“အမှန်တကယ် အရည်အချင်းရှိသူတွေနဲ့ တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြု တည့်မတ်ပေးနိုင်မယ့် လူမျိုးတွေကိုသာ ဦးစားပေးတာဝန်ပေးအပ်ရမှာ ဖြစ်တယ်” -- မွန်ပြည်နယ်တရားလွှတ်တော် ဦးစီးမှူး ဒေါ်ကြည်ကြည်စိမ်းနှင့်တွေ့ဆုံခြင်း

“အမှန်တကယ် အရည်အချင်းရှိသူတွေနဲ့ တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြု တည့်မတ်ပေးနိုင်မယ့် လူမျိုးတွေကိုသာ ဦးစားပေးတာဝန်ပေးအပ်ရမှာ ဖြစ်တယ်” -- မွန်ပြည်နယ်တရားလွှတ်တော် ဦးစီးမှူး ဒေါ်ကြည်ကြည်စိမ်းနှင့်တွေ့ဆုံခြင်း
by -
ခေတ်မင်း
မွန်ပြည်နယ်တရားလွှတ်တော် ဦးစီးမှူး ဒေါ်ကြည်ကြည်စိမ်း
မွန်ပြည်နယ်တရားလွှတ်တော် ဦးစီးမှူး ဒေါ်ကြည်ကြည်စိမ်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးများ တွေ့ဆုံစဉ် မည်သည့်ကိစ္စများညွှန်ကြားထားပါသနည်းနှင့် လက်ရှိအခြေအနေများကို မွန်ပြည်နယ်တရားလွှတ်တော် ဦးစီးမှူး ဒေါ်ကြည်ကြည်စိမ်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဟင်္သာမီဒီယာ ။ ။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြည်ထောင်စုတရားသူကြီးချုုပ်၊ ပြည်ထာင်စု တရားလွှတ်တော် တရားသူကြီးချုပ်တွေကို တွေ့ဆုံခဲ့စဉ် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးနဲ့ အဂတိမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေလမ်းညွှန်ခဲ့သလဲဆိုတာ ပြည်သူတွေသိရှိအောင် ပြောပေးပါ။

ဒေါ်ကြည်ကြည်စိမ်း ။ ။ နိုင်ငံတော်သမ္မတကြီးက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် မည်သို့ကြပ်မတ်သွားမည်ကို စဉ်းစားဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ထိ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ဖြင့် ဆင့်ကဲဆင့်ကဲ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာကို ဆုံးရှုံးစေတဲ့ သက်သေခံပစ္စည်းတွေကို ကြပ်မတ်ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။

တရားခွင်တွေမှာ တရားသူကြီးတွေအနေနဲ့ ဥပဒေတွေ၊ ကျင့်ထုံးတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တိတိကျကျ မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရမှာဖြစ်ပြီး ဆင်ခြင်တုံတရားနဲ့ ယှဉ်၍ အမှုတွေကို ဆုံးဖြတ်ရမှာဖြစ်ကြောင်း အဂတိလိုက်စားမှုကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာမည်ဖြစ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးဟာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။

တရားရေးဆိုင်ရာ ဝန်ထမ်းတွေရဲ့ ပြောင်းရွှေ့ခြင်းတွေနဲ့ ရာထူးတိုးမြှင့်ခြင်း ကိစ္စရပ်တွေမှာတော့ အမှန်တကယ်အရည်အချင်းရှိသူတွေနဲ့ တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာအထောက်အပံံ့ပြု တည့်မတ်ပေးနိုင်မယ့် လူမျိုးတွေကိုသာ ဦးစားပေး တာဝန်ပေးအပ်ရမှာ ဖြစ်တယ်။

ပြည်ထောင်စုတရားသူကြီးချုပ်အနေနဲ့ တစ်နိုင်ငံလုံးရဲ့ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တာဝန်ရှိတဲ့ သူတွေကိုလည်း ထပ်မံချပြ ရှင်းလင်းသွားရမှာဖြစ်တယ်။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွေ၊ တရားဥပဒေစိုးမိုးရေး စင်တာတွေရဲ့ ထောက်ပံ့ကူညီပေးမှုတွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ပိုမိုတောင့်တင်းခိုင်မာအောင် ဆောင်ရွက်လုပ်ဆောင်သွားရန် နိုင်ငံတော်သမ္မတကြီးက မှာကြားခဲ့ပါတယ်။

