မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ (NCA) စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့အခါ (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်း စုစုပေါင်း (၁၀)ဖွဲ့ ရှိသွားပြီဖြစ်ပါတယ်။
မွန်နဲ့ လားဟူ အဖွဲ့အစည်း ၂ခု (NCA) ဘောင်ထဲ ဝင်သွားတဲ့ဖြစ်ရပ်ဟာ ပထမဆုံးအနေနဲ့ ၂၀၁၁ခုနှစ် နှစ်ဦးပိုင်းမှာ ပေါ်ပေါက် လာတဲ့ စုဖွဲ့မှုတစ်ရပ်ဖြစ်တဲ့ (UNFC)ဆိုတဲ့ စုဖွဲ့မှုကို အဆုံးသတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မာပြည် တောင်ဘက်ခြမ်းမှာ ဖွဲ့စည်းထားခဲ့တဲ့ တိုင်းရင်းသားစုဖွဲ့မှုတစ်ခု ရပ်ဆိုင်းသွားတာပဲ ဖြစ်ပါတယ်။
ခြေမြန်လက်မြန် ဆိုတဲ့စကားလိုပဲ၊ အစိုးရပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက (KNPP)နဲ့ တဖွဲ့ချင်းပဲဆွေးနွေးမှာဖြစ်ပြီး (ANC)နဲ့ ဆွေးနွေး စရာမလိုတော့ဘူးဆိုတဲ့စကားကို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပြီးဖြစ်ပါတယ်။ “(ANC)တဖွဲ့ထဲ သီးသန့်လုပ်ဖို့ခက်တယ်၊ (ANC)မှာ တပ်မရှိဘူး။ (ANC)အနေနဲ့ (NCA) ထိုးဖို့ခက်သွားပါပြီ” --- စသဖြင့် စကားကုန် ပြောသွားပါတယ်။
ဦးဇော်ဋ္ဌေးတို့ဘက်က အပေါ်စီးနဲ့ပြောသွားတာက “ANC နဲ့ LDU က ABSDF လို နယ်မြေမရှိဘူး။ အဲဒါကြောင့် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်မရှိဘူး။ ဒါကို LDU က လက်ခံတယ် ANC က လက်မခံတဲ့အတွက် လက်မှတ်မထိုးဖြစ် ပါဘူး။ ကျွန်တော်တို့ (ANC) နဲ့ ၁၁ရက်နေ့ ညနေပိုင်းအထိ ညှိခဲ့တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောသွားပါတယ်။
ဒါ့အပြင် “ANC၊ LDU၊ WNO သုံးဖွဲ့က (NCA) လက်မှတ်ထိုးစရာမလိုဘဲ ငြိမ်းချမ်းရေးညီလာခံ တိုက်ရိုက် တက်ရောက် ခွင့်ပြု မယ်လို့ သမ္မတဦးသိန်းစိန်လက်ထက်က ပြောထားခဲ့တာရှိပါတယ်” ဆိုတဲ့စကားကိုတောင် ပြန်ပြီး အစဖော်ထားလိုက်ပါသေး တယ်။
ဒီတော့ “နယ်မြေမရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရှိဘူး”။
(တကယ်တော့ နယ်မြေနဲ့တပ်ဆိုတာ တစ်ခုစီ ခွဲမရဘူး) ဒီအချက်ကို (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ (LDU) နဲ့ (ANC) လက်ခံပုံက မတူညီကြဘူး။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လိုအပ်ချက်အပေါ် မူတည်ပြီး လက်ခံသူနဲ့ လက်မခံသူအဖြစ် ကွဲပြားသွား ကြတယ်။ တပ်နဲ့နယ်မြေ လက်ဝယ်ရှိတဲ့ အဖွဲ့အည်း/ မရှိတဲ့ အဖွဲ့အစည်းအပေါ် စစ်တပ်က ဘယ်လိုသဘောထားသလဲဆိုတာ လည်း ပိုပြီး ရှင်းလင်းသွားတာပေါ့။
တစ်နည်းအားဖြင့် (UNFC) အစည်းပြေသွားတယ်ဆိုတာ ကိုယ့်လိုအပ်ချက်၊ ကိုယ့်အကြောင်းပြချက်ကိုယ်စီနဲ့ (NCA) ဘောင် ထဲကို ဝင်ရောက်သွားတာရဲ့ နောက်ဆုံးအကျိုးဆက်ရလဒ်ပဲ ဖြစ်ပါတယ်။ “တဖွဲ့ချင်းခွဲပြီးမဆွေးနွေးဘူး၊ တပ်ပေါင်းစုနဲ့ အတူ တကွ ဆွေးနွေးမယ်” ဆိုတဲ့မူကို ကိုယ့်ဘာသာကိုယ်ဖောက်ဖျက်ကြပြီး ဝဲတွေ၊ ဂယက်တွေများလှတဲ့မြစ်ထဲမှာ အားလုံးအတူ စပ်ဟပ်ဖွဲ့တည်ခဲ့ကြတဲ့ အတူစုန်ခဲ့၊ ဆန်ခဲ့ကြတဲ့ သစ်ဖောင်ကြီးထဲက ကိုယ့်သစ်လုံး ကိုယ်ဖြုတ်ယူကြပြီး ဖောင်ဖျက်သွားကြတဲ့ သဘောမျိုးဖြစ်ပါတယ်။
