“ဆေးဖြတ်ချင်တဲ့ သူတွေကို လုပ်ပေးလို့မရတဲ့ အနေအထားနဲ့ အခက်အခဲလေးတွေလည်း ရှိနေတယ်”

“ဆေးဖြတ်ချင်တဲ့ သူတွေကို လုပ်ပေးလို့မရတဲ့ အနေအထားနဲ့ အခက်အခဲလေးတွေလည်း ရှိနေတယ်”
by -
သက်ပိုင်

မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ ဦးနေဝင်းနှင့် တွေ့ဆုံခြင်း

ဇွန် ၂၆ ရက်သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာနိုင်ငံ အရပ်ရပ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အသိပညာပေး၊ ဟောပြောပွဲများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် နိုင်ငံတော် သမ္မတ၏ မူးယစ်ဆေးဝါး သတင်းပေးသူကို ဆုငွေ ချီးမြှင့်မည့် ကိစ္စရပ်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မည်သို့ မည်ပုံ လုပ်ဆောင်သင့်သော အခြေအနေများကို မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင့်ရေးအသင်း ဥက္ကဋ္ဌ ဦးနေဝင်းနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ အရင်ဆုံး အန်ကယ်တို့ MANA အဖွဲ့ရဲ့ လုပ်ဆောင်ချက်လေးတွေကို ပြောပြပေးပါဦး။

ဦးနေဝင်း။ ။ အန်ကယ် အခုလုပ်နေတဲ့ ဒီအသင်းရဲ့ အဖွဲ့နာမည်ကတော့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(Myanmar Anti-Narcotics Association) ဆိုတဲ့ Goverment မဟုတ်တဲ့ Non gomverment Organization တစ်ခုပေါ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းမှာ အန်ကယ်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ မွန်ပြည်နယ်မှာ (Myanmar Anti-Narcotics Association) MANA ကို ၂၀၀၆ ခုနှစ် ကနေစတင်ဖွဲ့စည်းခဲ့တယ် အဲ့ဒီကနေ အခုထိဆို ၁၀ နှစ်ကျော်လာခဲ့ပြီးပေါ့နော် ဒီအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျသွားရေး၊ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပွားမှု လျော့နည်းသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုအနေနဲ့ အသိပညာပေး ဟောပြောပွဲတွေ၊ ဆေးစွဲလူနာတွေကို ဆေးဖြတ်ဖို့အတွက် ကူညီပေးတာတွေ၊ အားကစားပွဲတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးအတွက်ကို ဆောင်ရွက်နေပါတယ်။

ဟင်္သာမီဒီယာ။ ။ အန်ကယ်တို့အဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ကျဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ ဆေးဖြတ်လူနာတွေနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုမျိုး ကူညီ ဆောင်ရွက်နေလဲ ဆိုတာပြောပြပေးပါလား 

ဦးနေဝင်း ။ ။ အခုနောက်ပိုင်းက ဆေးဖြတ်ချင်တဲ့လူနာတွေကများတယ်။ လာသမျှလူကိုလည်း လက်ခံဖို့က မဖြစ်နိုင်သေးဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ နေရာက အခက်အခဲဖြစ်နေတယ်။ မော်လမြိုင်မှာ ကုသတဲ့အနေအထားမှာဆိုရင် ဆေးဖြတ်တဲ့လူနာက အနည်းဆုံး နှစ်ပတ်တက်ရတယ၊် အခြေအနေမကောင်းရင်တော့ နောက်တစ်ပတ် ဆက်ထားတယ်။ အများအားဖြင့် ဆေးပြားတွေရဲ့ အနေအထားက နံပါတ်ဖိုးတို့လို ပုံသဏ္ဌာန်မျိုးမဟုတ်ဘူး စိတ်ပိုင်းဆိုင်ရာကို အာရုံတစ်ခုပေါ်မှာ အချိန်ပိုင်းဖြင့် ကုသရတာမျိုးဖြစ်တယ်။ အဲ့ဒီအတွက်ကိုက နေရာတစ်ခု ကျယ်ကျယ်ပြန့်ပြန့်လေးရှိခဲ့မယ်ဆိုရင် အဆင်ပြေနိုင်တာပေါ့ ။

