“တပ်မတော်ကို အင်အားချိနှဲ့တယ်လို့မမြင်ဘူး။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို အင်အားချိနှဲ့နေလို့ဝင်လာတာမဟုတ်ဘူး”

“တပ်မတော်ကို အင်အားချိနှဲ့တယ်လို့မမြင်ဘူး။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို အင်အားချိနှဲ့နေလို့ဝင်လာတာမဟုတ်ဘူး”
by -
အောင်ကျော်ထွန်း

၂၁ရာစုပင်လုံနှင့် တပ်ချုပ်မိန့်ခွန်းအပေါ် မွန်ပြည်သစ်ပြောရေးဆိုခွင့်ရှိသူ၏ သုံးသပ်ချက်

နှစ်ပေါက်အောင်ကြန့်ကြာခဲ့ရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၁၁မှ ၁၆ ရက်အထိ ခြောက်ရက်တိုင်ကျင်းပနေပါပြီ။ ယင်းတွင် မကြာသေးမီကမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး မွန်လူမျိုး အလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပထားခဲ့သည့် မွန်ပြည်သစ်ပါတီလည်း တက်ရောက် နေသည်။

ထို့ကြောင့် ၂၁ ရာစုပင်လုံနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ အခြေအနေများ၊ ဝေဖန်သံများ ညံစီခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အစည်းအဝေးအဖွင့်မိန့်ခွန်းအပေါ်အမြင်များကို မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးနှင့် ဟင်္သာက တွေ့ဆုံမေးမြန်းထားပါသည်။

ဟင်္သာမီဒီယာ – အခုပြုလုပ်တဲ့ တတိယအကြိမ် ပင်လုံအစည်းအဝေးကနေ မွန်ပြည်သစ်ပါတီအနေနဲ့ ဘာတွေမျှော်လင့်ထားသလဲ။

နိုင်အောင်မငေး – ကျွန်တော်တို့ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ) ကိုတော့ အများကြီး အရမ်း မျှော်လင့်ထားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ NCA(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်) မှာ လက်မှတ်ရေးထိုးတယ်ဆိုတာကလည်း UPC မှာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့ အညီသွားဖို့အတွက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က အဲဒါလုပ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ဖြတ်ချခံထိတယ်ပေါ့နော်။ သူ့ရဲ့ မူဝါဒရှိတာပေါ့နော်။ UPDJC (ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ) ရဲ့ သဘောတူညီချက်ရမှပဲ တင်ရမယ်ဆိုတော့လေ ကျွန်တော်တို့ ကြိုးစားထားတဲ့ စုစည်းထားတဲ့ အချက်အလက်တွေက အားလုံးပြန်စုလိုက်မယ်ဆိုရင် ကျွန်တော်တို့ လိုချင်သလောက်မရဘူးပေါ့။ အဲဒီတော့ အားမလို အားမရဖြစ်မိတာပေါ့လေ။ ဒါပေမဲ့အခုတော့ ဘယ်လိုပဲပြောပြော အခန်းကဏ္ဍတစ်ခုအနေနဲ့ မရရင်တောင်မှ တစ်ဆင့်တော့ တက်လို့ရတာပေါ့ ။

ဟင်္သာမီဒီယာ – ဒါဆို အခုညီလာခံကနေပြီးတော့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရလာမယ်လို့ရော မျှော်မှန်းထားလား။

နိုင်အောင်မငေး – တခြားမြေယာကဏ္ဍတို့ လူမှုရေးကဏ္ဍတို့ပေါ့နော် စီးပွားရေးကဏ္ဍတို့မှာပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်မှုမှာ အတော်လေး အထောက်အပံ့ဖြစ်လာတယ်ပေါ့နော်။ လူမှုရေးကဏ္ဍမှာ ၇ ချက်မှာ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒေသတွေ တိုင်းရင်းသားဒေသတွေမှာ အများကြီး အထောက်အကူဖြစ်လာတယ်ပေါ့နော်။

ဟင်္သာမီဒီယာ – ဒီလိုဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုမှာ လက်ရှိအစိုးရနဲ့ ယခင်အစိုးရ ဘာကွာခြားမှုတွေရှိလဲ။

နိုင်အောင်မငေး – အမှန်ပြောရရင်တော့ ဒီအစိုးရ လက်ထက်မှာက နှစ်ဆင့်ပြောရတယ်ဆိုတဲ့ အပိုင်းရှိတာပေါ့နော်။ ဥပမာဆိုရင် တပ်မတော်တစ်ဆင့် အစိုးရ လွှတ်တော် တစ်ဆင့် အဲ့နှစ်ဆင့် သဘောတူမှ ပြောလို့ရတယ် ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတော့ ကျွန်တော်တို့က တစ်ဆင့်တည်းပေါ့နော်။ ဟိုတုန်းကတော့ အစိုးရနဲ့ တပ်မတော်နဲ့က တစ်ထပ်တည်း ကျလုနီးပါး ဖြစ်တယ်ဆိုတော့လေ သိပ်ငြင်းစရာမရှိဘူး။ အခုက နှစ်ဖွဲ့လုံးကို သွားပြောရတဲ့ သဘောမျိုးဖြစ်နေတယ်ပေါ့နော်။

