ယနေ့ ပစ္စက္ခကာလ၊ တစ်နည်းအားဖြင့် ယခု ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကာလသည် မွန်လူမျိုးတို့၏ အမျိုးသားကိုယ်စားပြုနိုင်ငံရေးအခင်းအကျင်းအတွက် အကျပ်အတည်းတစ်ခု၊ မွန်အမျိုးသားညီညွတ်ရေးအတွက် အချိုးအကွေ့ တစ်ခုနှင့် ရင်ဆိုင်နေရသည့် ကာလဖြစ်သည်။ ၎င်းအချိုးအကွေ့၊ ၎င်းအကျပ်အတည်းအပေါ် မွန်နိုင်ငံရေးခေါင်းဆောင်များ၊ သံဃာများ၊ လူငယ်များနှင့် မွန်လူထု၏ တုန့်ပြန်မှုအပေါ်မူတည်ပြီး မွန်လူမျိုးတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာနှင့် လူမျိုးရေရှည်တည်တံ့ရေးတို့အတွက် အရေးကြီးသော အဆုံးအဖြတ်အချိုးအကွေ့ ဖြစ်သွားနိုင်သည်။
လက်ရှိအခြေအနေအရ ရှိနှင့်ပြီးဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၊ မွန်အမျိုးသား ပါတီ (MNP) တို့အနေဖြင့် မကြာမီကာလအတွင်း ပေါင်းစည်းသွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် တခြားတစ်ဖက်တွင် နိုင်ငံရေးအင်အားစုသစ်တစ်ခုက နိုင်ငံရေးပါတီသစ် တည်ထောင်ရန် အသင့်အနေအထား ဖြစ်နေသည်။ ထိုအခြေအနေတွင် အင်အားစုအသီးသီးတို့သည် မိမိတို့အင်အားစု၏ရပ်တည်ချက်နှင့် အကျိုးစီးပွား တစ်ခုတည်းကိုကြည့်ပြီး အမျိုးသားပေါင်းစည်းညီညွတ်ရေး မျှော်မှန်းချက်ပန်းတိုင်ကို လျစ်လျူရှုကာ ကိုယ့်လမ်း ကိုယ်လျှောက် ဘယ်ရောက်ရောက် သဘောဆောင်သွားကြလျင် မွန်လူမျိုးတို့အတွက် နိုင်ငံရေးသိမ်ငယ်မှုနှင့် အတူ အလုံးစုံ ကျရှူံးမှုဆီသို့ ဦးတည်သွားပေလိမ့်မည်ဖြစ်သည်။
အလုံးစုံကျရှူံးမှုဟုသုံးနှုံးခြင်းအပေါ် အလွန်အကျူး နှိမ်ချခိုင်းနှိုင်းသည်ဟု ယူဆကောင်းယူဆပါလိမ့်မည်။ သို့သော် မွန်လူမျိုးအများစုတို့၏ နိုင်ငံရေးခံစားချက်သည် ထိုအတိုင်းသာဖြစ်ပါသည်။
လူနည်းစုတိုင်းရင်းသားတို့အတွက် နိုင်ငံရေးအခွင့်အရေးနှင့် ရပိုင်ခွင့်များ သာတူညီမျှမရှိနေသေးသည့် အခြေအနေ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူမျိုးတစ်မျိုး၏ အခြေခံရပိုင်ခွင့်များ လက်ဝယ်မပိုင်နေသေးသည့် အခြေအနေတွင် မည်သည့်လူနည်းစုမဆို မိမိတို့အချင်းချင်းစုစည်းညီညွတ်စွာဖြင့် ဆိုခဲ့သည့်အရာများအတွက် လက်တွဲတိုက်ပွဲဝင်ရမည်သာ ဖြစ်သည်။ ထိုသို့ တစ်စုတစ်စည်းတည်း စုပေါင်းရုန်းကန်ရမည့်အချိန်တွင် မွန်နိုင်ငံရေးအင်အားစုများ အစိတ်စိတ် အမွှာမွှာကွဲခဲ့ကြသည်။ ရလဒ်နှင့်အကျိုးဆက်ကိုမူ ထုတ်ဖော်မပြောလိုတော့။ သေချာသည်က မွန်လူမျိုးတို့သည် မွန်နိုင်ငံရေးအခင်းအကျင်းအပေါ် စိတ်ပျက်ခဲ့ကြသည်။