ယခင့်ယခင်ကပဲဖြစ်ဖြစ်၊ ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းမှာဖြစ်ဖြစ် တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြတဲ့ “တပ်ပေါင်းစု”တွေရဲ့ ကံကြမ္မာ ထိုနည်းလည်းကောင်း စုတေ သွားကြရတာချည်းပါပဲ။ အခြေအနေနဲ့အချိန်ကာလ ခြားနားလို့ အဆင်အကွက်သာ ခြားနားကောင်းခြားနားမှာဖြစ်ပေမယ့် အနှစ် သာရနဲ့ နောက်ဆုံးပိတ်ရလဒ်ကတော့ မူလစုဖွဲ့ထားတဲ့ “တပ်ပေါင်းစု”ဟာ လေလျော့သွားတဲ့ ပူဖောင်းတစ်လုံးလို ဖြစ်သွားရ တယ်ဆိုတာပါပဲ။
ဆိုလိုချင်တာက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး (ဝါ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကိုင်စွဲပြီး တောင်း ဆိုကြတာခြင်းတူပေမယ့် အုပ်စိုးသူနဲ့ ရင်ဆိုင်ကြတဲ့နေရာမှာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု အင်မတန်မှ အားနည်းကြပါတယ်။ သူ့ထက်ငါဦး အပေးအယူပြုမှုတွေ၊ သက်ဆိုင်ရာ ကိုယ့်အဖွဲ့အစည်းအတွင်း သွေးစည်းညီညွတ်မှု ပြိုကွဲမှု တွေက အဆက်ဆက်သော အုပ်စိုးသူများရဲ့ပရိယာယ်ကို ကျော်လွှားလွန်ဆန်နိုင်ခြင်းမရှိတဲ့ အချက်ပါပဲ။ တညီတညွတ်တည်း တောင့်မခံနိုင်ကြပါဘူး။
အုပ်စိုးသူအဆက်ဆက်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေက “မဟာဗမာလူမျိုးကြီးဝါဒီတွေ” လို့ မနေ့ကနဲ့ ဒီကနေ့မှာ ပါးစပ်က ဘယ်လောက်အော်ဟစ် ဆန့်ကျင်နေပေမယ့်လည်း မနက်ဖန်မှာ ညီအရင်းအစ်ကိုပမာ ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်ဖို့ အညှာလွယ်လွန်းကြပါတယ်။
(NCA) ဘောင်ထဲ ဝင်သွားတဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌက (ဖေဖေါ်ဝါရီ ၁၃ ရက်နေ့) လက်မှတ်ထိုးပွဲအခမ်းအနားမှာ (NMSP)နဲ့ (LDU)ကိုယ်စား မိန့်ခွန်းစကားပြောကြားရာမှာ အခုလို ပြောကြားသွားတဲ့အချက်တွေကို သတိပြုမိပါတယ်။ ပြောချက်ထဲက တစ်ချက်စီကို ကောက်နုတ်ဖော်ပြရင်း သဘောထားဆန်းစစ် ဝေဖန်ချက်များ ရေးသားတင်ပြသွားပါ့မယ်။
-“ကျွန်တော်တို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို မျက်နှာစာနှစ်ရပ်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ တန်းတူရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလို့ပဲ ရှုမြင်ကြည့်ပါတယ်”တဲ့။
ဒါက မွန်ပြည်သစ်ပါတီက မြင်သော အမြင်ဖြစ်မှာပါ။ လက်တွေ့ကျကျ နှိုင်းယှဉ်ပြောရရင် (မွန်ပြည်သစ်ပါတီထဲမှာတောင် “နိုင် ထောမွန်” မြင်တာနဲ့ “နိုင်ဟံသာ” မြင်တာ မတူညီနိုင်ပါဘူး)
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌပြောတဲ့ မျက်နှာစာနှစ်ဖက်မှာ အဓိက မျက်နှာမူရမယ့်ဘက်ဟာ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်ပါတယ်။ ဒီမိုကရေစီအပြည့်အဝရှိပြီး တန်းတူရည်တူရှိနေရင် ဘယ်သူက လက် နက်ကိုင်တော်လှန်မှာလဲ။ ပုန်ကန်တော်လှန်မှုဆိုတာ ကလေးကစားရာမှ မဟုတ်တာ။
