မွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်

မွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်
by -
ရွှေရိုး
မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့မှ ဒေါက်တာအောင်နိုင်ဦး(photo-MNA)
မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့မှ ဒေါက်တာအောင်နိုင်ဦး(photo-MNA)

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပေါင်းစည်းရေးကော်မတီကမွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့ကို တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီနှင့် မွန်အမျိုးသားကုုိယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့တို့ လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် Royal Hinthar Hotel ၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး ဖြစ်သည်။

ဇွန်လ ၃ ရက်နေ့တွင် ဒေါက်တာအောင်နိုင်ဦး၏ Online သတင်းစာရှင်းလင်းပွဲ၌ “အမှန်တော့ ဒီလာမယ့် ၉ ရက်နေ့မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ တစ်ပါတီတည်းဖြစ်ရေးကို အဓိက ဦးစားပေးဆောင်ရွက်နေတယ်ဆိုတော့ ဒီ ၆ ရက်နေ့မှာ အချင်းချင်းဆွေးနွေးမှု အဆင်ပြေခဲ့ရင် ဒီကြားထဲမှာ အဆင်ပြေသွားရင် အခြားကိစ္စတွေ စဉ်းစားစရာမလိုတော့ဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီကြားထဲမှာ တစ်ပါတီဖြစ်ရေးက ပိုပြီးအရေးကြီးတယ်”ဟု ပြောသည်။

မွန်နိုင်ငံရေးညီလာခံတွင် အချိုးကျပေါင်းစည်းမှုကို ချမှတ်ထားသော်လည်း မွန်နိုင်ငံရေးနှစ်ပါတီနှင့်တွေ့ဆုံရာ တွင် လိုအပ်ပါက ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆိုပါ မွန် ၂ ပါတီနှင့် တွေ့ဆုံသည့်အခါ ၂၁ ဦးအဖွဲ့၏ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ချပြပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီနေ့မှာ သဘောတူညီချက်ရရှိခဲ့ရင် ချက်ချင်းလက်မှတ်ထိုးချင်တယ်။ ဒီလထဲမှာပဲ အပြီးသတ်လုပ်ဆောင်ချင်တယ်။ ဆိုလိုချင်တာက မြန်မြန်နဲ့ ပြီးသွားစေချင်တယ်။ နိုင်ငံရေးက နောက်ကျကျန်နေလို့ မဖြစ်ဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မိမိတို့အဖွဲ့အနေဖြင့်လည်း မွန် ၂ ပါတီကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးလိုသည့် ဆန္ဒများရှိသဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းလာသည့်အပေါ်  ၂၁ ဦးအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားကြောင်း သိရသည်။

သို့ရာတွင် မကြာမီက မွန် ၂ ပါတီ ပေါင်းစည်းရေး ထုန်ပြန်ချက်၌ နှစ်ပါတီပေါင်းစည်းပြီးမှသာ အခြားသော မွန်နိုင်ငံရေးအင်အားစုပါဝင်လာမည်ဆိုသည့်အချက်အပေါ် နားလည်မှုလွဲမှားသွားနိုင်ကြောင်း မွန်အရေးလေ့လာသူ နိုင်ပညာမွန်က ဆိုသည်။

“အားလုံးက ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲသွားနေတယ်။ ကျွန်တော်တို့ မွန်နိုင်ငံရေးပါတီတွေ တစ်ပါတီဖြစ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲအချိန်ကျရင် မွန်မဲတွေ မကွဲစေဖို့ပဲ။ အဓိကတော့ ဒီအချက်ပဲ။ မွန်နိုင်ငံရေးနှစ်ပါတီနဲ့ မွန်အမျိုးသားကိုယ်စားပြုပါတီတို့က ရည်မှန်းချက်ပန်းတိုင်တူတယ်”ဟု နိုင်ပညာမွန်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏နည်းဥပဒေနှင့်အညီ မွန် ၂ ပါတီ၏အမည်တို့ကို အသစ်ပြောင်းလဲ၍ ပါတီသစ်တစ်ခု ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပါတီသစ်အမည်ကို အကြံပြုနိုင်ကြောင်း နှစ်ပါတီခေါင်းဆောင်များက ပြောသည်။  

July 5, 2024
ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသားများအတွက်...
July 3, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ဝါငဲ့၊ ကွမ်ငန်း၊...
July 2, 2024
ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီ ပိတ်ထားသော်လည်း...
July 1, 2024
မွန်ပြည်နယ်မှ ထွက်ရှိသည့် ရော်ဘာပြား၊ ဝဥနှင့် ပီလောပီနံတို့ကို တရုတ်နည်းပညာအကူအညီဖြင့်...