ယနေ့အခင်းအကျင်းအပေါ် မွန်နိုင်ငံရေးစိတ်ပါဝင်စားသူများနှင့် မွန်ပြည်သူတို့အနေဖြင့် အယူအဆ အမျိုးမျိုး အမြင်အမျိုးမျိုးရှိကြပါလိမ့်မည်။ မှန်ခြင်းမှားခြင်းကို မပြောလို ။ အခြေအနေမှန်ကို ရှုထောင့်အမျိုးမျိုးမှ သုံးသပ်နိုင်ရန်နှင့် အကောင်းဆုံးသောရလဒ်တစ်ခုအတွက် အဖြေရှာနိုင်ရန် အတိတ်ကဖြစ်စဉ်တချို့ကို ပြန်ကြည့်ရန်လိုပါလိမ့်မည်။
၈၈ အရေးအခင်းနောက်ပိုင်း ဒီမိုကရေစီစနစ်ကိုဦးတည်သည့်အရွေ့ကာလက မွန်နိုင်ငံရေးလှုပ်ရှားမှုကို ပြန်ကြည့်လျှင် ၁၉၉၀ ရွေးကောက်ပွဲကာလတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Mon National Democratic Front (MNDF) ပေါ်ပေါက်လာသည်။ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅ ဦးအနိုင်ရရှိခဲ့သော်လည်း မကြာမီတွင်ပင် မတရားအသင်း ကြေငြာခြင်းခံခဲ့ရပြီး နိုင်ငံရေးလှုပ်ရှားမှုတစ်ခန်းရပ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party (AMDP) ပါတီ ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရခဲ့ပြီး မွန်နိုင်ငံရေးအခင်းအကျင်း တစ်ခေတ်ဆန်းခဲ့သည်။ သို့သော် ယင်း၏နောက်ကွယ်တွင် ၂၀၀၈ အခြေခံဥပဒေကို လက်မခံသော NLD ပါတီ၏ မဟာမိတ်ဖြစ်ခဲ့သည့် ၉၀ ပြည့်နှစ်အလွန်က အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF) ပါတီခေါင်းဆောင်ပိုင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် AMDP ပါတီခေါင်းဆောင်များ အကြားတွင် ကြီးမားသော ပဋိပက္ခအဖုအထစ်တို့ကျန်ရစ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သူတို့သည် စစ်ဖိနပ်အောက် ခေါင်းလျှိုခဲ့သူများ၊ ကြံ့ခိုင်ရေးပါတီ၏ နောက်မြီးဆွဲများ စသည်ဖြင့် တံဆိပ်ကပ်ခြင်းခံရပြီး နည်းလမ်းပေါင်းစုံဖြင့် အတိုက်အခိုက်ခံခဲ့ကြရသည်။ ပွဲဦးထွက်တွင် အချင်းချင်းကပေးသော နာကျင်မှုဒဏ်ရာတို့ဖြင့် အစပြုခဲ့ရသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်မည့် အရိပ်အယောင်ပေါ်လာချိန်တွင် NLD ၏မဟာမိတ်၊ ယခင် အဖျက်သိမ်းခံ MNDF ပါတီအင်အားစုများက Mon Democracy Party (MDP) အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်လာရာ မွန်အမျိုးသားကိုယ်စားပြု နှစ်ပါတီဖြစ်လာသည်။ ထိုအချိန်ကတည်းကပင် မွန်နှစ်ပါတီပေါ်ပေါက်လာမှုသည် မွန်နိုင်ငံရေးအတွက် အားနည်းစေမည့်အချက်ဖြစ်ကြောင်းရှုမြင်ကြသည့် သံဃာတော်များ၊ မွန်ပြည်သူများက