ဒါပေမယ့် အုပ်စိုးသူအဆက်ဆက်နဲ့ စစ်တပ် (ဝါ) စစ်အုပ်စုက အစဉ်တစိုက် အရိုးစွဲလက်ကိုင်ပြု ရှေ့ရှုထားတဲ့အချက်က (ပရိ ယာယ်ဆန်တဲ့စကားအရဆိုရင်) “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး သို့မဟုတ် အေးချမ်းတည်ငြိမ်မှု” ဆိုတဲ့ဘက် ဖြစ်ပါတယ်။
ဒီလိုလည်း အမြဲမပြတ် ပြောတတ်ပါသေးတယ်။ မွန်နဲ့ လားဟူ (NCA) လက်မှတ်ထိုးတဲ့ပွဲမှာ “ကာချုပ်” ပြောတဲ့ စကားထဲမှာ လည်း ထည့်သွင်းပြောဆိုသွားပါသေးတယ်။ အဲဒီပြောဆိုချက်က “ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့ လိုအင်ဆန္ဒများကို တောင်းဆို၍ မရကြောင်း” ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။
လက်နက်စွဲကိုင်ပြီး လိုအင်ဆန္ဒတောင်းဆိုတာဟာ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် မဟုတ်ပါဘူး။
တောင်ယာခုတ်တဲ့အခါ လောင်းရိပ်ဖြစ်နေတဲ့ သစ်ပင်ဝါးပင်တွေကို ဓား၊ ပုဆိန်စွဲကိုင်ပြီး ခုတ်ထွင်ပစ်တာမျိုးနဲ့ အလားသဏ္ဌာန် တူပါတယ်။ လောင်းရိပ်ဖြစ်နေတဲ့ သစ်ပင်ဝါးပင်တွေကို ခုတ်ထွင်ဖယ်ရှင်းပစ်ရမှာပါပဲ။ ဒါမှ စပါးပင်တွေ ပေါက်ရောက် ရှင်သန် နိုင်မယ်၊ ဆန်စပါး အထွက်ကောင်းမှာပါ။ ဒီလိုပါပဲ။ လောင်းရိပ်နဲ့တူတဲ့ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ တန်းတူမှု မရှိဘဲ လက်နက်နဲ့ အကြပ်ကိုင်ဖိနှိပ် အနိုင်ကျင့်မှုတွေကို လက်နက်စွဲကုုိင်ပြီး တော်လှန်ဖယ်ရှားပစ်ရမှာပါ။
လက်နက်စွဲကိုင်ပြီး “နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ တန်းတူမှုမရှိတဲ့ ဘောင်ထဲ ဇွတ်အတင်း ထိုးသွင်းနေတာ မျိုး”၊ “ဖက်ဒရယ်”ဆိုတာ“ခွဲထွက်ရေး၊ ပြည်ထောင်စုဖြိုခွဲရေး”လို့ တဖက်သတ် သရုပ်ဖျက်ပြီး လက်နက်စွဲကိုင် ဖိနှိပ်နေတာမျိုးက သာလျှင် ဒီမိုကရေစီနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာဖြစ်ပါတယ်။ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး ဘက်ပေါင်းစုံမှာ လွှမ်းမိုးချုပ်ကိုင်ဗိုလ်ကျ အာဏာပြနေတာမျိုးကသာလျှင် ဒီမိုကရေစီနဲ့ လုံးလုံးလျားလျားဆန့်ကျင်နေတဲ့ သဘောထားနဲ့ အပြုအမူပဲဖြစ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီ၊ တကယ့်တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိနေရင် ဘယ်သူက လက်နက်စွဲကိုင်တောင်းဆိုနေမှာလဲ။ လက်နက်စွဲကိုင်ဖို့ မလိုတဲ့ ဒီမိုကရေစီအခွင့်အလမ်း ဆိုတာမျိုးရှိနေရင်လည်း ဘယ်သူက လက်နက်စွဲကိုင်ပြီး တောင်းဆိုနေမှာ လဲ။ တကယ့် လက်တွေ့ဘဝကတော့ “စစ်မှန်တဲ့ဒီမိုကရေစီ၊ တကယ့်တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”လည်း မရှိတဲ့အပြင် အေး အေးချမ်းချမ်း တောင်းဆိုတာကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်လာလို့၊ လူမျိုးရေး၊ ဘာသာရေး တဖက်သတ်နှိပ်ကွပ်လာလို့ပဲ မလွှဲသာ မရှောင်သာ လက်နက်စွဲကုုိင်ပြီး ခုခံတော်လှန်ခဲ့ကြရတာ/ တော်လှန်နေကြရတာ မဟုတ်ပါလား။