အခုဟာက ၁၀ ယောက်အထက်ဆိုလို့ရှိရင် ဒီမှာက နေရာအခက်အခဲဖြစ်နေတာတွေလည်း ရှိတာပေါ့ ၊အဲ့ဒီအတွက်ကို ဆေးလာဖြတ်တဲ့လူနာရဲ့ အနေအထားအပေါ်မှာ ကြည့်ပြီးတော့ လက်ခံနေရတော့ ဆေးဖြတ်ချင်တဲ့ သူတွေကို လုပ်ပေးလို့မရတဲ့ အနေအထားနဲ့ အခက်အခဲလေးတွေလည်း ရှိနေတယ်။

ဟင်္သာမီဒီယာ ။ ။ ဆေးဖြတ်လူနာတွေရှိပေမယ့် နေရာ အခက်အခဲတွေကြောင့် လုပ်ပေးလို့မရတဲ့အနေအထားနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဘယ်လိုမျိုးတိုက်တွန်းချင်တာမျိုးရှိလဲ

ဦးနေဝင်း။ ။ ဆေးစွဲလို့ ဖြတ်တဲ့လူနာဆောင်ကတော့ ဒီဆေးရုံကြီးမှာ နေရာ အခက်အခဲရှိတယ်ဆိုရင်လည်း တခြားနေရာတစ်ခုပေါ်မှာ လုပ်ဖို့ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတာတော့ရှိတယ်။ လတ်တလောမှာတော့ အကောင်အထည်မဖော်ရသေးဘူး၊ ကျိုက်မရောဘက်မှာ ပြည်နယ်အစိုးရအဖွဲ့က မြေနေရာတစ်ခုပေးထားပြီးလို့တော့ သိရှိရတယ်။

ဒီနေရာလေးမှာ အန်ကယ်တို့က ဆေးဖြတ်တဲ့နေရာတို့၊ ဆေးဖြတ်ပြီးရင် ပြန်လည်ထူထောင်ရေးအတွက် အတတ်ပညာတစ်ခုခု ဖော်ဆောင်ပေးတာတို့ လိုမျိုး လုပ်ကိုင်သွားနိုင်ဖို့အတွက် အစီအစဉ် ဆွဲနေတာတော့ရှိတယ်။ မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက်တော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး လုပ်ဆောင်ရမှာပေါ့။ ဆေးဖြတ်တဲ့လူနာတွေကိုက ဆေးဖြတ်ပြီးတာနဲ့ ချက်ချင်း ပြန်ခိုင်းလို့လည်းမရပြန်ဘူး။ ဆေးဖြတ်တဲ့နေရာအပြင် စိတ်ဓာတ်မြှင့်တင်ရေးတွေ၊ အတတ်ပညာလိုမျိုးတွေနဲ့ တစ်ခုခု လုပ်ခွင့်ရနိုင်မယ့်ဟာ မျိုးလုပ်ဆောင်ပေးမှသာ ဒီဆေးစွဲတဲ့လောကထဲ ပြန်မရောက်တော့မှာလေ အဲ့ဒီအတွက်လည်း ရည်ရွယ်ပြီး လုပ်ဆောင်ဖို့ စီစဉ်ထားတာတော့ရှိတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်က မူးယစ်ဆေးသုံးစွဲမှုက လျော့နည်းမသွားဘဲ တဖြည်းဖြည်း များများလာတယ်။ဒါ့အပြင် အကျဉ်းထောင်တွေထဲ က ၆၅ရာခိုင်နှုန်းကလည်း မူးယစ်ဆေး သုံးစွဲ သူတွေဖြစ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောထားတယ်ဆိုတော့ မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေက လူငယ်တွေကြားမှာ ဘယ်လောက်ထိ စိုးရိမ်ရတဲ့ အနေအထားတွေ ရှိနေလဲ