ဟင်္သာမီဒီယာ – ဖွင့်ပွဲနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပေါ်မှာရော မွန်ပြည်သစ်ပါတီအနေနဲ့ ဘာပြောချင်လဲ။

နိုင်အောင်မငေး – တပ်ချုပ်ပြောတဲ့ မိန့်ခွန်းအရတော့ တချို့စကားလုံးတွေက ကျွန်တော်တို့အနေနဲ့တော့ သိပ်သဘောမကျဘူးပေါ့နော်။ ဥပမာဆိုရင် ၁၉၄၇ ရဲ့ ပင်လုံစာချုပ်ဟာဆိုရင် ကျွန်တော်တို့ရဲ့ ဆိုးမွေဖြစ်လာခဲ့ကြောင်းလို့ သူ အရိပ်အမြွက်ပြောသွားတယ်ပေါ့။ ဒါကလည်း ဟိုအချိန်တုန်းကကြည့်ရင် ပင်လုံမဖြစ်ခဲ့ရင် ပင်လုံစာချုပ်မရှိခဲ့ရင် အခုလို ပြည်ထောင်စုတစ်ခုတည်း ဆိုတာ မဖြစ်လာနိုင်ဘူးပေါ့ ဒါက ကျွန်တော်တို့ တိုင်းရင်းသားတွေက မြင်တယ်။ အခုလို ပြည်ထောင်စုနိုင်ငံဖြစ်လာတယ်ဆိုတာက ပင်လုံစာချုပ်က အဓိက ပင်မပဲ အခုက တပ်ချုပ်ပြောတာက ပင်လုံစာချုပ်ဟာ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံ ပြဿနာတွေ ဖြစ်ပွားတယ်ဆိုတဲ့ သဘောထားသွားတွေ့ရတဲ့အတွက် ဒါကလည်း ကျွန်တော်တို့ ပြည်ထောင်စုထဲမှာနေထိုင်တဲ့ ကျွန်တော်တို့တွေအတွက် ယုံကြည်မှုတွေ လျော့နည်းစေတဲ့ အသုံးအနှုန်းတွေ ဖြစ်တယ်ပေ့ါနော်။ ဒါကတော့ ကျွန်တော်ထင်တယ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Propaganda (ဝါဒဖြန့်ခြင်း) လို့ပဲထင်တယ် ။ ဆွေးနွေးရမှာက ကျွန်တော်တို့ ဆွေးနွေးရမှာ ဒါပေမဲ့တချို့က ပြောကြတယ် ။ State Holders ရဲ့အလုပ်က တကယ့် ပေါ်လစီဆိုပေမယ့် ဒီမှာ တကယ့်ဆွေးနွေးမှုက သုံးပွင့်ဆိုင်ရှိရမယ်လေ။ တကယ်သွားရမယ့်နေရာမှာလည်း အစိုးရနဲ့ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ သွားရမယ်။ ဒီအတိုင်းဆိုရင်တော့ ဒါဟာတော်တော်လေး ပူးပေါင်းဆောင်ရွက်မှုတွေရော ယုံကြည်မှုတွေရော နည်းနည်းတော့ ဝေးမယ်။ ဒါပေမဲ့ တချို့မိန့်ခွန်းတွေကလည်း ကျွန်တော်တို့ကလည်း ကျွန်တော်တို့အပိုင်းပေါ့ နိုင်ငံရေးပါတီဆိုလည်း နိုင်ငံရေးပါတီအပိုင်းပေါ့ ဒီတိုင်းက တစ်သီးတခြားလုပ်မယ်လို့ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် အများကြီး ပြဿနာဖြစ်နိုင်တာပေါ့ ။ ဒီတိုင်းကတော့ မှန်တယ် ဒါက သူ့သဘောထား တပ်မတော်တစ်ခုလုံးရဲ့ သဘောထား ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ဒါက သူ့သဘောထားဆိုပေမယ့် ကျွန်တော်တို့သဘောထားကိုလည်း ပါဝင်ပြီးတော့ တင်ပြလို့ရအောင်ဆိုတဲ့ အပိုင်းလည်းရှိနေတာပေါ့။ အကယ်၍များ ဒီသဘောထားပဲ ဆက်လက် ဆုပ်ကိုင်မယ်ဆိုရင်တော့ ဒီဆက်လက်ဆွေးနွေးမှုက အတော်လေး အချိန်ကြာသွားမယ်။ ဒါက ငြိမ်းချမ်းရေးလိုချင်ရင် အမြဲတမ်းပြောကြတဲ့ စကားက ဘာလဲဆိုရင် ပြောနေကြတယ်ပေါ့နော်။ ဘာလဲဆိုရင် ဆန္ဒရှိရမယ်။ သတ္တိရှိရမယ် ။ ပိုင်းခြားစိတ်ဖြာတတ်တဲ့ ပညာရှိရမယ်ပေါ့နော်။ ဒါတွေကို တကယ်လို့ ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒပြည်ထောင်စုတစ်ခုလုံးကို တည်ထောင်ချင်တဲ့ ဆန္ဒမရှိဘူးဆိုရင် ဒါက အများကြီးဝေးဦးမယ်။ ဒါက ရှိရမယ်ပေါ့နော်။ ဒါပေမဲ့ ဒါကလည်း ကျွန်တော်တို့သွားနေတဲ့ နိုင်ငံရေး မိုးလေဝသ အခြေအနေ ပေါ်မှာပဲပြောင်းလဲလာမယ်လို့ပေါ့။ အရင်ကဆို ကျွန်တော်ဘာပြောချင်လဲဆိုရင် အရင်ကဆို ဖက်ဒရယ်ဆိုတဲ့စကားက အခုက တော်တော်လေး ပြောရဲဆိုရဲဖြစ်လာပြီ လက်ခံလာနိုင်ပြီ။ ဒါကလည်း အချိန်ကာလအလျောက်ပြောင်းလဲလာတဲ့ ပုံစံဖြစ်တယ်လေ။ ဒါကလည်း ကျွန်တော်ပြောချင်တာ ခုဏက ပြောချင်တဲ့ဆန္ဒက ဘေးပတ်ဝန်းကျင်ရဲ့ အခြေအနေကြောင့် ပြောင်းလဲလာနိုင်တယ်ပေါ့နော်။ အဓိက က သူပြောတဲ့ စကားက နည်းနည်းယေဘုယျဆန်တယ်။ ယေဘုယျဆန်တာက တပ်မတော် အင်အားချိနှဲ့လို့မဟုတ်ဘူး ကျွန်တေ်ာတို့က တပ်မတော်ကို အင်အားချိနှဲ့တယ်လို့မမြင်ပါဘူး။ ဟုတ်လား။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို အင်အားချိနှဲ့လို့ဝင်လာတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ပြန်ပြီးပြောချင်တယ် ။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ဝင်လာတာ အင်အားချိနှဲ့လို့မဟုတ်ဘူး။ ငြိမ်းချမ်းရေးလိုချင်လို့ ငြိမ်းချမ်းရေးအပြင် ရလဒ်ကောင်းတစ်ခုဖြစ်ဖို့ နှစ် ၇၀ ကြာတိုက်ကြ ခိုက်ကြတယ်ပေါ့ ။ တစ်ချက်ထား အဲတော့ သူ့ဘက်ကိုယ့်ဘက်ဆိုတာ ရှိကြတာပေါ့လေ။ အဲဒါက အမျိုးမျိုး သဘောထားက ယေဘုယျဆန်တဲ့ စကားလုံးမျိုးဖြစ်နေတယ်လေ။

ဟင်္သာမီဒီယာ – လက်ရှိမှာက NLD အစိုးရနဲ့ တပ်မတော်ဆိုပြီး အစိုးရက နှစ်ရပ်ဖြစ်နေတယ်လို့ပြောကြတာတွေရှိတယ် အဲဒါကိုရော ဘယ်လိုသုံးသပ်ချင်လဲ။

နိုင်အောင်မငေး – ကျွန်တော်တို့ ဒေသ မွန်ပြည်နယ်ဒေသတွေမှာရော အခြားဒေသတွေမှာရော ပြန်စုစည်းပြီး ကြည့်လိုက်ရင် တပ်မတော်က ဝန်ကြီးဌာန သုံးနေရာ ပြည်နယ်အဆင့်မှာလည်း အဲ့လိုပဲ နယ်လုံ(နယ်စပ်ရေးရာ နှင့်လုံခြုံရေးဝန်ကြီး) တို့ အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့ ပြည်နယ်မှာလည်း ဒေသခံလုံခြုံရေးကလည်း ပြည်နယ်အစိုးရလက်အောက်ကွပ်ကဲမှုမှာ ရှိတယ်ဆိုတော့ ဒါလည်း နှစ်ခါ နှစ်ခါ ပြောရတဲ့ သဘောဆိုတော့ နှစ်ဦးစလုံး သဘောတူမှ ရှေ့ဆက်သွားလို့ရတယ်။ အစိုးရက သဘောတူရုံနဲ့လည်း သွားလို့မရဘူး။ တပ်မတော်က သဘောတူရုံနဲ့လည်းသွားလို့မရဘူး။ နှစ်ဖက်စလုံးကို နှစ်ခါ နှစ်ခါ ပြောနေရတဲ့ အခါမျိုးကြတော့ တစ်ခါတလေမှာ လုပ်ငန်းအကောင်အထည်ဖော်တဲ့ နေရာမှာ ကြန့်ကြာမှုတွေရှိတာပေါ့လေ။ တကယ့်သွားတဲ့ အခါမှာ အချိန်လည်း ကြန့်ကြာမှုရှိတယ်။ လုပ်ငန်းအကောင်အထည်ဖော်မှုမှာလည်း ကြန့်ကြာမှုရှိတယ်။



