၂၀၁၇ -၁၈ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံအစိုးရစစ် စတုတ္ထတန်းနှင့် အဌမတန်းဖြေဆိုအောင်မြင်သွားခဲ့သည့် မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများအား အောင်လက်မှတ်များနှင့် ထူးချွန်ဆုများကို ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ ဆာသူးလေ အထက်တန်းကျောင်း၌ ပညာရေးတာဝန်ရှိသူများက စက်တင်ဘာ ၈ရက်နေ့တွင် ပေးအပ်ခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ-BMWEC၏ အဖွဲ့ဝင် မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ( ၂၂)ကျောင်းမှ စတုတ္ထတန်းတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသူ/ကျောင်းသား (၂၅၇)ဦးနှင့် အဌမ တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသူ/ကျောင်းသား (၈၇ )ဦးတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း BMWEC၏ ဥက္ကဌ နော်ဆာအယ်စေးဖိုးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ ဒီ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာရေးဆိုင်ရာ အသိအမှတ်ပြုအောင်လက်မှတ်ရှိစေဖို့ လုပ်ဆောင်ပေးတာပါ။ အရင်တုန်း က သူတို့အတွက် ဒီလိုအခွင့်အရေးမျိုးမရှိခဲ့ဘူး။ ကျမတို့ သူတို့လေးတွေကို ကိုယ့်နေရာ ဒေသမှာ ရှေ့ဆက်တက်ချင်တဲ့ တက္ကသိုလ်ကျောင်းတွေကို တက်ခွင့်ရအောင် ကျမတို့၂၀၁၂ခုနှစ် ကစပြီးတော့ စီစဉ်ပေးခဲ့တာပါ”ဟု ပြောသည်။
အဆိုပါ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲသို့ BMWECမှတာဝန်ရှိ ကျောင်းဆရာ/ဆရာမများ၊ ကရင်ပြည်နယ်အစိုးရ ပညာရေးတာဝန်ရှိသူများ၊ မြဝတီမြို့မှ လွှတ်တော်အမတ်အချို့နှင့် ထိုင်းနိုင်ငံ ပညာရေး တာဝန်ရှိသူ အချို့တို့ တက်ရောက်အားပေးချီးမြှင့်ပေးခဲ့ကြသည်။
ဆာသူးလေအထက်တန်းကျောင်းမှ အဌမတန်းအောင်လက်မှတ်ရရှိခဲ့သူ နော်မူ့စေးအယ်က “ အရင်က ကျမအောင်မယ်လို့တောင်ကိုယ့်ကိုယ်ကို မယုံကြည်ရဲဘူး။ ဒါပေမဲ့ ဒီနေ့အောင်လက်မှတ်ရရှိသွားပြီးဆိုတော့ ဝမ်းလည်းဝမ်းသာသလို စိတ်လည်းလှုပ်ရှားမိတယ်။ ကျမရှေ့ဆက်ပြီး ကျောင်းတွေပြီးအောင်တက်ပြီးတော့ ကျောင်းဆရာမလုပ်သွားဖို့ရည်ရွယ်ချက်ရှိတယ်။ နောက်ပြီး မအောင်မြင်သေးတဲ့ သူငယ်ချင်းတွေကိုလည်း ရှေ့ဆက်ကြိုးစားစေချင်တယ်”ဟုကေအိုင်စီသို့ပြောသည်။
မဲဆောက်ဒေသ၏ မဲဆောက်၊မယ်လမတ်နှင့်ဖုတ်ဖရမြို့နယ်သုံးမြို့နယ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သား၊သမီးများအတွက်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းပေါင်း ၇၄ကျောင်းရှိရာမှ ထောက်ပံ့ရေး အခက်အခဲများ ကြောင့် ကျောင်းပေါင်း ၆ဝကျော်သာကျန်ရှိပြီး နှစ်နိုင်ငံအစိုးရတို့၏အသိအမှတ်ပြုမှုမခံထားရသည့် ကျောင်းသူ/ကျောင်းသားပေါင်း နှစ်သောင်းဝန်းကျင်ပညာသင်ယူနေသည်ဟုမြန်မာရွှေ့ပြောင်းကျောင်းတာဝန်ရှိသူများကဆို သည်။
မြန်မာရွှေ့ပြောင်း ကျောင်းများအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထတန်း၊အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်း အစိုးရစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဆင့်မှစတင် ဖြေဆိုခွင့်ရခဲ့ပြီး မူလတန်းနှင့်အလယ်တန်းဖြေဆိုခွင့်ကို ၂၀၁၄ခုနှစ်တွင်စတင်ရရှိခဲ့သည်။ အလားတူ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးပွဲကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှ စတင်ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် လေးကြိမ်မြောက်ရှိသွားပြီးဖြစ်သည်။