”အစိုးရကို စိတ်ရှည်ရှည်နဲ့ ထိန်းကျောင်းနေတယ်” - မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံခြင်း

”အစိုးရကို စိတ်ရှည်ရှည်နဲ့ ထိန်းကျောင်းနေတယ်” - မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံခြင်း
by -
သက်ပိုင်
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ

ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် နှစ် နှစ်ကျော်ကာလအတွင်း ဥပဒေပြုရာ၌ ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှု၊ ရေးရာ ကော်မတီ၏ အခန်းကဏ္ဍ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်မှု အပါအဝင် အစိုးရမှ ကတိကဝတ်ထားသည့် အဆို၊ မေးခွန်းအပေါ် အကောင်အထည် ဖော်မှု အခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ် လွှတ်တော်ရဲ့ လက်ရှိ နှစ်နှစ်တာအတွင်း အတည်ပြုခဲ့တဲ့ ဥပဒေတွေက ဘယ်နှစ်ခု လောက်ရှိပြီးလဲ။ ဒီလိုဥပဒေတွေ အတည်ပြုတဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ဒေါ်တင်အိ ။ ။ အန်တီတို့ မွန်ပြည်နယ် လွှတ်တော်မှာတော့ ဒီကနေ့ထိ ဥပဒေ ၁၁ ခုကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီးပြီ ဒီ ၁၁ ခုကတော့ အစိုးရကသာလျှင် တစ်နှစ် တစ်ကြိမ်တင်သွင်းခွင့်ရှိတဲ့ ဒေသန္တရ စီမံကိန်းဥပဒေ၊ ရသုံးခန့်မှန်းခြေ စီမံကိန်းဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ဒါကတော့ အစိုးရက နှစ်စဉ်ပြုပြင်နေရတယ်ပေါ့၊ နောက်ပြီးတော့ ဒုတိယအကြိမ်မှာ အသေးစား အလတ်စား လျှပ်စစ်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်၊ စည်ပင်သာယာဥပဒေ၊ ငါးလုပ်ငန်းဥပဒေစုစုပေါင်း ၁၁ ခုကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဥပဒေတွေကို လွှတ်တော်မှာ အတည်ပြုပြီးပြီးဆိုလို့ရှိရင် နောက်တစ်နေ့ အစိုးရကိုပို့တယ် ဝန်ကြီးချုပ်က အတည်ပြုတဲ့ ဥပဒေကို လက်မှတ်ထိုးရတယ်။ ဥပဒေကို အတည်ပြုပြီး ခုနစ်ရက်အတွင်း အစိုးရက လတ်မှတ်ထိုးရတယ် တကယ်လို့ ဝန်ကြီးချုပ်က လတ်မှတ်မထိုးလည်း ဒီဥပဒေကို အတည်ဖြစ်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်က ရှိပြီးသားဖြစ်တယ်။

စည်ပင်သာယာ ဥပဒေဟာ ပြဋ္ဌာန်းပြီးတာကြာပြီး၊ နည်းဥပဒေဆိုတာက ဌာနဆိုင်ရာနဲ့ အစိုးရက ရေးဆွဲရမှာ ဖြစ်တယ်၊ အခုထိတော့သူတို့ လုပ်နေသေးတယ်၊ ဒါပေမဲ့ မပြီးသေးပါဘူး၊ ဒီဟာက ဌာနဆိုင်ရာနဲ့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။ နောက်တစ်ခါ အန်တီတို့ လွှတ်တော် အနေနဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အိုးအိမ် ဥပဒေ၊ ဆားလုပ်ငန်း ဥပဒေ ၊ ငွေတိုးချစားသူများ ဥပဒေ၊ နောက်ပြီး မွန်ပြည်နယ် လွှတ်တော်ရဲ့ နည်းဥပဒေ ဒီ ဥပဒေ လေးခုကိုတော့ review လုပ်နေတုန်းပဲ၊ ဘယ်ဟာကို ပြင်ရမယ်၊ ထုတ်နုတ်ရမလဲ၊ ဒါကို စဉ်းစားဆဲပါ။

ဟင်္သာမီဒီယာ ။ ။ အခုလို လွှတ်တော်က ဥပဒေတွေကို ပြဋ္ဌာန်းတဲ့နေရာမှာ အခက်အခဲက ဘာတွေရှိမလဲ။