ဦးနေဝင်း ။ ။ ဝန်ကြီးချုပ်ကြီးပြောတဲ့စကားက မှန်ကန်နေတယ်လို့ပဲ ထောက်ခံရမှာပါ ဝန်ကြီးချုပ်ကြီးထက် အန်ကယ်တို့က အပြင်ကလူတွေဖြစ်တဲ့အတွက် ပိုပြီးတော့တောင် နီးစပ်မှု ထိတွေ့မှုတွေရှိတယ်။ ဖမ်းဆီးတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်တဲ့အတွက်ကြောင့်သာ သတင်းပေးခြင်း ဖမ်းဆီးခိုင်းခြင်း ဒါမျိုးတွေသာမလုပ်တာ။ ဒီလိုဖြစ်ပေါ်လာရတဲ့အကြောင်းကလည်း အခြေခံအနေနဲ့ တွက်ရမယ်ဆိုရင် ထုတ်လုပ်မှုအပိုင်းရှိမယ် အဲ့ကနေမှ သယ်ဆောင်မှုအပိုင်းဖြစ်ပေါ်လာတာ၊ သယ်ဆောင်မှုကနေမှ မြို့ပေါ်မှာရှိတဲ့ ဖြန့်ဖြူးမှုအပိုင်းဆိုတာရှိလာတယ်။ ဒီသုံးခုအပေါ်မှာ အန်ကယ်တို့အနေနဲ့က သုံးစွဲမှုလျော့ကျရေးဆိုတဲ့ ကိစ္စနဲ့ သုံးစွဲပြီးလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာတွေအတွက်ကိုပဲ ဆောင်ရွက်မှုက များနေတယ်။

ဒီဟာတွေဖြစ်ပေါ်လာတာလည်း ပြည်နယ်က အဖွဲ့အစည်းတွေက မဖမ်းဆီးလို့လားဆိုလည်း မဟုတ်ဘူး ဒီမူးယစ်ဆေးဝါးကိစ္စကို ရဲတပ်ဖွဲ့တို့ ဌာနဆိုင်ရာတွေကပဲ ဖမ်းဆီးရမယ် တို့အလုပ်တွေမဟုတ်ဘူးဆိုတဲ့ဟာကို တွေးတောနေကြမယ် အဲ့ဒီလိုပဲ ဆက်ပြီးသွားမယ်ဆိုလို့ရှိရင် ဒီကိစ္စက လျော့ကြသွားဖို့မရှိဘဲနဲ့ ဒီထက် ရာခိုင်နှုန်းများလာဖို့ပဲရှိတယ်။

ဟင်္သာမီဒီယာ ။ ။ ဆေးဖြတ်တဲ့ လူငယ်တွေအနေနဲ့ မူးယစ်ဆေးကို ဘယ်လိုအခြေအနေမျိုးမှာ အများဆုံး သုံးစွဲဖြစ်ကြတာတွေရှိလဲ၊ ဆေးဖြတ်တဲ့လူနာတွေက ဘယ်လိုအခြေအနေမှာ ရောက်လာကြတာတွေရှိလဲဆိုတာလေး ပြောပြပေးပါလား 

ဦးနေဝင်း။ ။ ဆေးစွဲတဲ့ လူငယ်တွေကိုကြည့်လိုက်တဲ့ အနေအထားမှာ တစ်ဖက်နိုင်ငံမှာ သွားရောက်လုပ်ကိုင်တဲ့လူငယ်တွေအနေနဲ့ လုပ်ငန်းရှင်တွေက နေ့ည ခိုင်းချင်တဲ့ဟာတွေ မအိပ်မနေခိုင်းလို့ရအောင်မျိုးတွေအတွက်နဲ့ သောက်တဲ့ရေထဲမှာတို့ စားတဲ့အထဲမှာတို့ တိုက်ကျွေးပြီးတော့ ခိုင်းစေတဲ့ ဟာမျိုးတွေက တစ်ဖက်နိုင်ငံက ပြန်လာတဲ့အချိန်မှာ စွဲလမ်းတာမျိုးတွေရှိသလို၊ ပညာရေး အပိုင်းမှာလည်း ဒီဆေးသုံးရင် မအိပ်ဘဲနဲ့ စာကျက်လို့ရတယ် ဒါကိုသုံးစွဲထားရင် စာကျက်လို့ ပိုကောင်းတယ် အိပ်မပျော်ဘူးလို့ ထင်နေကြပြီးတော့ ကျောင်းသားတွေထဲမှာ လေ့လာစူးစမ်းချင်တဲ့စိတ်က တစ်ပိုင်းပါတယ်၊ အဲ့လိုအခြေအနေတွေမှာ သုံးစွဲဖြစ်ခဲ့ကြတာတွေ အများစုတွေ့ရတယ်။

