အားလုံးသိတဲ့အတိုင်းပါပဲ ကျွန်တော်တို့ ချင်းပြည်ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင်ဖြစ်ပါတယ်။ လူဦးရေအားဖြင့်လည်း ထိုနည်း၎င်းပါပဲ။ ဒီကနေ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်/ စနစ်အရ ချင်းပြည်အတွင်းမှာ ချင်းလူမျိုးမဟုတ်တဲ့ အလုပ်သမား၊ လုပ်ငန်းရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ အနည်းနဲ့အများ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာကို နေရာတကာမှာ တွေ့နေရတာ အတွင်းစိတ်ထဲက မကျေနပ်မှု၊ အားမလိုအားမရမှုနဲ့ စိုးရိမ်မှုတွေ လုံးဝခံစားမိပါတယ်။ ကျွန်တော့်လို ခံစားသူတွေလည်း ရှိ ကြလိမ့်မယ်လို့ ထင်မိပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး India နိုင်ငံအတွင်း tribal (မျိူးနွယ်စု) တွေ နေထိုင်တဲ့ Mizoram, Nagaland နဲ့ Arunachal Pradesh တို့မှာ ကျင့်သုံးနေတဲ့ Inner Line Permit အကြောင်းလေးကို အနည်းငယ် ဝေမျှလိုပါတယ်။
၁။ ILP ဆိုတာ ဘာလဲ?
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်အချို့ဟာ လူမျိူးနွယ်စု tribal တွေဖြစ်ကြပါတယ်။ တနည်းဆိုရရင် indigenous people တွေပါ။ အဲ့ဒီ အရှေ့မြောက်ပြည်နယ်များအနက် Mizoram, Nagaland, Arunachal Pradesh စတဲ့ ပြည်နယ်များကို တခြားအိန္ဒိယနိုင်ငံသားတွေက အဝင်အထွက်လုပ်မယ်ဆိုရင် (ပြည်နယ်ကို ဝင်ထွက်သွားလာခွင့်- ILP) မရှိရင် ပြည်ဝင်ခွင့်မရပါဘူး။
ဒီ ILP ဟာ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် ဘင်္ဂလားနယ်ခြားဥပဒေ- Bengal Frontier Provision Act- 1873 က အဲ့ဒီပြည်နယ်တွေကို ပေးထားတဲ့ အခွင့်အရေးအရ ကျင့်သုံးတာဖြစ်ပါတယ်။ Tribal မဟုတ်တဲ့ ပြည်နယ်ပြင်ပက နိုင်ငံသားများဟာ အထက်ပါပြည်နယ်များကို သွားရောက်တဲ့အခါ အဖိုးတန် သစ်တောထွက်ပစ္စည်းတွေ၊ မှတ်စုမှတ်တမ်းတွေ၊ ထူးခြားရှားပါးပစ္စည်း၊ ကိုးကွယ်ယုံကြည်မှု၊ သိပ္ပံဆိုင်ရာစိတ်ဝင်စားဘွယ် စတာတွေကို ယူဆောင်ခွင့်မရှိပါ။ အဲ့ဒီ စည်းကမ်းချက်တွေ ရေးဆွဲသတ်မှတ် ခြင်းဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကန့်သတ် ထားတာ ဖြစ်ပါတယ်။
၂။ ကန့်သတ်ချက်
အကျဉ်းချုပ်ပြောရမယ်ဆိုရင် ILP ဟာ အကျုံးဝင်တဲ့ ပြည်နယ်အတွင်း အပြီးအပိုင်နေထိုင်ဖို့အတွက် ထုတ်ပေးခွင့်မရှိပါဘူး၊ (ဥပမာ- အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ခွင့်ပြုထားတဲ့ ကုမ္ဗဏီဝန်ထမ်း- ၂ နှစ်၊ ပုံမှန် (၆) လ၊ ယာယီ (၇) စသဖြင့် သုံးမျိုးသုံးစားခွဲပြီး၊ renewable and unrenewable ဆိုပြီးတော့ Sponsor ရဲ့ အာမခံချက်နဲ့ ပြည်နယ်အစိုးရက ထုတ်ပေးပါတယ်။ ပြည်နယ်ပြင်ပ အိန္ဒိယနိုင်ငံသားတွေက ပြည်နယ်အတွင်း ပိုင်ဆိုင်ခွင့် လုံးဝခွင့်မပြုပါဘူး။အခြားအိန္ဒိယနိုင်ငံသားနဲ့ လက်ထပ်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ (အဲ့ဒီကိစ္စမှာတော့ ထိရောက်မှု သိပ်မရှိ)(ဒီ ILP စည်းကမ်းချက်များဟာ ဗဟိုအစိုးရက ခန့်ထားတဲ့ အစိုးရဝန်ထမ်းများနဲ့ လုံခြုံရေးဆိုင်ရာ ဝန်ထမ်း များအပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး)
၃။ ဘာကြောင့် (Mizoram, Nagaland, Arunachal Pradesh) စတဲ့ပြည်နယ် သုံးခုမှာသာ ကျင့်သုံးသလဲ?
