ခေါင်းဆောင် နှစ်ဦး တွေ့ကြသည့်အခါ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့ရေးမူဝါဒကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်းဆိုသည်ကို ဆွေးနွေးရန်ရှိကြောင်း အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Ben Rhodes က ပြောကြားခဲ့သည်။ ၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာ့ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့ကို အရှိန်မြှင့်တင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မည်သို့ကူညီဆောင်ရွက်ပေးသင့်သည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် သဘောထားကို အမေရိကန်က သိလိုသည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုျနှင့် ရင်းနှီ်းမြှုပ်နှံမှု တို့ကို မထိခိုက်စေရန် ဆောင်ရွက်သွားလိုသည်ဟုလည်း Ben Rhodes က ဝါရှင်တန်ဒီစီ မြို့တော်ရှိ CSIS မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနတွင် စက်တင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ‘နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး' ၊ ‘သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး’ နှင့် ‘ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူများ အား နိုင်ငံတကာက အကူအညီများ ထိရောက်စွာ ပေးပိုင်ခွင့်ရှိရေး’ စသည်တို့ကို ကန့်သတ်ချက်များအဖြစ် ရည်ညွှန်းကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက် ထားရှိခဲ့သည်။ ဒဏ်ခတ် ပိတ်ဆို့မှုများ အနက် မြန်မာအစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာ ခွင့် ဗီဇာပိတ်ပင်ခြင်းဖြစ်သည့် (Targeted Sanction) ၊ ကုန်သွယ်ရေး ပိတ်ဆို့မှု (Trade Sanction) နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှု (Investment Sanction)တို့ ပါဝင်ခဲ့သည်။ ပိတ်ဆို့မှုများ(Sanctions)၏ သက်တမ်းသည် ကန့်သတ်ချက် ၃ ရပ် မဆောင်ရွက်မချင်း ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်မှ ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခြင်း မပြုရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမှု မလုပ်ရန်တို့ အတွက်မှာမူ တစ်နှစ်တစ်ခါ သက်တမ်းတိုးလေ့ရှိသည်။
မြန်မာပစ္စည်းများ မတင်သွင်းရေးနှင့် ပတ်သက်၍ လွှတ်တော်အာဏာဖြင့် တနှစ်တခါ သက်တမ်းတိုးရပြီး၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စအတွက် သမ္မတအာဏာဖြင့် သက်တမ်းတိုးရသည်ဟု ဆိုသည်။ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ရေးကို ၂ဝ၁၁ မေ ၁၆ ရက်တွင် သမ္မတက လက်မှတ်ထိုးကာ သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက မြန်မာ စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် ၁၉၉၃ ခုနှစ်တွင် လက်နက်တင်ပို့မှု စတင်ပိတ်ပင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ပစ်မှတ်ထား ပိတ်ဆို့မှု (Targeted Sanction) စတင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
၂ဝ၁၁ ဇွန် ၂၈ ရက်တွင်လည်း မြန်မာအစိုးရ အာဏာတည်မြဲရေးအတွက် မိသားစုဝင်များသဖွယ် စီးပွားရေးနှင့် နိုင်ငံရေး အရ အထောက်အပံ့ ပေးနေသည်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် အပါအဝင် ၄၂ ဦး ကို စီးပွားရေးပိတ်ဆို့ရန် U.S. CAMPAIGN FOR BURMA (USCB) က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အား တောင်းဆိုခဲ့ သည်။ ပိတ်ဆို့မှုများ ဖယ်ရှားရန်အတွက် မြန်မာ အစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပြောင်းလဲမှုရှိမှသာ ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ထိုစဉ်က အတိုက်အခံ ပါတီ NLD က ဝေဖန် ပြောဆိုခဲ့ဖူးသည်။
