ကုလသမဂ္ဂ၏ မူဝါဒ ဖွံ့ဖြိုးမှု ကော်မတီက LDC နိုင်ငံအဖြစ် သတ်မှတ်သည့် စံ ၃ ချက်ရှိသည်။
(၁) လူတဦးချင်းရဲ့ ၀င်ငွေ - ၃ နှစ် တဆက်တည်း အချိန်ကာလအတွင်း တဦးချင်း ၀င်ငွေကို တိုင်းတာခြင်း။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ သတ်မှတ် စံနှုန်းအရ တနှစ်လျှင် လူတဦးချင်း ၀င်ငွေ ၁,၂၄၂ ဒေါ်လာကျော်လျှင် LDC နိုင်ငံဘဝမှ လွတ်မြောက်ခွင့် ရှိသည်။
(၂) လူသားအရင်းအမြစ် ညွှန်းကိန်း - Human Access Index သတ်မှတ်ချက်အရ အာဟာရဓာတ် ရရှိမှု အခြေ အနေ၊ ၅ နှစ်အောက် ကလေး သေနှုန်း၊ အလယ်တန်း ကျောင်းဝင်မှုနှုန်း၊ သက်ကြီး စာတတ်မြောက်မှုနှုန်းတို့ ပါ၀င်သည်ဟု ဆိုသည်။ အောင်မှတ်က ၆၆ သတ်မှတ်ထားကြောင်း သိရသည်။
(၃) စီးပွားရေး ထိလွယ်ရှလွယ်ရှိမှု (Economic vulnerability) ညွှန်းကိန်းများအရ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု အခြေအနေ မတည်ငြိမ်ခြင်း၊ နိုင်ငံခြား ပို့ကုန် လုပ်ငန်းနဲ့ဝန်ဆောင်မှု အခြေအနေမတည်ငြိမ်ခြင်း၊ သဘာဝဘေး ဒဏ်ခံနေသူ လူဦးရေနှုန်းမြင့်မားခြင်း အစရှိသည့် အနေအထားများအပေါ် မူတည်သည်။
၂၀၁၄/၁၅ ခုနှစ် မြန်မာနိုင်ငံ၏ တဦးချင်း ၀င်ငွေ ၁၀၆၃ ဒေါ်လာသာ ရှိသည်။ ၁,၂၄၂ ဒေါ်လာ မကျော်၍ LDC နိုင်ငံ အဖြစ်မှ မလွတ်မြောက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ညွှန်းကိန်းက ၂၀၁၄/၁၅ ခုနှစ် တိုင်းတာချက်အရ ရ၂.၇ မှတ်ဖြစ်သဖြင့်၊ သတ်မှတ် စံနှုန်း ၆၆ ထက် ကျော်လွန်သည်။ သို့သော် အချို့ ကိန်းဂဏန်း လိုအပ်ချက်များ ရှိနိုင်သည်ဟု ဒုဝန်ကြီး ဦးမောင်မောင် ၀င်းက ပြောသည်။ Economic vulnerability ကိစ္စတွင် Political Stability နိုင်ငံရေး တည်ငြိမ်မှုလည်း အရေးကြီးသည်။ ပြည်တွင်းစစ် နှစ်ပေါင်း ရ၀ နီးပါးဖြစ်နေခဲ့သဖြင့့် မြန်မာ့ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ အိမ်နီးချင်း နိုင်ငံများ၏ နောက်တွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် NLD အစိုးရသစ်က ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်လာပုံရသည်။
LDC နိုင်ငံဖြစ်ခဲ့လျှင် နိုင်ငံတကာမှ အကြွေးများ လျှော်ပေးခြင်း၊ ကုန်သွယ်မှု ဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ခြင်း၊ တရားဝင် ဖွံဖြိုးမှု အကူအညီများ ရရှိနိုင်ခြင်း၊ နိုင်ငံခြား အကူအညီ အထောက်အပံံ့များ ရရှိနိုင်ခြင်း၊ ကုလသမဂ္ဂ ထည့်ဝင်ကြေး လျှော့ပေါ့ပေးရခြင်း၊ ပညာတော်သင်ဆုများ၊ နည်းပညာ အကူအညီများနှင့် အခြား ဘဏ္ဍရေးဆိုင်ရာ ဖွံဖြိုးမှု အကူအညီ အထောက်အပံ့များရရှိနိုင်ခြင်း စသဖြင့် အကျိုးကျေးဇူးများ ရနိုင််ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် LDC နိုင်ငံ ဖြစ်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် လာအို က ၁၉၇၁ ခုနှစ်တွင် LDC နိုင်ငံ ဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားက ၁၉၉၁ ခုနှစ်တွင် LDC နိုင်ငံ ဖြစ်ခဲ့ပါသည်။ ယခုအထိ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားတို့သည် LDC စာရင်း၌ တည်ရှိနေဆဲဖြစ်သည်။ ၂၀၁၆ မေလ ကုလသမဂ္ဂအတည်ပြုချက်အရ လက်ရှိ LDC ၄၈ နိုင်ငံရှိသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ပမာဏကို ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်နိမ့်ကျကြောင်း တွေ့နိုင်သည်။ ကမ္ဘာ့ဘဏ်စာရင်းဇယားများအရ တောင်ကိုရီးယားနိုင်ငံ၏ စုစုပေါင်းပြည်ပပို့ကုန်မှ ရရှိဝင်ငွေ ဒေါ်လာ ၆၄၇ ဘီလျံ၊ စင်ကာပူနိုင်ငံ ဒေါ်လာ ၅၁၇ ဘီလျံ၊ ထိုင်းနိုင်ငံ ဒေါ်လာ ၂၇၃ ဘီလျံ၊ မလေးရှားနိုင်ငံ ဒေါ်လာ ၂၁၀ ဘီလျံ၊ အသီးသီး ရှိနေချိန်တွင် မြန်မာနိုင်ငံက ၁၃ ဘီလျံ သာရှိသည်။ အလားတူ လူတစ်ဦးပျမ်းမျှ ပြည်ပပို့ကုန်တန်ဖိုးကို နှိုင်းယှဉ် ကြည့်လျှင် စင်ကာပူနိုင်ငံ၏ လူတစ်ဦးပျမ်းမျှ ပြည်ပပို့ကုန်တန်ဖိုးမှာ ၉၃,၃၄၄ ဒေါ်လာ၊ တောင်ကိုရီးယား ၁၂,၇၇၇ ဒေါ်လာ၊ မလေးရှား ၆,၉၃၇ ဒေါ်လာ၊ ထိုင်းနိုင်ငံ ဒေါ်လာ ၄,၀၂၀ ဖြစ်ပြီး မြန်မာနိုင်ငံက လူတစ်ဦး ပျမ်းမျှ ပြည်ပပို့ကုန် တန်ဖိုးမှာ ၂၄၂ ဒေါ်လာခန့်သာရှိသည်။ ၎င်းအခြေအနေက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလွန် နိမ့်ကျနေသည်ကို ပြသနေသည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသော ၂၀၁၅ ခုနှစ် စာရင်းဇယားများအရ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) များကို နှိုင်းယှဉ်ကြည့်လျှင် တောင်ကိုရီးယားနိုင်ငံ ဒေါ်လာ ၁,၃၇၈ ဘီလျံ၊ ထိုင်းနိုင်ငံ ဒေါ်လာ ၃၉၅ ဘလျံ၊ မလေးရှား ဒေါ်လာ ၂၉၆ ဘီလျံ၊ဖြစ်ပြီး မြန်မာနိုင်ငံက ဒေါ်လာ ၆၅ ဘီလျံသာ ရှိသည်။ တချိန်တည်းတွင် လူတစ်ဦးပျမ်းမျှဝင်ငွေ (Per Capita Income) အခြေအနေကို ကြည့်လျှင် စင်ကာပူနိုင်ငံ၏ လူတစ်ဦး ပျမ်းမျှဝင်ငွေ ၅၂,၈၈၉ ဒေါ်လာ၊ တောင်ကိုရီးယားနိုင်ငံ ၂၇,၂၂၂ ဒေါ်လာ၊ မလေးရှားနိုင်ငံ ၉,၇၆၆ ဒေါ်လာ၊ ထိုင်းနိုင်ငံ ၅,၈၁၆ ဒေါ်လာရှိပြီး၊ မြန်မာနိုင်ငံက ၁,၂၀၄ ဒေါ်လာခန့်သာ ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေ (Per Capita Income) အလွန် နိမ့်ကျနေကြောင်း တွေ့နိုင် သည်။
ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကို နှိုင်းယှဉ် ကြည့်လျှင်လည်း ၅ နှစ်အောက် ကလေးသေဆုံးနှုန်း ကလေး ၁၀ဝဝ မှာ တောင်ကိုရီးယားနိုင်ငံ ၃ ဦးသေဆုံး၊ စင်ကာပူနိုင်ငံတွင် ၃ ဦး၊ မလေးရှားနိုင်ငံ တွင် ရ ဦး၊ ထိုင်းနိုင်ငံ ၁၂ ဦးရှိပြီး မြန်မာနိုင်ငံ ၅၀ ဦးခန့် သေဆုံးကြောင်း တွေ့ရသည်။ သားဖွားမိခင်များ၏ ကလေးအရှင်မွေးဖွားမှု ကလေးဦးရေ (၁၀၀,၀၀၀) တစ်သိန်းတွင် မိခင်သေဆုံးမှုနှုန်း တောင်ကိုရီးယားနိုင်ငံ ၁၁ ဦးခန့်၊ စင်ကာပူနိုင်ငံ ၁၀ ဦးခန့်၊ ထိုင်းနိုင်ငံ ၂၀ ခန့်၊ မလေးရှားနိုင်ငံ ၄၀ ခန့်ရှိပြီး မြန်မာနိုင်ငံမှာ ၁၇၈ ဦးခန့်အထိ ရှိသည်။ နိုင်ငံတော် အစိုးရများ၏ ပျမ်းမျှ လူတစ်ဦး ကျန်းမာရေး အသုံးစရိတ်မှာ စင်ကာပူနိုင်ငံ ဒေါ်လာ ၂၇၅၂ ခန့်၊ တောင်ကိုရီးယား နိုင်ငံ ဒေါ်လာ ၂၀၆၀ ခန့်၊ မလေးရှား နိုင်ငံ ဒေါ်လာ ၄၅၆ ခန့်၊ ထိုင်းနိုင်ငံ ဒေါ်လာ ၃၆၀ ခန့် ရှိသော်လည်း မြန်မာနိုင်ငံက ဒေါ်လာ ၂၀ ခန့်သာ သုံးစွဲသည်။
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက် တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ၂၇၅၀ ဘီလျံ အသုံးပြုရန် လျာထားချိန်၌ ပညာရေး အသုံးစရိတ် ကျပ် ၁၄၉.၉ ဘီလျံ၊ ကျန်းမာရေး အသုံးစရိတ် ကျပ် ရ၅၇.၄၃၆ ဘီလျံသာ ရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ် အချို့က ဘတ်ဂျက်များကို အတည်ပြုပေးရမည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ ခြုံငုံသုံးသပ်ရလျှင် အထက်၌ ဆိုခဲ့သည့်အတိုင်း နိုင်ငံရေးတည်ငြိမ်မှု(Political Stability) သည် စီးပွားရေးမူဝါဒ ချမှတ်ရာတွင် အလွန်အရေးပါရုံမက လူမှုစီးပွားရေးဘဝ တိုးတက်ဖွံ့ဖြိုးရေး (Socio-economic Development) ကိစ္စ ဆောင်ရွက်ရာတွင်လည်း မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် Least Developed Country ဘဝက လွတ်မြောက်ရေးအတွက် အရင်ဆုံး ဖေါ်ဆောင်ရမည်မှာ နိုင်ငံရေး တည်ငြိမ်မှု ရှိရေးဖြစ်သည်။ NLD အစိုးရက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပြီး နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ခြင်းသည် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည်။ ကုလသမဂ္ဂ မူဝါဒ ဖွံ့ဖြိုးမှု ကော်မတီ၏ LDC သတ်မှတ် စံ ၃ ခု ဖြစ်သည့် (၁) လူတဦးချင်းရဲ့ ၀င်ငွေ (Per Capita Income)။ (၂) လူသား အရင်းအမြစ်ညွှန်းကိန်း (Human Access Index)သတ်မှတ်ချက်။ (၃) စီးပွားရေး ထိလွယ်ရှလွယ် ရှိမှု (Economic vulnerability) ညွှန်းကိန်းများ - အစရှိသော သတ်မှတ်စံညွှန်းအားလုံးသည် နိုင်ငံရေးတည်ငြိမ်မှု (Political Stability) အပေါ် တည်နေသည်ကို တွေ့နိုင်သည်။
သို့ဖြစ်၍ နိုင်ငံရေးတည်ငြိမ်မှု(Political Stability) ဖြစ်ထွန်းရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရေးကို သက်ဆိုင်သူ အားလုံး ၀ိုင်းဝန်းဆောင်ရွက်သင့်သည်။ သို့မှသာ သားရွှေအိုးထမ်းလာတဲ့ ကိန်းဖြစ်မည်။ ငြိမ်းချမ်းရေးလည်းရ၊ LDC နိုင်ငံ ဘဝကလည်းလွတ်မြောက်မည့် ကိန်းဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှု ရရှိရေး သို့မဟုတ် ငြိမ်းချမ်းရေးရရှိရေးကိစ္စကို အကောင်အထည်ဖေါ်နိုင်လျှင် မြန်မာနိုင်ငံအတွက် အလွန့်အလွန် အကျိုးရှိမည်မှာ သေချာလှသည်။