ဟင်္သာမီဒီယာ ။ ။ အန်ကယ်တို့အဖွဲ့ စတင်လုပ်ဆောင်ခဲ့တုန်းက အခြေအနေနဲ့ လက်ရှိ လူငယ်တွေကြားမှာ မူးယစ်ဆေး သုံးစွဲမှု အခြေအနေနဲ့က တိုးလာသလား၊ လျော့နည်းသွားသလားဆိုတာလေးပြောပြပေးပါလား။

ဦးနေဝင်း။ ။ ပြီးခဲ့တဲ့ တစ်နှစ်၊နှစ်နှစ်လောက်မှာတုန်းက အန်ကယ်တို့အနေနဲ့ လုပ်ရတဲ့အနေအထားမှာ စိတ်ဓာတ်ကျတာမျိုးတွေတောင်ရှိခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ မူူးယစ်ဆေးဝါးသုံးစွဲမှု တနှစ်ထက်တစ်နှစ်က တိုးသထက်တိုးလာတယ်။

ကျောင်းတွေအထိကိုတောင် ဖြန့်ဖြူးတဲ့သူတွေက ရှိလာတာမျိုးတွေ တွေ့ရတယ်။ စာမေးပွဲနီးတဲ့အချိန်ဆိုရင် ဒီဆေးကိုသုံးရင် စာကျက်လို့ကောင်းတယ်ဆိုပြီးကပ်ပြီး ဖြန့်နေတဲ့ပုံစံမျိုးတွေကြားရတယ်။ အန်ကယ်တို့အဖွဲ့ စတင်လုပ်ဆောင်ခဲ့တဲ့ ၂၀၀၆ ကနေ အခုထိက လျော့မသွားဘဲ တိုးပဲတိုးလာတဲ့ အခြေအနေမျိုးတွေ တွေ့ရတယ်။

ဖမ်းဆီးမှုကလည်း အမှုများလာတယ်၊ အမှုများတာကလည်း သုံးတဲ့သူများလာလို့ပဲလေ အမှုများလာလို့ ထိန်းကွပ်နိုင်တယ်ဆိုတဲ့ဟာမျိုးတော့ မဟုတ်ဘူး။ သုံးစွဲတဲ့သူတွေ များလာတယ်။ ရောင်းချတဲ့သူတွေများလာလို့သာ အမှုတွေက များလာတာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။မွန်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမိတဲ့ သူအများစုက ပင်ရင်းမဟုတ်ဘဲ သုံးစွဲသူအများစုကို ဖမ်းဆီးရမိတာတွေပဲ ရှိနေတဲ့အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုထင်မြင်မိလဲ

ဦးနေဝင်း ။ ။ အဓိကလုပ်ရမယ့်အရာက ထုတ်လုပ်မှုအပိုင်းဘက်ကိုလည်း တိတိကျကျနဲ့ ပင်ရင်းကို ဖြိုနိုင်ခဲ့မှ ဒီဟာက လျော့နည်းမှာပေါ့ အခုဟာကလည်း တွေ့ကြရပြီဆိုလို့ရှိရင်လည်း ဖမ်းဆီးရမိတယ် ဖမ်းဆီးရမိတယ်တွေသာ ပြောနေတာ ဘာကြောင့် ဒီလိုဖမ်းဆီးမိလာတာလဲ၊ ဘယ်လိုကနေပြီးတော့ ထုတ်လာတာလည်း ဖမ်းဆီးတဲ့အမှုတွေရဲ့ အနေအထားအပေါ်မှာက သုံးစွဲသူတွေဘက်ကပဲ မိတာများနေတယ်။

ဟင်္သာမီဒီယာ ။ ။ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်မှုကို ထိန်းချုပ်တဲ့နေရာမှာ ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်လို့ မြင်လဲ။