ဒေါ်တင်အိ ။ ။ အခက်အခဲတော့ မရှိပါဘူး၊ အန်တီတို့ ဥပဒေ တစ်ခု ပြဋ္ဌာန်းတော့မယ်ဆိုရင် ဥပဒေပြုရေးကော်မတီက ဆွေးနွေးတယ်၊ တစ်ခါတလေကျရင် ကိုယ်စားလှယ်တွေက ဆွေးနွေးတယ်၊ ဥပဒေတစ်ခု ပြဋ္ဌာန်းတော့မယ်ဆိုရင်လည်း ဥပဒေကြမ်းလုပ်တယ်၊ ပြီးရင် ပြည်သူကိုချပြတယ် အဲ့ဒီထဲမှာ ဌာနဆိုင်ရာတွေ လည်းပါတယ်။

ဥပဒေကြမ်းတစ်ခု လုပ်ပြီးပြီးဆိုလို့ရှိရင် ပြည်သူနဲ့ ဌာနဆိုင်ရာတွေကိုချပြတယ် ၊သူတို့ဆီက Feed back တွေ အကြံပြုချက်တွေ အားလုံး လက်ခံတယ်။

ဥပမာ စည်ပင် ဥပဒေဆို ပြည်သူ့ထံ ရှစ်ကြိမ်လောက် ချပြတယ်၊ အချိန် ရှစ်လ လောက်ကြတယ်၊ အများကြီးလည်း ပြဿနာတွေဖြစ်တယ်၊ အန်တီတို့ ပြဋ္ဌာန်းတဲ့ ဥပဒေတွေကလည်း လိုက်နာမယ့် ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ နောက်တစ်ခုက အုပ်ချုပ်သူအစိုးရ အသာရစေတဲ့ ဥပဒေ အဲ့လိုမျိုးတွေလည်း လုံးဝမဖြစ်စေရဘူး။

တစ်ခါတလေ ကျရင် ဌာနဆိုင်ရာနဲ့ အုပ်ချုပ်သူ အစိုးရတို့ လုပ်ဆောင်ရ လွယ်မယ်၊ ပြည်သူတွေ လိုက်နာရခက်မယ်၊ ဒါမျိုး လုံးဝ မဖြစ်စေဘူး၊ အခက်အခဲကတော့ လောလောဆယ် မရှိပါဘူး။

ဟင်္သာမီဒီယာ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ ပြည်နယ်တွေကို ပေးထားတဲ့ ဇယား (၂) ထဲကနေ ကဏ္ဍကြီး ၈ ခုနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကိုပဲ ပြည်နယ်တွေက ပြဋ္ဌာန်းရတယ်ဆိုတော့ တကယ်ရော လုံလောက်မှုရှိရဲ့လား။ အန်တီအနေနဲ့ ဘယ်လိုမြင်လဲ။

ဒေါ်တင်အိ ။ ။ ပြည်နယ် တိုင်းဒေသကြီးကပြည်ထောင်စု ဥပဒေနဲ့လည်း လိုက်လျောညီထွေ ရှိရမယ်။ နိုင်ငံတကာ ချုပ်ဆိုထားတဲ့စာချုပ်၊ အဲ့တာနဲ့ ဘောင်ဝင်အောင် အားလုံး (Harmony)ဖြစ်အောင် ကြည့်ပြီးမှ ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်တယ်။ အခက်အခဲရှိတယ် မရှိဘူးဆိုတာတော့ ခုနက ပြောသလိုပဲ ပြည်သူတွေအတွက်ကို မျက်နှာမူတဲ့အတွက်ကြောင့်မို့ အချိန်ကတော့ နည်းနည်းကြာတယ်ပေါ့ ပြည်သူတွေကိုချပြတယ် ဌာနဆိုင်ရာတွေကို အကြံပြုချက်တောင်းတယ်။

လောလောဆယ်တော့ အန်တီတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ လုံလောက်တယ် မလုံလောက်ဘူးဆိုတာတော့ မပြောလိုပါဘူး။ ဒီအတိုင်းပဲလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ နောက်တစ်ခု လွှတ်တော်အတွင်းမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေပေါ့၊ ဥပမာ လွှတ်တော် ငယ်လေး တွေပေါ့၊ အဲဒီ ရေးရာ ကော်မတီတွေရဲ့ နှစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အန်တီအနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။