မွန်ပါတီပေါင်းစည်းရေးတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ညှိရင်းနှိုင်းရင်းနှင့်ပင် စစ်မှန်သည့် ပေါင်းစည်းရေးဖြစ်မလာပဲ MDP ပါတီနှင့် AMDP မှ ခေါင်းဆောင်တချို့ပေါင်းစုပြီး မွန်အမျိုးသားပါတီ Mon National Party (MNP) အဖြစ်ဖွဲ့စည်းကာ မွန်နှစ်ပါတီပူးပေါင်းပြီ၊ မွန်တစ်ပါတီတည်းဖြစ်ပြီဟူသည့် သတင်းစကားဖြင့် မွန်လူထုကြားလှုပ်ရှားလာကြသည်။ ထိုဖြစ်စဉ်၏ နိဂုံးတွင် မွန်နိုင်ငံရေးပါတီ ၂ ခုဖြစ်သောမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့သည် မွန်ပါတီအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကြရန် မဆိုထားနှင့် ဆန့်ကျင်ဘက်အသွင်ဆောင်သော ရန်သူကဲ့သို့ဆက်ဆံရေးအခြေအနေသို့ရောက်ခဲ့သည်။
ထိုအခြေအနေတွင် ပါတီပေါင်းစည်းရေးအတွက် ဆရာတော်သံဃာတော်များဦးဆောင်ပြီး ညှိနှိုင်းပေးခဲ့သည့် ကာလမှာ ၃၃ လတာ ကြာမြင့်ခဲ့သော်လည်း အရာမထင်ခဲ့။ ညှိနှိုင်းခြင်းဖြစ်စဉ်တွင် စနစ်မကျမှုများ၊ အဆင်မပြေမှုများ ရှိကောင်းရှိနိုင်သော်လည်း နှစ်ဖက်တာဝန်ရှိသူများ၏ ပေါင်းစည်းလိုသော စေတနာခေါင်းပါးခဲ့မှုကြောင့် မွန်ပြည်သူတို့လိုမျှော်လင့်ချက်များ အဟောသိကံဖြစ်ခဲ့ရသည်။ အားမနာတမ်း ပြောရလျှင် နိုင်ငံရေးမူဝါဒ ရပ်တည်ချက်များနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှု၊ ကျောင်းတော်ကရန်စ၊ စသည့် သေးသိမ်သည့်ကိစ္စများကို နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ကဲ့သို့ ပုံမှားရိုက်ပြီး ပေါင်းစည်းရေးကို ကျောခိုင်းခဲ့ကြခြင်းသာဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် မွန်လူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပြားခဲ့ရသည်။ လူငယ်များကွဲကြသည်။ ရွာသားများကွဲကြသည်။ သံဃာတော်များပင်လျှင် ကွဲကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အချင်းချင်းပြိုင်ဖက်အသွင်ဆောင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရသင့်သလောက်မရပဲ အများစုရှုံးနိမ့်ခဲ့ရသည်။ နောက်ပိုင်းတွင် နှစ်ဖက်ပါတီများအတွင်း၌ ပေါင်းစည်းရေးကို လိုလားကြသော အင်အားစုများ ပါတီကိုကျောခိုင်းလာကြခြင်း၊ ရဟန်းသံဃာတော်များနှင့် လူထုထောက်ခံမှုလျော့ကျလာခြင်းကြောင့် ပါတီအသီးသီးတို့သည် အင်အားချိနဲ့လာ ရသည်။