ဒီလိုမှာကြားထားမှုတွေကိုလည်း ၁၂- ၄- ၂၀၁၈ ရက်နေ့ထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြထားသလို ပြည်ထောင်စု တရားသူကြီးချုပ်ကိုယ်တိုင်ကလည်း နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှာကြားချက်တွေကို ၉ ရက်အတွင်း တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ တရားရေးဦးစီးမှူးတွေကို ထပ်ဆင့်ချပြ ရှင်းလင်းဖို့ညွှန်ကြားခဲ့ပါတယ်။

ဟင်္သာမီဒီယာ ။ ။ နိုင်ငံတော်သမ္မတကြီး တွေ့ဆုံပြောဆိုခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တရားရေးဌာန၊ တရားစီရင်ရေးတွေနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ်မှာရှိတဲ့ တရားလွှတ်တော် တရားရေးဌာနတွေအနေနဲ့ ဘယ်လိုတွေ လိုက်နာဆောင်ရွက်ထားပြီးပြီလဲ။ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက်ရော ဘယ်လိုအခက်အခဲတွေ ရှိနေနိုင်ပါသလဲ။

ဒေါ်ကြည်ကြည်စိမ်း ။ ။ တရားရေးဌာန၊ တရားစီရင်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ တရားသူကြီး တစ်ဦးတစ်ယောက်တည်း တရားရေးဌာနတစ်ခုတည်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လို့ မရနိုင်ပါဘူး။ သက်ဆိုင်ရာ ဥပဒေရုံးအဆင့်ဆင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တရားစွဲအဖွဲ့အစည်းတွေ၊ ရှေ့နေရှေ့ရပ်တွေ၊ အမှုသည်တွေနဲ့ သက်သေတွေက ကျရာကဏ္ဍကနေပြီး ပူးပေါင်းပါဝင်မှ တရားစီရင်ရေးလုပ်ငန်းဟာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

“အားလုံးအတွက် ကောင်းမွန်သော တရားမျှတမှုဆီသို့” ဆိုသော ဆောင်ပုဒ်နဲ့ အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ) ၅ နှစ်တာစီမံကိန်းကို ယခုနှစ် ဇန်နဝါရီလက စတင်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်တရားလွှတ်တော်အနေနဲ့လည်း ပြည်နယ်တရားစီရင်ရေး မဟာဗျူဟာလုပ်ငန်းစဉ် စီမံခန့်ခွဲရေးအဖွဲ့တွင် ပြည်နယ်တရားသူကြီးက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

ဒါကြောင့် တရားစီရင်ရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းတွေ ရှေ့နေရှေ့ရပ်တွေ၊ အမှုသည်တွေနဲ့ သက်သေတွေဟာ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နဲ့ ပါဝင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောလိုပါတယ်။

ဟင်္သာမီဒီယာ ။ ။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ရဲ့ ပြောဆိုညွှန်ကြားထားမှုနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ်တရားလွှတ်တော်အနေနဲ့ ဘယ်လိုတွေလုပ်ကိုင် ဆောင်ရွက်ထားပြီးပြီလဲ။

ဒေါ်ကြည်ကြည်စိမ်း ။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေဖို့ ပွင့်လင်းမြင်သာတဲ့ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် တရားရုံးအဆင့်ဆင့့်ရဲ့ တရားစီရင်ရေးရာ၊ တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ စပ်လျဉ်း၍ အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ တရားရုံးအသီးသီးတွေကို ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို တာဝန်သတ်မှတ်ချက်နဲ့ အညီ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတွေကို လိုက်လံကြီးကြပ်ကွပ်ကဲမှုတွေကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ၂၀၁၇ ခုနှစ်ကစပြီးတော့ ယခုလက်ရှိအချိန်ထိ တရားလွှတ်တော်၊ တရားရေးဌာနနဲ့ ပတ်သက်ပြီးတော့ တရားရေးဝန်ထမ်းတွေကို ပြစ်ဒဏ်ပေး အရေးယူထားမှု ဘယ်နှစ်မှုရှိပါသလဲ။

