နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့ ခွန်းမားရီယို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့ ခွန်းမားရီယို
by -
မူအက်စတာ

စင်ပေါ်ရောက်လာတဲ့အခါမှာ စကားကို စချီတည်းက အသံတုန်တုန်ရီရီနဲ့ ကယားပြည်နယ်ရဲ့ အခြေအနေကို ဘွားဘွားပေါ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့သူက လွိုင်လင်သား ကယန်းလူမျိုး ခွန်းမားရီယိုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ကယားပြည်နယ်၊ လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုမှာဖြစ်ပါတယ်။

“လူကြီးတွေအတွက် ဟင်းကောင်းကောင်းချက်ကျွေးရတယ်။ ကျနော်တို့က အကြွင်းအကျန်ပဲ စားရတယ်။”

“စစ်ပြီးလို့ပြန်လာတော့ ကျနော့တို့ရဲ့ မြေနေရာမှာ တပ်သိမ်းမြေ၊ မကျူးကျော်ရဆိုပြီးဖြစ်ကုန်ပြီ။”လို့ အစချီတဲ့ စကားတွေဟာ နိုင်ငံကျော်ခဲ့ပြီး ဒီစကားတွေဟာ ခွန်းမာရီးယိုဆီကနေ ထွက်ပေါ်လာတဲ့စကားတွေပါ။

ငြိမ်းချမ်းရေးစကားဝိုင်းအပြီး ခွန်းမာရီးယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ သတင်းမီဒီယာမှာသာမက မြန်မာတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးစကားဝိုင်းကို စောင့်ကြည့်နေကြတဲ့သူတွေ စကားသံမှာ တော်တော်လေး ပြောစမှတ်ပြုခဲ့ကြပါတယ်။

“ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျွန်တော်တို့လို တောသူတောင်သားတွေ၊ ပညာမတတ်သူတွေ၊ အစိုးရဝန်ထမ်းမဟုတ်သူတွေ အရွေးခံရလိမ့်မယ်လို့ ကျွန်တော်လည်း မျှော်လင့်မထားမိခဲ့ဘူး။”လို့ ခွန်းမားရီယိုက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကြီးမားတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြော၊ ဆွေးနွေးခွင့်ရတဲ့ အခွင့်အရေးဟာ တသက်မှာ တခါသာရတဲ့ အခွင့်အရေးပဲလို့ သူကညွှန်းဆိုလိုက်ပါသေးတယ်။

ခွန်းမားရီယိုရဲ့ စကားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်တုန့်ပြန်တဲ့ စကားတွေဟာ လူအများ အာရုံစိုက်စရာဖြစ်စေခဲ့ပြန်ပါတယ်။

“လူကြီးတွေလာရင် ဟင်းတစ်ခွက်ပဲ ကျွေးပါ။” ဆိုတာက လူအများ ပြောစမှတ်ပြုခဲ့ကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲမတိုင်ခင်နဲ့ ဆွေးနွေးပွဲအပြီး အရပ်ဖက်အဖွဲ့အစည်းများနဲ့ လူငယ်အချို့က ပါဝင်ဆွေးနွေးသူတွေကို တာဝန်ရှိသူများက စိတ်ကြိုက်ရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဝေဖန်သံတွေ ကျယ်လှောင်ခဲ့ပါတယ်။

ဒါအပြင် ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကို အလွတ်ကျက်မှတ်တဲ့ စနစ်နဲ့ ဆွေးနွေးစေခိုင်းကြောင်း ဝေဖန်မှုများအမြောက်အများ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒီလိုစကားဝိုင်းမှာ တက်ရောက်ဆွေးနွေးခွင့်ရလို့ ခွန်းမားရီယိုခမျာ ကြောက်လွန်းလို့ အသံပါတုန်ရီနေတာကို ငြိမ်းချမ်းရေးစကားဝိုင်းမှာ လာနားထောင်တဲ့ သူတွေတောင် သိသိသာသာ ကြားရပါတယ်။

ငယ်ငယ်လေးတည်းက စစ်ပွဲတွေကြားမှာ ကြီးပြင်းလာခဲ့ရတဲ့သူဆိုတော့ တောတောင်ထဲသွားလည်းကြောက်ရ၊ အိမ်မှာ နေလည်းကြောက်ရ၊ ကျောင်းသွားလည်း ကြောက်ခဲ့ရသူမို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရှေ့ရောက်တဲ့အထိကို ကြောက်နေတုန်းပါပဲလို့ သူကဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တောင် မကြောက်ဖို့၊ ရဲရဲဝံ့ဝံ့ပြောဖို့ အားပေးနေရပါတယ်။

“တောင်သူလယ်သမားတွေက သူတို့စိုက်ပျိုးထားတဲ့ ဆန်ကောင်းတွေကို သူတို့ကိုယ်တိုင်စားသောက်ရခြင်းမရှိဘဲနဲ့ ဝင်ငွေရဖို့သာ ရောင်းခဲ့ကြရတဲ့အကြောင်း၊ လူကြီးဧည့်သည်တွေလာရင် ကောင်းတဲ့ဆန်လေးတွေ၊ ကောင်းတဲ့ဟင်းတွေကိုပဲ ချက်ပေးရတဲ့အကြောင်း၊ တခါတလေ လူကြီးတွေလည်း မကောင်းတဲ့ဆန်တွေ၊ ဟင်းတွေစားပေးစေချင်ပါတယ်လို့ ပြောသွားပါတယ်။”လို့ ခွန်းမားရီယိုက ထည့်သွင်းပြောခဲ့ပါသေးတယ်။

ဒါနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်က “လူကြီးတွေသွားလို့ရှိရင်လေ ဟင်းတွေအများကြီးမကျွေးနဲ့ အဲ့လိုစဉ်းစားပြီး အသားတစ်ပွဲဟင်းရည်တစ်ခွက် အဲ့ထက်ပိုကျွေးတဲ့အဖွဲ့ဆိုကျွန်မတို့လည်းမစားဘူး” လို့ ပြန်ဆိုလိုက်ပါတယ်။

ခွန်းမာရီးယိုက တောင်သူလယ်သမားဆိုတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးလိုက်ချိန်မှာ စစ်ပွဲတွေပြီးလို့ တောင်ယာပြန်လာလုပ်တဲ့အချိန် တောင်ယာထဲသွားတာနဲ့ ပထမဆုံးမြင်တွေ့လိုက်ရတာက “တပ်ပိုင်မြေ၊ မကျူးကျော်ရ”ဆိုတဲ့ ဆိုင်းဘုတ်ကို အရင်ဆုံးတွေ့လိုက်ရပြီး သူတို့ရဲ့ ယာမြေတွေမှာ စိုက်ပျိုးခွင့်မရှိတော့ဘူးလို့ သူက ဆိုလိုက်ပါတယ်။

ဒီစကားကို ပြောထည့်လိုက်ချိန်မှာ အောက်က ပရိသတ်တွေအကြား လက်ခုတ်သြဘာတွေ ညံသွားခဲ့ပါတယ်။

တီးတိုးသံ၊ ချီးမွမ်းသံတွေနဲ့ ပြည်သူတွေရဲ့ လက်ရှိအခြေအနေကို ညွှန်လိုက်လေခြင်းလို့ လူတွေရဲ့ မှတ်ချက်ပြုတာတွေ သောသောညံခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲတစ်ခုဖြစ်ပြီဆိုရင် အရင်ဆုံးပိတ်တာကျောင်းဖြစ်ပြီးတော့မှ စစ်ပွဲပြီးရင် အရင်ဆုံးပြန်ဖွင့်ဖြစ်တာ ရဲစခန်းလို့ သူက ဆိုပါတယ်။

ကျောင်းကတော့ အန္တရာယ်ရှိလို့ဆိုပြီး ဆက်ပိတ်ထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲပြီးလို့ အပြင်ထွက်လို့ရပြီ၊ ကိုယ့်ကိုယ်ပိုင် တောင်ယာလယ်ထဲကို သွားလို့ရပြီလို့ ပြောတဲ့အချိန်မှာ တောင်သူတွေကြုံရတဲ့ ပြဿနာက တပ်သိမ်းမြေဆိုတာကို သူက ကွက်ကွက်ကွင်းကွင်းပြောပြခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကယားပြည်နယ်ဝန်ကြီးချုပ်ကို “ဒီအချက်ကို ပြန်ကြည့်ပေးပါ” ဆိုပြီး မှာကြားခဲ့ပါတယ်။

“ဒီထဲမှာ မဟုတ်တာလုပ်ထားလို့ အစိုးရက မဟုတ်မမှန်လုပ်ရင် ပြည်သူတွေကတိုင်ကြ။ ကိုယ့်မှာတိုင်ဖို့အခွင့်အရေးရှိတယ် ဒီအခွင့်အရေးကို မသုံးရဘူးသုံးလို့ရှိရင် အလကားဘဲ။ လူကြားထဲ ပွစိပွစိ ပြောပြီးတော့ လူကြီးတွေကမတရားဘူး အဲ့လိုတွေပြောနေလို့ ကျွန်မတို့ မသိရင်ဘာမှလုပ်လို့မရဘူး။ သိမှ စည်းမျဉ်းစည်းကမ်းအရ ဥပဒေအရအရေးယူလို့ရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

စကားဝိုင်းအပြီး နောက်တစ်ရက်မှာပဲ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးနဲ့ ဌာနဆိုင်ရာက ခွန်းမာရီးယို ပြောခဲ့တဲ့ တပ်သိမ်းမြေနေရာကို သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။

“ကျွန်တော်တို့ မနေ့ကပဲ သမ္မတဆီကိုစာတင်တာပေါ့နော၊ ကျွန်တော်တို့ အရင်ဆုံးကွင်းဆင်းတိုင်းတာမှုတွေကိုလုပ်တယ်၊ တပ်ကပြောတာကတော့ ၅ ဧကကျော်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားပြီး တိုင်းကြည့်လိုက်တဲ့အခါမှာ ၁၀ ဧကကျော်နေတယ်ပေါ့နော၊ ပြည်ထောင်စုကဘယ်လိုပြန်ချပေးမလဲတော့ မသိသေးဘူး။ စာရောက်လာမှသိရမယ်ပေါ့နော်”လို့ ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အကယ်၍ တောင်သူတွေပိုင်ဆိုင်တဲ့ မြေတွေသာပြန်ရခဲ့မယ်ဆိုရင် Peace Talk မှာ တောင်သူကိုယ်စား ပါဝင်ဆွေးနွေးခွင့်ရကျိုးနပ်သွားပြီလို့ ခွန်းမာရီးယိုက ဆိုလိုက်ပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...