သို့သော် နှစ်ဖက်ပါတီခေါင်းဆောင်များအနေဖြင့်ကား နှစ်ပါတီပေါင်းစည်းမည်မဟုတ်ကြောင်း အတိအလင်းပြောလာကြသည်။ မိမိတို့တိုင်းရင်းသားအရေးနှင့်ဒေသအကျိုးအတွက် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက် နိုင်သေးခင်စပ်ကြား လက်ရှိနိုင်ငံရေးပေးထားချက်အတိုင်း လွှတ်တော်အသီးသီးတွင် ပါဝင်နေရာရယူဆောင်ရွက် သင့်ကြောင်း အယူအဆလက်ကိုင်ထားသော မွန်ရဟန်းသံဃာများနှင့် မွန်လူထုက လက်ရှိနှစ်ပါတီအပေါ် ယုံကြည်အားကိုးမှု လျော့ပါးလာခြင်းနှင့်အတူ ဖြစ်ပျက်နေသည့် ဘက်ပေါင်းစုံမှအခြေအနေနှင့် အတွေ့အကြုံများ အရ လက်ရှိမွန်နှစ်ပါတီတို့သည် မွန်ပြည်သူတို့လိုလားသော အင်အားစုတစ်ခုတည်းအဖြစ် မည်သည့်အခါမျှ ပေါင်းစပ်နိုင်တော့မည်မဟုတ်တော့ဟု ယုံကြည်ယူဆလာခဲ့ကြသည်။ စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးသွားကြသည့် အဆုံး နည်းလမ်းရှာဖောက်ထွက်ကြရန် အားထုတ်လာကြသည်။
ထို့ကြောင့် မွန်သံဃာတော်၊ နိုင်ငံရေးသမား၊ အရပ်ဘက်အဖွဲ့အစည်း၊ လူငယ်၊ မွန်ပါတီပေါင်းစည်းရေးကို လိုလားကြသည့်ပြည်သူအပါအဝင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ လွှမ်းခြုံနိုင်မှုရှိသော အင်အားစုတစ်ရပ်က မွန်နိုင်ငံရေးညီလာခံကျင်းပကာ အမျိုးသားကိုယ်စားပြုနိုင်ငံရေး လမ်းကြောင်းအတွက် ဆွေးနွေးအဖြေရှာကြခဲ့ကြသည်။ ညီလာခံနှစ်ကြိမ်ကျင်းပအပြီးတွင် ညီလာခံဆုံးဖြတ်ချက် အရ နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ရန် ဦးတည်လှုပ်ရှားလာခဲ့ကြသည်။
ထိုသို့ညီလာခံကျင်းပကာ နိုင်ငံရေးလမ်းကြောင်းသစ်အတွက် ဦးတည်လှုပ်ရှားဆောင်ရွက်နေသည့် ကာလအတွင်းတွင် တစ်ဘက်က လက်ရှိနှစ်ပါတီဖြစ်သော AMDP နှင့် MNP ပါတီတို့ကလည်း ပေါင်းစည်းရေးအတွက် ကြိုးပမ်းလာကြသည်ကို တွေ့ရသည်။ နောက်ဆုံးအခြေအနေများအရ ပါတီပေါင်းစည်းရေးအတွက် အလွန်နီးစပ်လာသည်ကိုတွေ့ရသည်။
အပြိုင်ဖြစ်ပေါ်လာသောဖြစ်စဉ်အရ ကိုယ့်အမျိုးသားအတွက် အကျိုးပြုလိုကြသော ကောင်းမွန်သည့် ရည်ရွယ်ချက် အသီးသီးကြားတွင် မွန်နိုင်ငံရေးအင်အားစု၊ မွန်နိုင်ငံရေးပါတီတို့သည် ပို၍ပင် အစိတ်စိတ် ကွဲထွက်သွားကြတော့မည့် နိမိိတ်ပုံအဖြစ် တွေ့မြင်လာရသည်။ ထိုသို့ဖြစ်လျှင် မွန်အမျိုးသားတို့လိုလားသည့် အင်အားစုတစ်ရပ်အဖြစ် မစုစည်းနိုင်သည့်အပြင် အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်မည့် မိအေးနှစ်ခါနာ တော့မည့်အခင်းအကျင်းဖြစ်လာတော့မည်ဖြစ်သည်။ သို့သော်လည်း ဘက်နှစ်ဖက်စလုံးကိုကြည့်လျှင် မည်သည့် ဘက်ကမျှ မွန်နိုင်ငံရေးကိုဦးဆောင်ဦးရွက်ပြုနိုင်သည့် အစွမ်းအစနှင့် အင်အား လောက်လောက်လားလား မဖြစ်နိုင်တော့သည်ကိုတွေ့ရမည်ဖြစ်သည်။
