“ကရင်ပြည်နယ်အတွင်း (၂၀၁၅ - ၂၀၁၆)ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းများအရ ငါးနှစ်အောက် ကလေးများတွင် နာတာ ရှည်အာဟာရချို့တဲ့ပြီး အရပ်ပုနှုန်း ၂၅ရာခိုင်နှုန်းနှင့် အာဟာရချို့တဲ့၍ ပိန်လှီနှုန်းသည် ၁၅ရာခိုင်နှုန်းရှိကြောင်း” သိရပါတယ်။ ဒီအချက်အလက်နဲ့ ဒီသတင်းကို ၂၀၁ရခုနှစ်၊ ဒီဇင်ဘာလ ၂ရရက်နေ့ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ မှာ ဖော်ပြထားပါ တယ်။
ဒီသတင်းအချက်အလက်ကို ဖတ်ရတာနဲ့ ကျနော့်အတွေးဟာ အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနက် ဆင်းရဲမွဲတေ လှတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာရော ငါးနှစ်အောက်ကလေး အာဟာရချို့တဲ့ပြီး အရပ်ပုနှုန်းနဲ့ အာဟာရချို့တဲ့ပြီး ပိန်လှီနှုန်း ဘယ်လောက်ရှိမလဲ စသဖြင့် တစ်ပြည်လုံးအနှံ့ အတွေးဆန့်သွားမိပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးဟာ ပိန်မသာ လိန်မသာပဲ ဖြစ်မှာပါ။ ကျနော်တို့ တိုင်းပြည်ဟာ ပြည်သူတွေက တာတေလန် အောင် ဆင်းရဲမွဲတေပြီး အုပ်စိုးသူတွေ (အထူးသဖြင့် တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား၊ စစ်အုပ်စုဝင် စစ်ဗိုလ်ချုပ်ကြီးတွေ) ထားစရာမရှိအောင် ချမ်းသာကြွယ်ဝနေတဲ့ တိုင်းပြည်မဟုတ်လား။ ဒီလိုတိုင်းပြည်မှာ သင့်မြတ်ရေးကို ပဓာနထားပြီး ငြိမ်းချမ်း ရေးနဲ့ ဒီမိုကရေစီအရေးကို ပြည်သူနဲ့အတူ လုပ်ဆောင်နေပါတယ်လို့ဆိုတဲ့ ပါတီကြီးက ပါတီခေါင်းဆောင်တစ်ဦးရဲ့သား မင်္ဂ ဆောင်ပွဲဟာ အင်မတန်မှ အမြင် မတင့်တယ်စရာ ဖြစ်ခဲ့ပါတယ်။
စစ်အုပ်စုထိပ်သီး ဗိုလ်သန်းရွှေသမီး မင်္ဂလာဆောင်နဲ့ ခွာရာတိုင်းသလို ဖြစ်နေပါတယ်။ စစ်အုပ်စုဝင်တွေအဖို့တော့ ရွှေတွဲလွဲ၊ ငွေတွဲလွဲ၊ စိန်တွဲလွဲ၊ ဆင်စီးပြီး မြင်းရံနေမှာပေါ့။ ပြည်သူတွေဘဝကတော့ ဆင်းနင်းပြီး မြင်းကန်ခံရတဲ့ဘဝတွေပါ။ ဒီမိုကရေစီ အလံကိုင်လို့ ဆိုနေသူတွေဟာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစချို့တဲ့လှတဲ့ ပြည်သူတွေရဲ့ဘဝ စာနာထောက် ထားပြီး အနေအထိုင် အပြောအဆို ဆင်ဆင်ခြင်ခြင်ရှိကြဖို့ သိပ်လိုအပ်ပါတယ်။
ပြောနေတာ “ပြည်သူနဲ့အတူ”၊ လုပ်ဆောင်ပြနေတာက စစ်အုပ်စုနဲ့ ခွာရာတိုင်းနေတာ၊ ခွာကြီးကြီး၊ ခွာသေးသေး ပြိုင်နေကြ သလို။ ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေက အော့နှလုံးနာပြီး မုန်းတီးရွံရှာကြပါတယ်။
