ရခိုင်ပြည်နယ်မှ လူနည်းစုတိုင်းရင်းသားများအတွက် ရေဒီယိုလိုင်းများထုတ်လွှင့်ပေးရန် ပြန်ကြားရေးဝန်ကြီးကို တင်ပြ

ရခိုင်ပြည်နယ်မှ လူနည်းစုတိုင်းရင်းသားများအတွက် ရေဒီယိုလိုင်းများထုတ်လွှင့်ပေးရန် ပြန်ကြားရေးဝန်ကြီးကို တင်ပြ
by -
စံမောင်သန်း

ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသား လူနည်းစုမျိုးနွယ်စုဝင်များအတွက် ရေဒီယိုအသံလွှင့်လိုင်းများ ထုတ်လွှင့်ပေးရန် နိရဥ္စရာ သတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား တင်ပြတောင်းဆိုခဲ့သည်ဟု သိရသည်။

၎င်းတင်ပြတောင်းဆိုမှုအား မေလ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်တွင် ပြန်ကြားရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူများနှင့် BNI မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်ကြတဲ့ ခမီး၊ မြို၊ သက်၊ ဒိုင်းနက် (သက္ကမ) စတဲ့ လူမျိုးတွေဟာ အခု အခါ လူနည်းစုတွေ ဖြစ်ကြပြီး အများစုက မြန်မာ စကားကို မပြောတတ်သလို ရခိုင်စကားဆိုလည်း နည်းနည်းပါးပါးဘဲ တက်ကြတယ်။ မြန်မာစာကိုလည်း မတတ်ကြဘူး။ သူတို့က လုံးဝ မျက်စိပိတ်၊ နားပိတ် ဖြစ်နေတယ်။ ဒီအတွက် ဒီလူမျိုးစုငယ်တွေအတွက် သူ့ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုလိုင်းတွေ စီစဉ်ပေးဖို့ ပြန်ကြားရေး ဝန်ကြီးနှင့် တွေ့တုန်း မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်” ဟု ဦးခိုင်မြတ်ကျော်က ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင်များဖြစ်ကြသည့် ခမီး၊ မြို၊ သက်၊ ဒိုင်းနက် (သက္ကမ) စသည့် လူမျိုးများ တစ်ဖြည်းဖြည်း လူဦးရေ အလွန်နည်းပါးလာပြီး အစိုးရမှ စနစ်ကျ အစီအစဉ်ရေးဆွဲပြီး မကာကွယ်ပါက အနာဂတ်တွင် ၎င်းလူမျိုးငယ်များမှာ ပျောက်ကွယ် သွားနိုင်သည်ဟုလည်း သူက ပြောကြားသည်။

“ အခုလောလောဆယ်မှာတော့ Community Radio မျိုးလို ရေဒီယိုတွေ မဆောင်ရွက်ပေးနိုင်ရင် တောင်မှ အစိုးရက စီစဉ်ဆောင်ရွက်နေတဲ့ မေယု FM လိုမျိုး၊ ဒါမှမဟုတ်ရင် တစ်ခြားသင့်တော်တဲ့ FM တစ်ခုကနေ သူတို့ဘာသာစကားနဲ့ ထုတ်လွှင့်ပေးဖို့ တင်ပြခဲ့ပါတယ်။ ပြန်ကြားရေး ဝန်ကြီးက စိတ်ဝင်စားတာ တွေ့ရတယ်။ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ညွှန်ချုပ်တွေကို ဒီကျွန်တော် တင်ပြတာကို လိုက်မှတ်ထားဖို့ ပြောဆိုတာကို တွေ့ရပါတယ်” ဟု ဦးခိုင်မြတ်ကျော်က ပြောဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးစုများအတွက် ရေဒီယိုလိုင်းများ ထူထောင်ပေးရန် အစီအစဉ်ရှိနေပြီး များမကြာမီ အကောင်အထည်ဖော်ပေးနိုင်လိ်မ့်မည်ဟု မျှော်လင့်ကြောင်းလည်းသူက ပြောဆိုသည်။

“ လောလောဆယ်မှာတော့ ရေဒီယို အလုံး တစ်သောင်းလောက် ပြန်ကြားရေး ဝန်ကြီးဌာနက ဖြန့်ဝေဖို့ရှိတယ်။ ဒီလူမျိုးစုတွေကိုလည်း ဖြန့်ဝေ ပေးသွားမယ်လို့ ပြောပါတယ်။ ကျွန်တော် တင်ပြတဲ့ ရခိုင်မျိုးနွယ်စုတွေ အတွက် ရေဒီယိုလိုင်းတွေအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

မေလ ၂ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် BNI မှ တာဝန်ရှိသူများတွေ့ဆုံစဉ် တိုင်းရင်းသားမီဒီယာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ၊ တိုင်းရင်းသား ရုပ်သံများကို အစိုးရပိုင် ရုပ်သံလိုင်းများမှ ထုတ်လွှင့် နိုင်ရေး ကိစ္စ၊ အစိုးရပိုင် ပုံနှိပ်မီဒီယာများတွင် တိုင်းရင်းသား သတင်းလွှာများအား အပတ်စဉ် ဖော်ပြနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အတူ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး BNI ဘက်မှ ဟင်္သာမီဒီယာမှ ဒါရိုက်တာ မင်းဗညားစံ၊ နိရဥ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်၊ BNI မန်နေဂျင်း ဒါရိုက်တာ ဦးညိုမင်းနှင့် တစ်ခြား တာဝန်ရှိသူ သုံးဦးခန့် တက်ရောက်ခဲ့သည်။

အမ်းပြည်သူများ/ပုံဟောင်းသာ
November 8, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ငွေကျပ် သုံးသိန်းအထိ...
ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...