ဟင်္သာမီဒီယာ – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာ ထည့်ပြီးပြောသွားတာ တစ်ခုက လာမယ့် ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို အပြီးသတ်လုပ်ဖို့ဆိုတာ ပါတော့ တကယ်ပဲ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရနိုင်မယ်လို့ ပြောနိုင်မလား။

နိုင်အောင်မငေး – ဒါကလည်း ကျွန်တော်တို့ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ) လုပ်ဖို့ သုံးခါရှိသေးတယ်လို့ ပြောကြတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းပြောတယ် သုံးခါရှိသေးတယ် ။ ဒါပေမဲ့ အခုလို အကြောင်းအချက်တွေက နည်းနည်းပဲ ရနေတယ်ဆိုလို့ရှိရင် မပြီးပြတ်နိုင်ဘူးလို့ ကျွန်တော်တို့ကတော့ ထင်တယ်။ ဒါတောင်မှ အခုတစ်ခေါက်မှာဆို ဆွေးနွေးဖို့က ၁၄ ချက်ပဲရတာလေ။ ဒီတစ်ခေါက်မှာ ၁၄ ချက်ဆိုရင် နောက်တစ်ခေါက်ဆို ဘယ်လောက်ရနိုင်မလဲ ။ ပြီးခဲ့တဲ့ အခေါက်က ၃၇ ချက် ရတယ် ဒီတစ်ခေါက် ၁၄ ချက်က ဆွေးနွေးနေတုန်းပဲ ။ အကယ်၍ အဓိကကျတဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လိုလုပ် အကောင်အထည်ဖော်မလဲ ဒီမိုကရေစီ ဘယ်လိုလုပ် အကောင်အထည်ဖော်မလဲ ဒါက အဓိကကို အကယ်၍ပေါ့နော် အခြေခံမူ တိတိကျကျမရဘူးဆိုရင် ၂၀၂၀ ဆိုရင် ကျွန်တော်ထင်တယ် သေသေချာချာ အကောင်အထည်ဖော်ဖို့ဆိုတာ ဝေးနေမယ်ပေါ့နော်။

ဟင်္သာမီဒီယာ – အခုညီလာခံကနေပြီးတော့ မွန်ပြည်နယ် လူထုကို ဘာပြောချင်လဲ။

နိုင်အောင်မငေး – မွန်ပြည်နယ်က လူတွေရော နောက်ပြီးတော့ မွန်ပြည်နယ်မှာ လုပ်တဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ လုပ်တဲ့ သူတွေကိုလည်း ပြောချင်တယ် ။ ကျွန်တော်တို့က ဒါကိုလုပ်နေတဲ့အခါမှာ အဆင့်လိုက်သွားရတယ်မို့လို့ ကျွန်တော်တို့ကို နားလည်သည်းခံပေးပါ။ ဒါပေမဲ့ ရေးမြို့မှာ စုထားတဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲရဲ့ သဘောထားစုစည်းချက်က တစ်ခါမဟုတ် တစ်ခါ UPC မှာ ပါအောင် ကျွန်တော်တို့ ကြိုးစားပြီး တင်ပေးပါ့မယ်။ ကျွန်တော်တို့ကို စောင့်ကြည့်ပေးပါ။ ကျွန်တော်တို့ ဒီမှာလာတာဆိုရင် မွန်ပါတီ နှစ်ပါတီနဲ့ မွန်ပြည်သစ်ဆိုရင် အားလုံးပေါင်း ကိုယ်စားလှယ် ၃၅ ယောက်လောက်ရှိမယ်။ ၃၅ ယောက်ရဲ့ အမြင်ကို ဒီမှာနေရင်း စုစည်းပြီး အမြဲတမ်း ဘာတင်ရမလဲ ဘာပြောရမလဲဆိုပြီး အမြဲတမ်းစဉ်းစားပြီးတော့ ကြိုးစားနေပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေ တစ်သီးတခြားမရှိနေဘူး။ မွန်သုံးပါတီက စုစည်းပြီးတော့ မွန်ပြည်နယ် လူထုအတွက် ကိုယ်စား လာပြီး တင်ပြပေးနေတယ်ဆိုတာကို ပြောချင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...