ယခုအထိ ကျန်နေသေးသည့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု (Sanction) အများစုမှာ မြန်မာစစ်တပ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်စီးပွားရေး မလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင်သွင်းခြင်းကို တားမြစ်ခြင်းနှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ် များဖော်ပြထားသော ‘အမည်ပျက်စာရင်း’ Specially Designated Nationals List (SDN) တို့လည်း အပါ အဝင်ဖြစ်သည်။ Global Witness မှ Juman Kubba ၏ အဆိုအရ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းသည် အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြားရေးပေါ်လစီကို စိန်ခေါ်နေသည့် အရေးကြီးကိစ္စဖြစ်သည်ဟု ၂၀၁၅ အောက်တိုဘာ အတွင်းတွင် ပြောဖူးသည်။ အမေရိကန်ပြည်ထောင်စုက သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရှိရေးအဖွဲ့ (Extractive Industries Transparency Initiative - EITI) ကို ထောက်ခံအားပေးလျှက်ရှိပြီး၊ Global Witness အဖွဲ့က EITI တွင် ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ မြန်မာ နိုင်ငံကလည်း EITI တွင် အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီးဖြစ်သည်။ ကျောက်စိမ်းလုပ်ငန်းကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု လုပ်ရန် မြန်မာအစိုးရအား EITI က ဖိအားပေးနေပြီး၊ ပြုပြင်ပြောင်းလဲမှု မလုပ်မီ ကျောက်စိမ်းကဏ္ဍ အရေးယူပိတ်ဆို့မှု (Jade & Jam Sanction)ကို ဆက်လက်ထားရှိရန် EITI က တောင်းဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲအဖွဲ့ကလည်း တပ်မတော်၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်နေပြီး၊ မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းသည် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို တပ်မတော် က အစဉ်တစိုက် ဆန့်ကျင်နေသဖြင့်လည်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင် သွင်းခြင်းကို တားမြစ်ခြင်းနှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ်များဖော်ပြထားသော ‘အမည်ပျက်စာရင်း’ (SDN) တို့လည်း ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှစ်လေးအရေးတော်ပုံ ပြီးနောက်တွင်၎င်း၊ ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်းအရေးအခင်း ပြီးနောက်တွင်၎င်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ ပြီးနောက်တွင်၎င်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ကို လျှော့ချပေးရန် စဉ်းစားနေချိန်တွင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များက မြန်မာနိုင်ငံ၌ ဒီမိုကရေစီခိုင်မာမှု မရှိသေးဘဲ ဒဏ်ခတ်မှု ရုပ်သိမ်းရန် မသင့်သေးကြောင်း ဝေဖန်မှုများ ရှိနေသည်။ ဒဏ်ခတ်မှုများကို အလျင်စလို ပြန်ရုပ်သိမ်းခြင်း မပြုရန် စက်တင်ဘာ ၂ ရက်နေ့စွဲဖြင့် Human Rights Watch အဖွဲ့က ကြေညာချက်ထုတ်ပြန်ကာ အမေရိကန် အစိုးရအား တိုက်တွန်းထားသည်ကို တွေ့ရသည်။
၀ါရှင်တန်အခြေစိုက် Georgetown တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကမူ သမ္မတ အိုဘားမား အစိုးရ၏ နိုင်ငံခြားရေးရာ မူဝါဒများအနက် ‘မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒ’ သည် အောင်မြင်မှုတခု ဖြစ်သည် ဟုဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဒဏ်ခတ်မှု အများစုကို ပြန်လည်ရုပ်သိမ်းသင့်သည် ဟု ပြောဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ မူဝါဒများအပေါ် ဒေါ်အောင်ဆန်းစုကြည် က နှစ်ပေါင်းများစွာ သြဇာညောင်းခဲ့သည်ဟု David Steinberg က ဆိုသည်။ သို့သော်လည်း ဒဏ်ခတ်မှုများနှင့် ဒီမိုကရေစီကို မရနိုင်သဖြင့် ဒဏ်ခတ်မှုများ ရုပ်သိမ်းသင့်သည်ဟု ယူဆကြောင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း (Arms Embargo) မျှလောက်ကိုသာ ချန်ထားသင့်သည်ဟု David Steinberg က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဝါရှင်တန်၌ သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန်၊ အမေရိကန် ကွန်ဂရက် လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်သည်။ NLD အစိုးရ၏ မူဝါဒရေးရာ ချမှတ်သူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ဤ တွေ့ဆုံဆွေးနွေးစကားဝိုင်းမှ ‘အမည်ပျက်စာရင်း’(SDN) နှင့်တကွ ‘မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှုများ’ (Sanctions) ကိစ္စတို့အား မည်သို့မည်ပုံ ကိုင်တွယ်ဆောင်ရွက်မည် ဆိုသည်ကို ပြည်တွင်းပြည်ပမှ အထူး စိတ်ဝင်စားစွာ စောင့်ကြည့် နေကြပေသည်။