အဘယ့်ကြောင့်နည်း..။
ယခုအနေအထားအရ လက်ရှိနိုင်ငံရေးပါတီနှစ်ပါတီ ပေါင်းစည်းမှုသည်ဖြစ်လာနိုင်သည်။ ထိုပေါင်းစည်းမှု ကိုလည်းကြိုဆိုသည်။ သို့သော် ယခုပေါင်းစည်းသည့် အင်အားသည် မွန်လူမျိုးများ၏နိုင်ငံရေးနယ်ပယ်အတွက် ကိုယ်စားပြုမှု မလုံလောက်တော့သော ပေါင်းစည်းမှုဖြစ်နေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အခြားတစ်ဖက် တွင် မွန်နိုင်ငံရေးညီလာခံမှ ပေါ်ထွက်လာသော အင်အားတို့သည် အသိအမှတ်မပြုပဲ ထား၍ရသည့်အင်အား တစ်ခု မဟုတ်သောကြောင့်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် AMDP နှင့် MNP ပါတီတို့ပေါင်းစည်းရေး ဆောင်ရွက်မှုသည် မွန်လူထုတစ်ရပ်လုံးလိုလားမျှော်လင့်နေသည့်အရာဖြစ်သော်လည်း အခါလွန်မိုးဟု ဆိုရမည် ဖြစ်သည်။ အကယ်၍သာ လွန်ခဲ့သည့်တစ်နှစ်ကျော်၊ တစ်နှစ်ခွဲကာလ လူထုက တိုက်တွန်း တောင်းဆိုနေသည့် အချိန်တွင် ယခုကဲ့သို့ပေါင်းစည်းမှု အရိပ်လက္ခဏာများပေါ်ပေါက်ခဲ့မည်ဆိုလျှင် ယနေ့ ကြုံတွေ့နေရသော အကျပ်အတည်းများကြုံလာမည်မဟုတ်သလို မွန်နိုင်ငံရေးညီလာခံလည်း ပေါ်လာစရာအကြောင်းမရှိပေ။ မပြေးသော်ကန်ရာရှိ၊ ထိုညီလာခံဖြစ်ပေါ်လာစေမည့် နိုင်ငံရေးအင်အားစု၏ လှုပ်ရှားမှုများကြောင့် ဖိအားတစ်ခု ဖြစ်လာပြီး နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ခပ်သွက်သွက်လုပ်လာကြသည်ဟုဆိုလျှင်လည်းမမှား။
အလားတူပင် တစ်ဖက်တွင်လည်း မွန်နိုင်ငံရေးညီလာခံမှ mandate အရ ထွက်ပေါ်လာသော နိုင်ငံရေး အင်အားစုအနေဖြင့်လည်း မိမိတို့အင်အားစုတစ်ခုတည်းဖြင့် မွန်လူမျိုးတို့၏ ကိုယ်စားပြုနိုင်ငံရေးအခင်းအကျင်းကို ဖန်တီးသွား၍မရနိုင်ပါ။ ညီလာခံတက်ရောက်လာသူ ရဟန်းရှင်လူ ၈၀၀ နီးပါး၏ ထောက်ခံမှုဖြင့် ပေါ်ထွက် လာသည်ဆိုသော်လည်း ပါဝင်သူများ အထဲတွင်ပင် ညီလာခံမှတဆင့် နိုင်ငံရေးပါတီအသစ်တစ်ခု ထပ်မံပေါ်ထွက်လာမည်ကို ဘဝင်မကျသူဦးရေ များစွာရှိနေသည်။ ထို့အပြင် လက်ရှိနိုင်ငံရေးပါတီများမပါဝင်ပဲ မိမိတို့အင်အားစု သက်သက်ဖြင့်သာ မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီ ဖွဲ့စည်းတည်ဆောက်ရန်မှာ မဖြစ်နိုင်ကြောင်း သဘောထားကြသူလည်း များစွာရှိနေသည်ကို သတိပြုရန်လိုပါသည်။ လက်ရှိနိုင်ငံရေးပါတီများ၏ တည်ရှိမှု၊ အစဉ်အလာ၊ အင်အားတို့ကို အသိအမှတ်မပြုပဲ မိမိတို့ချည်းသက်သက် ခရီးဆက်လျှင် တစ်ခြမ်းပဲ့ အင်အားစုသာ ဖြစ်နေမည်ဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်မှ အင်အားစုတို့သည် မွန်လူမျိုးတို့၏ အကျိုးကို အမှန်တကယ်လိုလားသည်ဆိုလျှင်၊ တခြားတိုင်းရင်းသားများနှင့်ရင်ပေါင်တန်းပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည့် နိုင်ငံရေး အခင်းအကျင်းတွင် လူမျိုးတစ်မျိုးကိုကိုယ်စားပြုနိုင်သည့် ဂုဏ်သိက္ခာရှိသည့် နိုင်ငံရေးအင်အားစုတစ်ခု ဖြစ်စေလိုသည့် စိတ်စေတနာရှိရိုးမှန်လျှင် ရှိရှိသမျှ အင်အားစုအားလုံး အတိတ်ဆိုးကို သင်ပုန်းချေပြီး ရှေ့ဆက်ခရီးတွင် အားလုံးပေါင်းစည်းလက်တွဲနိုင်ရတော့မည်ဖြစ်သည်။
အကယ်၍သာ မွန်နိုင်ငံရေးအင်အားစုတို့ တစ်စုတစ်စည်းတည်း တည်ဆောက် စုဖွဲ့နို်င်မည်ဆိုလျှင် မိမိတို့လက်ရှိ အရင်းအမြစ်များအပြင် ယခင်က နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လိုသော်လည်း မွန်ပါတီအကွဲအပြဲ ကြားတွင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည့် ပညာတတ်လူငယ်လူလတ်ပိုင်းများ၊ လူငယ်မျိုးဆက်သစ်များ၊ အလွှာအသီးသီးမှ နိုင်ငံရေးကိုစိတ်ပါဝင်စားသူများ ပါဝင်အားဖြည့်လာနိုင်သဖြင့် အနာဂတ်မွန် အမျိုးသား နိုင်ငံရေးသည် အားကောင်းမောင်းသန်ဖြစ်လာမည်ဖြစ်သည်။ မွန်လူထုအလွှာအသီးသီးကြားမှ အကွဲအပြဲတို့ သည်လည်း တစ်ခန်းရပ်သွားတော့မည်ဖြစ်သည်။ ထိုအခြေအနေသည် လူမျိုးတစ်မျိုး နိုင်ငံရေးအရ ပြန်လည် နိုးထလာမည့်အရုဏ်ဦးဖြစ်သည်။
ထိုအခွင့်အလမ်းကောင်းတို့ကို ရယူဆုပ်ကိုင်နိုင်ရန်အတွက် လက်ရှိမွန်နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍရှိ ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားမှုက အလွန်အရေးကြီးပါသည်။ ပုဂ္ဂိုလ်ရေး မလိုမုန်းထားမှုများ၊ မာနတရားနှင့် အတ္တ တို့ကို ပယ်ပစ်နိုင်ရန် အထူးလိုအပ်ပါသည်။ မွန်လူမျိုးတို့အတွက် ရေရှည်မဟာဗျူဟာ ရည်မှန်းချက်ကိုဦးတည်ပြီး အမြင်မတူသော်လည်း စေတနာတူသူအချင်းချင်းတို့ ပေါင်းစည်း လက်တွဲနိုင်ကြရန် အထူးလိုအပ်လှပါသည်။
အချိန်တို့သည် အကန့်အသတ်နှင့်သာရှိသည်။ ဆုံးဖြတ်ရမည့်အချိန် မဆုံးဖြတ်ခဲ့လျှင်သော်လည်းကောင်း၊ အကောင်အထည်ဖော်သင့်သည့်အချိန် မဖော်ခဲ့မိလျှင်သော်လည်းကောင်း လူမျိုးနှင့်ချီသည့် သမိုင်းနောင်တ ရပေလိမ့်မည်။