Tribal တွေဖြစ်တဲ့ အရှေ့မြောက်ပြည်နယ်တွေထဲက ဘာကြောင့် အဲ့ဒီ ပြည်နယ်သုံးခုကသာ ILP ကို ကျင့်သုံးခွင့်ရှိသလဲဆိုရင် ဒီပြည်နယ်များဟာ ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးတွေဖြစ်ပြီး၊ မဏိပူရ်ကတော့ Siangpahrang အုပ်ချုပ်တဲ့ ပြည်နယ်ဖြစ်တဲ့အတွက် ဗြိတိသျှက ဒီအခွင့်အရေးကို မပေးခဲ့ပါဘူး။ Meghalaya ကတော့ သူတို့က မလိုလားသလို ဝန်ကြီးချုပ် Mukul Sangma က ကိုလိုနီလက်ထက်က တရားမဝင် လူဝင်မှုနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်လိုတဲ့အပြင် Assam ဟာ Tribal State အဖြစ် မကြေညာခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ Meghalaya ပြည်နယ်မှာ 3-tier ID card ကို ပြုလုပ်ထားပြီး (ပြည်နယ်အတွင်း အခြားပြည်နယ် သားများက ပိုင်ဆိုင်ခွင့်မရှိတာ၊ လုပ်ငန်းရှင်များအနေနဲ့ တရားမဝင်/ရွေ့ပြောင်းနေထိုင်သူ အလုပ်သမား (၅) ဦးအထက် အလုပ်ခန့်ပါက ပြည်နယ်အစိုးရထံ မှတ်ပုံတင်ရမယ်) ဆိုတဲ့ စည်းမျဉ်းတွေကို ထုတ်ဝေ ရေးဆွဲထားပါတယ်။
Manipur အစိုးရကလည်း ၂၀၁၂ ကစပြီး India Parliament မှာ ILP ကျင့်သုံးခွင့်ကို တောင်းဆိုထားပါ တယ် (ခွင့်ပြုချက်မရသေးပါ)။
၄။ ILP အကျိုးရှိမှု
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် အခြားပြည်နယ်များကနေ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ များပြားလာတဲ့အတွက် ၎င်းတို့နဲ့ ဒေသခံတွေအကြား အလုပ်၊ ရွေးကောက်ပွဲ၊ ပညာရေးနဲ့ စီးပွားရေးလုပ် ငန်းတွေမှာ ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေခဲ့တယ်။ အဲ့ဒီကနေ လူဦးရေအချိုးအစားကို ပြောင်းလဲစေပြီး၊ အဲ့ဒီကနေ တဆင့် နေထိုင်မှုနဲ့ ခွဲတမ်းစနစ်မှာ ဆုံးရှူံးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ပြည်ပက ဝင်ရောက်နေထိုင်သူတွေကြောင့် ပြစ်မှု များပြားလာတယ်။ပြည်ပက ဝင်ရောက်နေထိုင်သူတွေဟာ ဒေသခံထက် စရိတ်/လုပ်အားခနည်းဖြင့် အလုပ်လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေရဲ့ အခက်အခဲကို ဖြစ်ပေါ်စေပါတယ်။
လူနည်းစုတွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကာကွယ်ခြင်းလည်း ဖြစ်တယ်။ (ILP ကို ကျင့်သုံးခြင်းအားဖြင့် အခက်အခဲတွေလည်း ရှိတတ်ပါတယ်။ ဥပမာ- ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ပြည်နယ်တွေမှာ ပညာရှင်များ ဝင်ရောက်လုပ်ကိုင်ဖို့အတွက် အခက်အခဲဖြစ်စေတတ်ပါတယ်။)
ကျွန်တော်တို့ ပြည်နယ်ကို လက်ရှိအခြေအနေအပေါ် အခြေခံပြီး သုံးသပ်မယ်ဆိုရင် ပြည်နယ်ဦးရေရဲ့ ထက်ဝက်ခန့်ဟာ ပြည်ပမှာ နေထိုင်လျက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မြင့်တက်လာတာနဲ့အမျှ ပြည်ပကနေ လုပ်ငန်းရှင်၊ အလုပ်သမားတွေလည်း ဒီထက်မက အများကြီး ဝင်ရောက်လာနိုင်ဖွယ်ရှိပါတယ်။ တဖက်မှာ ဒေသအတွင်း အလုပ်လုပ်မယ့်လူမရှိရင် အလုပ်သမားကို ရရာနည်းလမ်းနဲ့ ရှာကြရမှာလည်းဖြစ်တယ်။ အဲ့ဒီအနေအထားတွေအပေါ် မူတည်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်၊ ရလဒ်ကတော့ အားလုံးသုံးသပ်နိုင် ကြမယ်လို့ ထင်ပါတယ်။
အဲ့ဒါကြောင့် မိမိလူမျိုးကို ကာကွယ်တဲ့သဘောလည်းဖြစ်သလို၊ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အ ရေးကို မြှင့်တင်ရာလည်းဖြစ်ပြီး မိမိတို့ အမျိုးသားအကျိုးစီးပွားဖြစ်စေမယ့် နည်းလမ်းတစ်ခုကိုတော့ ရှာဖွေ သင့်ပြီဆိုတဲ့ အမြင်နဲ့ အနည်းငယ် မျှဝေလိုက်ပါတယ်။
စဉ်းစား၊ သုံးသပ်၊ ကြံဆ၊ နည်းလမ်းရှာကြစို့..