ဒေါ်တင်အိ ။ ။ ပထမဆုံး ကိုယ်စားလှယ်စိစစ်ရေး ကော်မတီဆိုတာတော့ စုံညီအစည်းအဝေးမှာ ကိုယ်စားလှယ် တတ်ရောက်မှုရှိတာတွေ မရှိတာတွေနဲ့ ပတ်သက်ပြီး စိစစ်ရတယ်၊ ကျန်တဲ့အချိန်မှာကျတော့ ရေးရာကော်မတီ ခုနစ်ခုကနေ့စဉ် အလုပ်ရှိပါတယ်။ ရေးရာကော်မတီတိုင်းမှာလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ပါ ပါတယ်၊ ပညာရှင်တွေလည်းပါ ပါတယ်။ ဥပမာ- ဥပဒေပြုရေးကော်မတီမှာဆိုရင် မော်လမြိုင်တက္ကသိုလ် ဥပဒေ ပါမောက္ခ၊ အငြိမ်းစား ဥပဒေပညာရှင်တွေ အပါအဝင် ရှေ့နေတွေနဲ့ဖွဲ့စည်းတယ်။

ဥပဒေကို တကယ် ပြဋ္ဌာန်းရေးဆွဲရင်လည်း ဥပဒေပြုရေးကော်မတီအပြင် ကိုယ်စားလှယ်တွေအားလုံးကိုလည်း တစ်ခါတည်းဖိတ်ကြားပြီး လေ့လာခိုင်းတယ်။ ဥပဒေဆိုတာပြဋ္ဌာန်းလိုက်ပေမယ့် ရာနှုန်းပြည့် ပြည့်စုံတယ်ဆိုတာမရှိပါဘူး၊ အမြဲတမ်း ပြင်ဆင်ရမလား၊ ထုတ်ပယ်ရမလား၊ အသစ်ရေးဆွဲရမလားဆိုတာကို အန်တီတို့ အမြဲတမ်းစဉ်းစားပြီး အလုပ်လုပ်နေရတော့ မွန်ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုရေးကော်မတီနဲ့ ပတ်သက်ပြီးတော့ အားရကျေနပ်မှုရှိပါတယ်။ အန်တီတို့ လွှတ်တော် ရေးရာကော်မတီတွေအနေနဲ့ရော တစ်ယောက်ချင်းစီအနေနဲ့ရော အလုပ်လုပ်ကြတယ်။

ဟင်္သာမီဒီယာ ။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပါဝင်ဆောင်ရွက်မှုနဲ့ ဆွေးနွေးမှုအတိုင်းအတာတွေပေါ်မှာရော လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အားရကျေနပ်မှုရှိလား။

ဒေါ်တင်အိ ။ ။ သူတို့အနေနဲ့က အားနည်းမှုမရှိပါဘူး သူတို့ကတော့ အစည်းအဝေးဆိုလည်း မှန်မှန်လာကြတယ်၊ လွှတ်တော်စုံညီ အစည်းအဝေးဆိုလည်း ပျက်လေ့မရှိပါဘူး၊ ကိုယ်စားလှယ်တွေနဲ့အတူတူ ဝိုင်းလုပ်ပါတယ်၊ ရေးရာကော်မတီတွေမှာတော့ အားလုံးဆွေးနွေးကြတယ်၊ လွှတ်တော်အစည်းအဝေးမှာတော့ မေးခွန်းမေးတာတွေ အားနည်းပါတယ်။ မေးခွန်းမေးတာနည်းရတဲ့ အကြောင်းအရင်းကို တစ်မျိုးစဉ်းစားကြည့်ရင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လုပ်ကိုင်ဆောင်ရွက်တာတွေ အားလုံးပြည့်စုံလို့ မေးစရာမလိုလို့ မမေးတာလည်း ဖြစ်နိုင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိ နှစ်နှစ်တာအတွင်း လွှတ်တော်အစည်းအဝေးတွေမှာ မေးမြန်းခဲ့တဲ့ မေးခွန်းတွေ အဆိုတွေအပေါ်မှာ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ အန်တီ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဒေါ်တင်အိ ။ ။ လက်ရှိ နှစ်နှစ်တာအတွင်းမှာဆိုရင် အဆိုတွေအားလုံး ၃၆ ခု ၊ ကတိဝင်တဲ့လမေးခွန်းတွေအားလုံး ၂၈၃ ခု ၊ ကြယ်ပွင့်မပြမေးခွန်းက လေးခု၊ ဒါတွေအားလုံးကို သူတို့ကကတိဝင်ထားတာများတယ်၊ အရေးကြီး အဆိုတွေရော၊ အခြားအဆိုတွေရော အတည်ဖြစ်ထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆောင်ရွက်မှုက အားနည်းတယ်။ အဲ့တာဘာကြောင့်  အားနည်းလဲပြောလို့ရှိရင် သူတို့က ဘတ်ဂျက်မရှိရင် ဆောင်ရွက်လို့မရဘူး ဘတ်ဂျက်အတိုင်းအတာကို ကြည့်ပြီးဆောင်ရွက်ရတယ်၊ ဘတ်ဂျက်မရလို့ သူတို့ မဆောင်ရွက်တာသိတယ်၊ အဲ့ဒီတော့ မကျေနပ်ဘူးလို့လည်း ပြောလို့မရဘူး၊ အားလုံးကိုခြုံပြီးပြောရရင်တော့ ရာနှုန်းပြည့်မဆောင်ရွက်နိုင်သေးဘူးပေါ့။