ဦးနေဝင်း။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အဓိက အချက်အနေနဲ့က ထုတ်လုပ်မှုအပိုင်းဘက်မှာရော၊ သယ်ဆောင်မှုအပိုင်းဘက်မှာရော၊ ဖြတ်တောက်နိုင်မယ် ၊တစ်ဖက်မှာလည်း လူမှုအဖွဲ့အစည်းတွေက သုံးစွဲမှုလျော့ကျရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလှုပ်ရှားနေတာတွေလည်းရှိတယ်လေ ၊အဲ့လိုမျိုး ဆက်လက်လုပ်သွားမယ်ဆိုရင်တော့ လျော့နည်းလာမယ်လို့ထင်မြင်မိတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လူထုပူးပေါင်းပါဝင်ဖို့ပဲ။ လူထုပူးပေါင်းပါဝင်မှုမရှိဘူး သတင်းပေးဖို့ပျက်ကွက်ရင်တော့ ဒါက ပျောက်ပျက်သွားဖို့မရှိဘူ၊း ဥပမာ သူကတော့ ငါ့အမျိုးဖြစ်နေလို့ ငါ့သူငယ်ချင်းဖြစ်နေလို့ လူအချင်းချင်း မျက်နှာပျက်မယ် တစ်ဦးနဲ့တစ်ဦး ငဲ့ညှာနေတဲ့ဟာမျိုးက ပိုပြီး ဆိုးသထက်ဆိုးသွားဖို့ အခြေအနေကို ဆိုက်သွားတာ။

ဟင်္သာမီဒီယာ။ ။ လက်ရှိမှာဆို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ကလည်း အပြည့်အဝတာဝန်ယူပြီး ကိုင်တွယ်ဖို့အတွက် ပြောထားတဲ့အပေါ်မှာ အန်ကယ်တို့အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိလဲ

ဦးနေဝင်း ။ ။ အရင်တုန်းက အခြေအနေမှာ ဘယ်သူတာဝန်ယူမှာလဲလို့ အပြောခံရတာတွေတောင်ရှိခဲ့တယ်။ ကျွန်တော်တို့လုံခြုံရေးအတွက်တာဝန်ယူမလား ပြောချလိုက်မယ်ဆိုပြီး ပြောတဲ့သူတွေတောင်ရှိခဲ့တယ်၊ ဒါက ဟိုဘက်ပိုင်းက တွေ့ကြုံလာခဲ့ရတဲ့ဟာတွေပေါ့ ၊ အခုဆိုရင်တော့ အန်ကယ်တို့အနေနဲ့လည်း မားမားမတ်မတ်ရှေ့ထွက်ပြီး လုပ်ဆောင်ရဲသွားပြီး ၊ပထမတော့ ကိုယ် ကိုယ်တိုင်ကို အားလျော့ချင်လာသလိုဖြစ်နေတယ် ဒါပေမဲ့ သမ္မတကြီးက မားမားမတ်မတ်ပြောဆိုလိုက်တဲ့အတွက် ကိုယ် ကိုယ်တိုင်ပါ ပိုပြီးအားပါလာသလိုဖြစ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ရှေ့ဆက်ပိုပြီးအားထည့်ပြီး လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ အန်ကယ်တို့အဖွဲ့အနေနဲ့ စတင်လုပ်ဆောင်တုန်းက ဘယ်လိုအခက်အခဲမျိုးတွေရှိခဲ့သလဲ လက်ရှိမှာရော ဘယ်လိုအခြေအနေတွေရှိလဲ

ဦးနေဝင်း ။ ။ အန်ကယ်တို့စလုပ်တဲ့အချိန်တုန်းကဆိုရင်တော့ အစိုးရအဖွဲ့က ဌာနဆိုင်ရာတွေပါထည့်ထားတဲ့အခါကျတော့ လုပ်ရကိုင်ရခက်တဲ့အနေအထားမျိုးတွေရှိတာပေါ့ နောက်ပိုင်းပွင့်လင်းလာတဲ့အခါကျမှ ဌာနဆိုင်ရာတွေမရှိတော့ဘဲ အရပ်ဘက်ကလူတွေချည်းပဲဖွဲ့ပါ ဆိုပြီးNon goverment organization သီးသန့်နဲ့ ပြန်လည်ဖွဲ့စည်းပြီးမှ လုပ်ရတဲ့အခါမှ လှုပ်ရှားရတာ အဆင်ပြေလာတာမျိုးတွေရှိတယ်။အမှန်အတိုင်းလိုအပ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်မှုနဲ့ အားစိုက်မှုကတော့လိုအပ်တယ်။