ဒေါ်ကြည်ကြည်စိမ်း ။ ။ မွန်ပြည်နယ်အတွင်းမှာတော့ ဒီနေ့အချိန်ထိ တရားရေးဝန်ထမ်း ၃ ဦးကိုတော့ အပြစ်ဒဏ်ပေး အရေးယူထားမှုရှိပါတယ်။ ဒီ ၂၀၁၈ ခုနှစ် မတ်လ အတွင်းမှာပဲ မော်လမြိုင်တရားရုံးက ရုံးအစောင့် ဦးကျော်ဝင်းကို တရားရုံးအတွင်းမှာရှိနေတဲ့ (ဘိလစ်) ရုံးမှာအပ်နှံထားတဲ့ သက်သေခံပစ္စည်းတွေကို ပြင်ပနဲ့ ဆက်သွယ်ပူးပေါင်းပြီး အလွဲသုံးစားပြုလုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့အကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။

ကျန်တဲ့နှစ်ဦးကတော့ ၂၀၁၇ ခုနှစ်ကပါ။ ကျိုက်မရောမြို့နယ်တရားရုံးက အကြီးတန်းစာရေးတစ်ဦးနဲ့ ရေးမြို့နယ်တရားရုံးက အငယ်တန်းလက်နှိပ်စက် တစ်ဦးတို့ပဲ ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အဲဒီတရားရေးဝန်ထမ်းနှစ်ဦးက ဘယ်လိုအချက်တွေ ကျူးလွန်ခဲ့ပါသလဲ။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ရော ဘယ်လိုဖြစ်ဒဏ်မျိုး ချမှတ်ခဲ့ပါသလဲဆိုတာလေး ရှင်းပြပေးပါလား။

ဒေါ်ကြည်ကြည်စိမ်း ။ ။ ကျိုက်မရောမြို့နယ်တရားရုံးက အကြီးတန်းစာရေး ဒေါ်ခင်စိုးရီက ကျိမ်းကျိန်လွှာ ပြုလုပ်သူတစ်ဦးထံကနေ ငွေ (၈,၀၀၀) ကျပ် ရယူခဲ့ဖွယ်ရှိတယ်လို့ သုံးသပ်တွေ့ရှိရတဲ့အတွက် အကြီးတန်းစာရေးရာထူးကနေ တစ်ဆင့်နိမ့်ရာထူးဖြစ်တဲ့ အငယ်တန်းစာရေး ရာထူးအဆင့်သို့ လျှော့ချခဲ့ပြီးတော့ ပြည်နယ်တရားလွှတ်တော်ဌာနကို ပြောင်းရွှေ့နေရာချထားခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ရေးမြို့နယ်တရားရုံးက အငယ်တန်းလက်နှိပ်စက် ဒေါ်မြင်မြင့်ဝင်းက မိမိနဲ့ မသက်ဆိုင်တဲ့ အမှုသည်တွေရဲ့ ဦးတိုက်လျှောက်လွှာတွေကို ရေးသားလက်နှိပ်စက်ရိုက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ ဥပဒေနဲ့ အညီ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်တဲ့အတွက် လစာနှုန်းထား (၄) နှစ်လျှော့ချတဲ့ ပြစ်ဒဏ် ချမျတ်ခဲ့ပြီး ပြစ်ဒဏ်ကာလအတွင်း နှစ်တိုးလစာရပ်ဆိုင်းခံခဲ့ရတဲ့အပြင် ကျိုက်မရောမြို့နယ်တရားရုံးသို့ ပြောင်းရွှေ့နေရာချထားခဲ့ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပြည်သူလူထုအနေနဲ့ တရားလွှတ်တော်၊ တရားစီရင်ရေးနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်လွယ်ကူအောင် ဖြည့်စွက်ပြောပြချင်တဲ့ စကားများရှိရင် ပြောပေးပါ။

ဒေါ်ကြည်ကြည်စိမ်း ။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ တရားရုံးတော်ကို လာရောက်တဲ့ ပြည်သူလူထုတွေအနေနဲ့ တရားဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေရရှိဖို့အတွက် တရားရုံးအသီးသီးမှာရှိတဲ့ စုံစမ်းရေးဌာန (Information Counter) တွေမှာ တရားရုံး၊ တရားမမှု၊ ရာဇဝတ်မှု၊ စာချွန်တော်မှုတို့နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ထားရှိဆောင်ရွက်ထားပြီး အသိပညာပေးဝေလျက် ရှိပါတယ်။

ဒါ့အပြင် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) နဲ့အညီ တိုင်းရင်းသားဘာသာစကားတွေနဲ့ အများပြည်သူအသိပညာပေး လက်ကမ်းစာဆောင်တွေကို ထုတ်ဝေသွားဖို့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စီစဉ်ဆောင်ရွက်နေပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...