ဟင်္သာမီဒီယာ ။ ။ MCL စက်ရုံဟာ ဥပဒေအရချိုးဖောက်နေတယ်ဆိုပြီး လွှတ်တော်မှာ အတည်ပြုထားတယ် အစိုးရဘက်က ဒါနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အရေးယူတဲ့ action တွေဆောင်ရွက်မှုတွေ မရှိသေးတဲ့အပေါ်မှာ အန်တီအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။

ဒေါ်တင်အိ ။ ။ MCL မှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဥပဒေနဲ့ မညီညွှတ်လို့ လွှတ်တော်က အဆိုတင်တယ်၊ ကတိဝင်တယ်၊ ဒါပေမဲ့ မဆောင်ရွက်ရသေးဘူး။ အဲ့တာကတော့ သူတို့အပိုင်းပေါ့၊ သူတို့ဘာကြောင့် ဆောင်ရွက်ဖို့နှောင့်နှေးနေလဲဆိုတာတော့ အန်တီတို့အနေနဲ့ဝင်စွက်ဖက်လို့မရဘူး။ ဝင်စွက်ပြီးဆိုရင် အန်တီတို့က အုပ်ချုပ်ရေးကို ဝင်စွက်သလို ဖြစ်မယ်၊ သူတို့ကလည်း သိရမှာက လွှတ်တော်မှာ ကတိဝင်ထားတဲ့မေးခွန်းရဲ့အဖြေကိုလုပ်ကိုလုပ်ရမယ်ဆိုတာသူတို့လည်း သိတယ်။ သူတို့သိထားရဲ့ သားနဲ့ ဖြစ်မလာသေးတာ သူတို့တာဝန်ပဲလို့ပြောချင်တယ်။

ဟင်္သာမီဒီယာ ။ ။ MCL ကို အရေးယူ မနိုင်သေးတဲ့ကိစ္စကို လွှတ်တော်က ဘယ်လို ထပ်ပြီးလုပ်ဆောင်သွားဖို့ ရှိလဲ။

ဒေါ်တင်အိ ။ ။ လွှတ်တော်က လုပ်လို့ မရတော့ဘူး၊ လွှတ်တော်က လုပ်လို့ရှိရင် ဝင်စွက်သလို ဖြစ်မယ်၊ လွှတ်တော်က အများစု အကြိမ်ကြိမ် တိုက်တွန်းသွားလို့ပဲရတယ်။

ဟင်္သာမီဒီယာ ။ ။ ထပ်ပြီးတော့ရော တိုက်တွန်းသွားဖို့ရှိလား။

ဒေါ်တင်အိ ။ ။ ရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ နောက်တစ်ခု အခု နှစ်နှစ်တာ အတွင်းမှာ အစိုးရအဖွဲ့ ဆောင်ရွက်တဲ့ စီမံကိန်းတွေကို လွှတ်တော်ထံ လာတင်ပြတာ ရှိလား။ ဘယ်လို အခြေအနေတွေ ရှိနေလဲ။