အကယ်၍ ယခု အကျပ်အတည်း၊ စိန်ခေါ်မှုနှင့် ယခုအချိန်အကန့်အသတ်ကြားတွင် မွန်နိုင်ငံရေး အင်အားစုများ ညီညွတ်မှုမပြနိုင်သေးလျှင် မိမိပါတီအရေးသာအဓိက၊ မိမိဆရာသည်သာ ပဓာနဟု အယူစွဲ မောဟဖုံးနေသူတချို့မှလွဲပြီး ကျန်မွန်လူထုတို့သည် မွန်နိုင်ငံရေးအပေါ် စိတ်ပျက်စွန့်ခွာကြပေတော့မည်။ နို်င်ငံရေး မျိုးဆက်သစ်လူငယ်တို့သည်လည်း သိမ်ငယ်စိတ်နှင့်အတူ တိမ်မြုပ်သွားတော့မည်။ စုဖွဲ့မှု Structure အပိုင်းမျှလောက် ညီညွတ်မှုအဖြေမရှာနိုင်ကြလျှင်၊ တန်ဘိုးထားမှု၊ မဟာဗျူဟာနှင့် မူဝါဒရေးရာညီညွတ်မှုကား ဝေးပေတော့မည်။ အဆုံးစွန်ထိပြောရလျှင် မွန်လူမျိုးအဖြစ်ခံယူရမည်ကို ရှက်ရွံ့လာကြတော့မည့် စိတ်ဒါဏ်ရာ တို့ဖြင့် မွန်လူမျိုးတို့၏ နေဝင်ဆည်းဆာချိန်အစပြုပေတော့မည်။ ဆည်းဆာသည် တစ်ချိန်ချိန်တွင် အမှောင်မိုက်ဆုံးသော သန်းခေါင်ညဉ့်နက်၏ ရှေ့ပြေးဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်း၏ အတ္တမာန မစွန့်နိုင်ခြင်းကြောင့် လူမျိုးနှင့်ချီပြီး ပျက်သုန်းခြင်းလမ်းစသို့ ရောက်ရတော့မည်ဖြစ်သည်။
ယခုတင်ပြချက်တို့သည် အစိုးရိမ်လွန်ခြင်း သို့မဟုတ် ခြိမ်းခြောက်လိုခြင်းအလျှင်းမရှိ။ ပကတိရှိတရားသာ ဖြစ်သည်ကို တစ်ချိန်ချိန်တွင် သက်သေထူပေလိမ့်မည်။ မည်သည့်လူမျိုးမဆို သမိုင်းဖြစ်စဉ်တလျှောက် အချိုးအကွေ့ အလှည့်အပြောင်း အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည့်အခါ ထိုအချိုးအကွေ့တို့အား တုန့်ပြန်နိုင်မှု အပေါ်မူတည်ပြီး မိမိတို့လူမျိုး၏ ကံကြမ္မာသည်လည်း အောင်မြင်ခြင်း ကျရှူံးခြင်းများကို ဆုံးဖြတ်သွားမည်ဖြစ်သည်။ အနာဂတ်တစ်ချိန်ချိန်အတွက် သမိိုင်းစာမျက်နှာတွင် ယခုရင်ဆိုင်ကြုံတွေ့နေရသော အချိုးအကွေ့ကို မွန်လူမျိုးတို့ ဂုဏ်သိက္ခာရှိစွာ တုန့်ပြန်အဖြေရှာနိုင်မှုကြောင့် ၎င်းအမြော်အမြင်ကြီးမားမှုအပေါ် မွန်မျိုးဆက်သစ်တို့ ဂုဏ်ယူဝင့်ကြွားနေကြလိမ့်သည်။ သို့မဟုတ် မွန်နိုင်ငံရေးခေါင်းဆောင်တို့၏အတ္တနှင့် မိုက်မဲမှုများကြောင့် သမိုင်းတွင် အရုပ်ရေးပြရတော့မည့်လူမျိုးအဖြစ် နှောင်းလူတို့ ပျက်ရယ်ပြုနေကြရလိမ့်မည်။
ဆောင်းပါးခေါင်းစဉ်အဖြစ် အမည်ပေးထားသည့် မေးခွန်းစကားရပ်အတိုင်းပင် ယနေ့မွန်အမျိုးသား နိုင်ငံရေးအချိုးအကွေ့အပေါ် နိုင်ငံရေးအင်အားစုတို့၏ တုန့်ပြန်မှုတို့သည် မွန်လူမျိုးတို့၏ သမိုင်းသစ်အတွက် အရုဏ်ဦးလော၊ သို့တည်းမဟုတ် အဆုံးစွန်ပျက်သုန်းခြင်းအတွက် ဆည်းဆာလော ဆိုသည်ကိုလက်ရှိမွန်အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ၏ဆုံးဖြတ်ချက်ချနိုင်သည့်နေရာတွင် ရောက်ရှိနေကြသည့်ခေါင်းဆောင်အပေါင်းတို့ ဆုံးဖြတ်ရန်သာရှိတော့သည်။