-“ကျွန်တော်တို့ ကိုယ်လွတ်မရုန်းပါဘူး၊ သစ္စာမမဲ့ဘူးဆိုတာ အခိုင်အမာပြောပါတယ်၊ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေအားလုံး တိုင်တည်သစ္စာဆိုပါတယ်၊ ဒါဟာ ကျင့်ဝတ်အရ သစ္စာပြု တာဝန်ခံမှုသာမက နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေအားလုံး အကျိုးမခံစားဘဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မရှိဘဲ၊ NCA ထိုးရုံနဲ့ ပြီးပြည့်စုံမယ်လို့ မျှော်လင့်မထားဘူးဆိုတာ ပြောကြားလိုပါတယ်”
-“ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်ကို မျက်ခြည်မပြတ်၊ လမ်းအလွဲမခံဘူးဆိုတာ ကတိပြုပါတယ်” တဲ့။
အင်မတန် နားဝင်ပီယံရှိလှတဲ့ စကားတွေပါ။ ဒီနေရာမှာ ဆိုင်တယ်မဆိုင်ဘူးတော့ ဝေခွဲမကြည့်မိသေးပေမယ့် စာရေးဆရာ “ချစ်ဦးညို” ရေးတဲ့ “နှင်းကေသရာချစ်တဲ့ သူရဲကောင်း” စာအုပ်ထဲက ပန်းကျော်ချောင်းမှာ ဟံသာဝတီနဲ့ အင်းဝတပ်တွေ သစ္စာ ပြုကြတဲ့ပွဲမှာ မိုးညင်းသတိုးနဲ့ လဂွန်းအိမ်တို့ အပြန်အလှန် အချီအချပြောတဲ့အခန်းကို သွားပြီး သတိရနေမိပါတယ်။
နိဂုံးချုပ်ပါတော့မယ်။ နိဂုံးကို မွန်ပြည်သစ်ပါတီဥက္ကဋ္ဌရဲ့ မိန့်ခွန်းထဲက စကားနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
-“နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကို ပြောပြလိုတာက တိုင်းရင်းသားတွေဟာ သမိုင်းကြောင်း အတွေ့အကြုံအရ သံသယနဲ့ စိုးရိမ်စိတ်တွေရှိနေပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြပါတယ်၊ ဘယ်သူမှ နောက်ချန်မ နေချင်သလို ဖျက်မြင်းလည်း မဖြစ်ချင်ကြပါဘူး၊ ပြည်တွင်းစစ်ဒဏ်ကို တကယ်နာကျင်ခံစား ခဲ့ကြသူတွေ၊ ခံစားနေရဆဲသူတွေမို့ စစ်ကို ရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြပါတယ်”
ဒါဆိုရင် တောင်ဘက်က အဖွဲ့အစည်းအများစုက (NCA) ဘောင်ထဲဝင်သွားကြပြီဆိုတော့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးမျက်နှာစာဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို အဓိကဖိုးကပ်စ် လုပ်ထားကြရတော့မှာပေါ့။
ပိုလို့ ပိုလို့ တိုးများလာနေတဲ့ အင်မတန် ရိုင်းစိုင်းယုတ်မာတဲ့ မုဒိမ်းကျင့်လူသတ်မှု၊ မူးယစ်ဆေးဝါးမှု သယ်ဆောင်ရောင်းဝယ်ဖြန့် ဖြူးမှု၊ လူမျိုးရေးဘာသာရေး အရေခြုံအကြမ်းဖက်မှုတွေဟာ ပြည်သူလူထုကို ခြိမ်းခြောက်အန္တရာယ်ပြုနေပါတယ်။ ဒါတွေကို လူမျိုးပေါင်းစုံပြည်သူများက နောက်ကွယ်က အမိန့်ပေးကြိုးကိုင်သူကိုရော၊ လက်တွေ့ကျူးလွန်တဲ့သူတွေကိုပါ တပြိုင်နက်ထဲ ကြည့်မြင်နိုင်ကြပြီး တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်သွားကြရမှာ ဖြစ်ပါတယ်။
စာညွှန်း
-မြန်မာ့အလင်းသတင်းစာ (၁၄-၂-၂၀၁၈)