ဒေါ်တင်အိ ။ ။ ရေးမြို့နယ်ဘက်မှာ ဆောင်ရွက်မယ့် လျှပ်စစ်လုပ်ငန်းနှစ်ခုကို လွှတ်တော်ကို တင်ပြတယ်။ လွှတ်တော်က အတည်ပြုပေးလိုက်တယ်၊ အဲနှစ်ခု တင်ထားတယ်။

ဟင်္သာမီဒီယာ ။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေအရဆို တိုင်းနဲ့ ပြည်နယ် အစိုးရတွေက ကိုယ်လုပ်မယ့် စီမံကိန်းတွေကို လွှတ်တော်တင်ပြရမယ်ဆိုတာ ပါတယ်ဆိုတော့ နှစ် နှစ်အတွင်း ဒီနှစ်ခုပဲ လာတင်ပြတာလား။

ဒေါ်တင်အိ ။ ။ အဲဒီ နှစ်ခုပဲ လာတင်ပြတယ်၊ ကျန်တာတော့ မရှိသေးပါဘူး။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်လွှတ်တော်ရဲ့ ကော်မတီအသီးသီးကနေ တချို့သောကိစ္စရပ်တွေမှာ အစိုးရအဖွဲ့ကို အစီရင်ခံစာပို့တဲ့အခါ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အပေါ်မှာ အန်တီအနေနဲ့ ဘယ်လိုမြင်လဲ။

ဒေါ်တင်အိ ။ ။ အစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုအားနည်းပါတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ မဖြေတော့ဘူး။ သူတို့မှာသူတို့ပဲ လုပ်ရမယ့်တာဝန်ရှိတယ်၊ ဘာကြောင့်မဖော်ဆောင်ရသေးလဲဆိုတာတော့ သူတို့ပဲသိမှာပေါ့ အန်တီတော့ မပြောနိုင်ဘူး။

ဟင်္သာမီဒီယာ ။ ။ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူခဲ့တဲ့ နှစ် နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အားရကျေနပ်မှု ရှိလား။

ဒေါ်တင်အိ ။ ။ ရာနှုန်းပြည့်တော့ အားရကျေနပ်မှု မရှိပါဘူး။ အစိုးရအနေနဲ့ ကဏ္ဍတိုင်းကိုကြိုးစားတယ် အလုပ်လုပ်တယ်၊ ဒါပေမဲ့ကဏ္ဍတိုင်းက အကောင်အထည်ပေါ်မလာသေးဘူး၊ ပီပီပြင်ပြင် ဖြစ်မလာသေးဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ ခြေလက်ဖြစ်တဲ့ ဌာနဆိုင်ရာတွေ ဝန်ထမ်းတွေမှာလည်း တာဝန်ရှိတယ်။

ဌာနဆိုင်ရာ ဝန်ထမ်းဆိုတာ တကယ့်ကို သင်တန်းတွေပြီးပြည့်စုံတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့သူတွေ ဖြစ်တယ်။ အစိုးရရဲ့ စီမံချက်တွေကို တကယ်တမ်း စိတ်ပါလက်ပါနဲ့ စေတနာရှိရှိ အကောင်အထည်ဖော်ဖို့က ဌာနဆိုင်ရာက အရာထမ်း အမှုထမ်းတွေ ဖြစ်တယ်။ ဌာနဆိုင်ရာရဲ့ အမှုထမ်း၊ အရာထမ်းတွေကိုလည်း နိုင်ငံတော်က ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း လစာတိုးပေးထားတယ်။

နှောင့်နှေးနေတဲ့ဌာနတွေကို ကိုင်တွယ်ရတော့မယ်ဆိုပြီး နိုင်ငံတော်သမ္မတကလည်း ပြောထားတယ်။ နှောင့်နှေးမှု မရှိအောင် လုပ်ရမယ်။ အစိုးရကိုပဲ အပြစ်ပြောလို့မရဘူး ၊အစိုးရရဲ့ ခြေလက် ဖြစ်သော ဌာနဆိုင်ရာတွေလည်းကောင်းဖို့လိုတယ်။ အဲ့ဒီတော့ အားလုံးဟာ တစ်ဦးတစ်ယောက်ကောင်းလို့မရဘူး နိုင်ငံ့ဝန်ထမ်းလည်းကောင်းဖို့လိုသလို ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့အစိုးရကလည်း ကြီးကြပ်မှုကောင်းဖို့လိုတယ်၊ စီမံဖို့လိုတယ်။ မှားနေတာတွေလည်း ပြင်ဆင်ပေးဖို့လိုသလို နှောင့်နှေးနေတာတွေကိုလည်း မြန်အောင်လုပ်ဖို့လိုမယ်။