သူတို့ဘက်ကနေပြီးတော့ ဒေသခံလူထု သဘောပေါက်နားလည်လွယ်နိုင်အောင်နဲ့ သူတို့အတွက် လုံခြုံစိတ် ချရမှုရှိလာအောင်လိုမျိုးလုပ်ဖို့တို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြောသွားတဲ့ မိန့်ခွန်းလိုမျိုးကို အရင်က ဖော်ဆောင်ဖို့အားနည်းခဲ့တဲ့အတွက်ကြောင့် ဒီကနေ့ ဒီအခြေအနေ မျိုးဖြစ်သွားတာ။ တကယ်သာဆို အန်ကယ်တို့အနေနဲ့လည်း လုပ်သာလုပ်လာခဲ့ရတာ ကိုယ့်အသက်ကိုကြောက်နေရတာ။ အခုဆိုရင်တော့ ရှေ့ဆက်လည်း ပိုပြီးလုပ်ဖို့အတွက် အားတက်သွားပြီးဖြစ်တဲ့အတွက် ပိုပြီး အားထည့်ပြီးလုပ်သွားမှာပေါ့။

ဟင်္သာမီဒီယာ ။ ။ အန်ကယ်တို့အဖွဲ့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ ရန်ပုံငွေအတွက် ဘယ်လိုမျိုးလုပ်ဆောင်ပြီး သုံးစွဲခဲ့သလဲ ဘယ်လိုမျိုးတွေလုပ်ဆောင်ခဲ့သလဲဆိုတာလေး ပြောပြပေးပါလား

ဦးနေဝင်း ။ ။ ရန်ပုံငွေအတွက်ကျတော့ တခြားသီးသန့်ထားထားတာမျိုးတော့မရှိပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်အသိတွေထဲကနေပြီး စေတနာရှိသလောက်ထည့်ဝင်တဲ့သူတွေနဲ့ စုပေါင်းပြီး လိုတာကို စိုက်ထုတ်တဲ့ ပုံသဏ္ဌာန်နဲ့ပဲ လုပ်ဆောင်ခဲ့တာပေါ့။

အခုဆိုအားလုံးကလည်း fan တစ်ခုလိုမျိုးလုပ်ကြရင်ကောင်းမယ်ဆိုပြီး အကြံပေးကြတာပေါ့ တစ်ခု အခက်အခဲရှိတာ က အလှူခံဖို့ကလည်း ဒါက နိဗ္ဗာန်ရောက်ကြောင်းတရားလည်းမဟုတ်ပြန်ဘူး။ တချို့ကျတော့လည်း ဘာပြောလဲဆိုတော့ သူ့အကြောင်းနဲ့သူပဲ မူးရူးပြီးတော့မှ ဒီကောင်တွေအကုန်သေသွားလည်း အေးတာပဲ ဘာလုပ်ဖို့ကူညီနေမလဲဆိုတာတွေလည်းရှိပြန်ရော ဆိုတော့ အလှူခံဖို့က တော်တော်အခက်အခဲရှိတယ်။

ဟင်္သာမီဒီယာ ။ ။ အန်ကယ်တို့ MANA အဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးအပေါ် လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုရှိလား။

ဦးနေဝင်း။ ။ အခုလုပ်ဆောင်ခဲ့သလောက်ထိတော့ အားရကျေနပ်မှုတကယ်ကို မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါးသုံးစွဲမှုက တစ်နှစ်ထက်တစ်နှစ်လျော့မသွားဘဲ တိုးတိုးလာတယ် အန်ကယ်တို့အနေနဲ့က မူးယစ်ဆေးဝါးလျော့ကျဖို့အတွက် လုပ်ဆောင်နေပေမယ့် ကိုယ် ကိုယ်တိုင်ပဲသိတယ် အောင်မြင်လာနေသလား လျော့လားလို့မေးရင်တော့ လျော့လာတယ် ဒါပေမဲ့ ဒီနှစ်မှာတော့ ယုံကြည်မှုက ပိုပြီးရှိလာပြီး သမ္မတကြီးက မားမားမတ်မတ်နဲ့ ရပ်တည်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောတဲ့အပေါ်မှာတော့ အခုဆိုရင် ရဲရဲတင်းတင်းရှေ့ထွက်ပြီး လုပ်ဆောင်ရဲသွားပြီး။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...