါတယ်။Boxing ထိုးတုန်းကဆိုရင်ထိုင်းနိုင်ငံကိုယ်စားပြုပြီးကျနော်ထိုးပါတယ်။ Boxing ထိုးတုန်းကဆိုအင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့နဲ့ထိုးပါတယ်။ကျနော်ခါးပတ်နှစ်ခုတောင်ရပါတယ်။အဲဒါကထိုင်းနိုင်ငံကိုယ်စားပြုထိုးတုန်းကပေါ့။အဲဒီခါးပတ်နှစ်ခုကအာဆီယံခါးပတ်ပေါ့နော်။မွေထိုင်းကိုပြန်ထိုးတဲ့အခါကျတော့မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပြန်ထိုးပါတယ်။
မေး။ ။ လက်ဝှေ့ပွဲတစ်ပွဲကိုမထိုးသတ်ခင်မှာဘယ်လိုလေ့ကျင့်ယူရပြီးဘယ်လိုနေထိုင်စားသောက်ရပါသလဲ။
လက်ဝှေ့သမားဆိုတာအမှန်ကကိုယ့်တာဝန်ကိုယ်သိရပါတယ်။အိပ်ရာထရမယ့်အချိန်ကထရမယ်။လေ့ကျင့်ရမယ့်အချိန်ကလေ့ကျင့်ယူရမယ်။အိပ်ရမယ့်အချိန်ကအိပ်ရမယ်ပေါ့။အစားအသောက်ပိုင်းမှာကတော့အများတွေစားသောက်သလိုပဲစားသောက်ရမှာပေါ့။ထမင်းကိုလည်းရိုးရိုးပဲစားရမယ်။လေ့ကျင့်မှုအပိုင်းတော့မနက်၊ညနေထရိန်နင်ပုံမှန်ဆင်းရတယ်။ကျနော်လက်ဝှေ့ထို်းတာလည်းအရမ်းကြီးနာမည်ကြီးတာမဟုတ်ဘူးပေါ့နော်။အလယ်အလတ်အဆင့်ပဲရှိသေးတယ်။ကျနော့်စိတ်ထဲမှာကတော့ဒီထက်ပိုသွားနိုင်ရမယ်။
မေး။ ။ ဒီအတောအတွင်းမှာ ဆက်လက်ထိုးသတ်ရမဲ့ ဘာပွဲစဉ်တွေ ရှိသလဲ။
အခုကတော့ ကျနော့် ပတ်စ်ပို့ကို စောင့်နေပါတယ်။ ပတ်စ်ပို့သက် တမ်းကုန်ရင် သက်တမ်းထပ်တိုးပြီးတော့ ဘန်ကောက်ကို တက်သွားပါမယ်။ ထိုးရမဲ့ ပွဲတွေကတော့ လာမဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ မြန်မာပြည်ကို ပြန်ပြီးထိုးသတ်ရမယ်။ ကျနော့်အဖေရွာ ကော့ကရိတ်မှာပါ။ ဘယ်သူနဲ့ထိုးသတ်ရမလဲဆိုတာက ကျနော် မသိရသေးဘူး။ ကျန်တဲ့ ပွဲစဉ်တွေကတော့ ကျနော်ဘန်ကောက်ကို ရောက်မှ သိရှိရမှာဖြစ်ပါတယ်။ ထရိန်နင်တွေအပြည့်အဝရှိမှ ကျနော်စိန်ခေါ်ထိုးသတ်သွားမယ်။ ကျနော်ထရိန်နင် အပြည့်မရှိရင် မစိန်ခေါ်ထိုးရဲဘူးပေါ့။ အားမရှိပဲ ထိုးရင် အကဲ့ရဲ့ခံရလိမ့်မယ်။
မေး။ ။ ကရင် လူငယ်တွေကို ဘာစကားလက်ဆောင်ပြောချင်သလဲ။
အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ဘောလုံးကန်တာပဲဖြစ်ဖြစ်၊ လက်ဝှေ့ထိုးတာပဲဖြစ်ဖြစ် ကြိုးစားကြပါ။ မောပန်းမယ်ဆိုရင် အနားယူပါ။ အမောပြေသွားရင် ဆက်လုပ်ပါ။ အခက်အခဲ အကြပ်အတည်း ဘယ်လောက် ရင်ဆိုင်ကြုံတွေ့နေရပါစေ လွယ်လွယ်လေးနဲ့ အရှုံးမပေးပါနဲ့။ ကြိုးစားပြီး ဆက်လက်တက်လှမ်းပါ။ တစ်နေ့ဆိုရင် ဒို့အတွက်ပါပဲ။