ဟင်္သာမီဒီယာ ။ ။ အန်တီအနေနဲ့ ထပ်ပြီးဖြည့်စွက် ပြောချင်တာ ရှိပါသေးလား ခင်ဗျား။

ဒေါ်တင်အိ ။ ။ အန်တီတို့က ပြည်သူတွေအကျိုးအတွက် ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် လုပ်နေတယ်၊ အန်တီတို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးကလည်း ကိုယ်မြို့နယ်အတွက် ကိုယ်လုပ်နေကြပါတယ်၊ အန်တီအနေနဲ့ ပြည်သူတွေအသိပညာ ကြွယ်ဝအောင် ပြည်သူတွေ ဥပဒေနဲ့အညီ နေထိုင်တတ်အောင် ပြည်သူတွေကလည်း အမှိုက်ပစ်တာတွေက အစ စည်းကမ်းရှိအောင် လွှတ်တော်က တတ်နိုင်သလောက် အသိပညာပေးနေတယ်။

အခုဆိုရင် အန်တီတို့ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဆို ရေးမြို့နယ် တစ်ခုတော့ ကျန်သေးတယ်၊ ကျန်တဲ့မြို့နယ်တွေကို အသိပညာ ပေးခဲ့ပြီး ဖြစ်ပါတယ်၊ အန်တီတို့ကို အကောင်အထည်ဖော်မယ့် အုပ်ချုပ်ရေးပိုင်းရဲ့ ဆောင်ရွက်ချက်တွေကိုတော့ အများကြီးမျှော်လင့်ပါတယ်။ အုပ်ချုပ်ရေးပိုင်းရဲ့ ဆောင်ရွက်ချက်၊ ဌာနဆိုင်ရာတွေရဲ့ဆောင်ရွက်ချက်ပါမှသာလျှင် အလုပ်ပြီးမယ် ဒေသဖွံ့ဖြိုးရေးတွေ အကောင်အထည်ပေါ်မှာဖြစ်တယ်။

အန်တီတို့ လွှတ်တော်က ဌာနဆိုင်ရာမရှိတော့ ဘယ်လိုမှ ဝင်လုပ်လို့ မရဘူး၊ သူတို့ရဲ့အုပ်ချုပ်ရေးမဏ္ဍိုင်ကိုလည်း အန်တီတို့ စွက်ဖက်လို့မရဘူး၊ အန်တီတို့ အကြိမ်ကြိမ် တိုက်တွန်းတာပဲရှိတော့၊ အန်တီတို့ လွှတ်တော်ဟာ ပြည်သူတွေအကျိုးရှိမယ့် ဥပဒေတွေ ပြဋ္ဌာန်းရင်နဲ့ အစိုးရကို စိတ်ရှည်ရှည်နဲ့ ထိန်းကျောင်းနေတယ်၊စောင့်ကြည့်နေတယ်၊ သူတို့ ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကူညီပေးတယ်၊အစိုးရကို စောင့်ကြည့်တယ်ဆိုတာက အန်တီအမြဲယူဆတာ ကူညီချင်လို့ ယူဆတယ်၊ အစိုးရဟာ အင်မတန် အလုပ်များတယ်၊ ဌာန များတယ်၊ အန်တီတို့ ကိုယ်စားလှယ်တွေက စောင့်ကြည့်တဲ့အတိုင်း မေးခွန်း မေးတယ်၊ အဆိုတင်သွင်းတယ်၊ ဒီအတိုင်းသာ အစိုးရက အကောင်ထည်ဖော်လိုက်မယ်ဆိုရင် အင်မတန် ပြည်သူတွေအတွက် စိတ်ချမ်းသာမယ်၊ ပြည်သူတွေ အကျိုးရှိမယ်လို့ အန်တီ ပြောချင်တယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...