ဒီကိစ္စကို ဒီမှာခဏထားပြီး အာဟာရချို့တဲ့မှု၊ အရပ်ပုနှုန်းနဲ့ ပိန်လှီနှုန်းကိစ္စကို ပြန်ဆက်ကြရအောင်။ ပထမဆုံး ဆက်စပ်တွေးရ မှာက အာဟာရချို့တဲ့တဲ့ မိခင်ဟာ ကျန်းမာသန်စွမ်းတဲ့ သားသမီး ဘယ်လိုမွေးဖွားနိုင်မှာလဲ။
ဒုတိယ ဆက်စပ်မိတာက လူသားဘဝအစ ရက်ပေါင်း ၁ဝဝဝအတွင်း အာဟာရဖွံ့ဖြိုးရေး အရေးကြီးတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလ (ရက်ပေါင်း ၁ဝဝဝအတွင်း)မှာ ဦးနှောက်ဖွံ့ဖြိုးရေးဟာ ၈ဝရာခိုင်နှုန်းကျော် ပြီးစီးသွားတာဖြစ်လို့ပါ။ ဒါကြောင့် ဒီကာလအတွင်း (မိခင်နဲ့ကလေးမှာ) လိုအပ်တဲ့အာဟာရတွေ ပြည့်ပြည့်ဝဝရရှိဖို့ သိပ်အရေးကြီးပါတယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံတာလည်း ပါရမှာပေါ့။
ဒီလိုကိစ္စတွေ နှစ်ပေါင်းများစွာ ချို့တဲ့လာတဲ့အခါမှာ မျိုးဆက်နဲ့ချီတဲ့ ချိနဲ့နုံချာမှုတွေ၊ ပုပိန်သေးကွေး ကျုံလှီမှုတွေလို့ဆိုတဲ့ ဆိုး ရွားအကျိုးဆက်တွေကို တသီတတန်းကြီး ခံစားကြရတော့တာပါပဲ။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ နိုင်ငံအလိုက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားမောင်မယ်တွေကြည့်လိုက်ပါ။ ကျနော်တို့တိုင်းပြည်က အားကစားမောင်မယ်တွေဟာ တခြား တိုင်းပြည်က အားကစားမောင်မယ်တွေထက် ကျုံလှီသေးကွေးနေတာကို အထင်အရှား မြင်တွေ့နိုင်ပါတယ်။ အရပ်ရှည်နေပြန် ရင်လည်း ပိန်ရှည်ကြီး ဖြစ်နေတာပါ။
ဒီဖြစ်ရပ်က သစ်တောတွေ၊ သယံဇာတတွေ မဆင်မခြင် ခုတ်ယူတူးထုတ် ရောင်းစားပစ်လို့ ကြုံလာရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရာသီဥတု ဖောက်ပြန်ဆိုးရွားမှုဒဏ်ကို အကျိုးဆက်အဖြစ် ခံစားရတာမျိုးနဲ့ အလားသဏ္ဌာန်တူတယ်လို့ ထင်မြင်ယူ ဆမိပါတယ်။ ဒီလို နှစ်ရှည်လများ လူတန်းစေ့ နေထိုင်စားသောက်နိုင်မှု မရှိတာ၊ အာဟာရပြည့်ဝလုံလောက်စွာ မစားရတာ၊ လုံလောက်တဲ့ နားနေ အိပ်စက်မှုမရှိတာ စတာ၊ စတာတွေက မိခင်ကနေ သားသမီး - သားသမီးကနေ သူတို့နောက်မျိုးဆက်ကို တစ်ဆက်ပြီးတဆက် လက်ဆင့်ကမ်းကြပြီး မျိုးဆက်နဲ့ချီပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးရော - ရုပ်ပိုင်းဆိုင်ရာ ကိုယ် ကာယ ဖွံ့ဖြိုးမှုတွေဟာ ထိခိုက် ပျက်ပြားကုန်ရတာမျိုး ဖြစ်ပါတယ်။
ပညာရေးဘက်မှာလည်း အလားတူ နိမ့်ကျမှုတွေ မလွဲမသွေ ဖြစ်လာရပါတယ်။
“၁၉၈၃ခုနှစ် သန်းခေါင်စာရင်းနှင့်နှိုင်းယှဉ်လျှင် လူငယ်စာတတ်မြောက်မှုမှာ မြင့်မားလာသော်လည်း ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် လူငယ်စာတတ်မြောက်မှုနှုန်း နည်းပါးဆဲဖြစ်ပြီး လူငယ် ငါးသိန်းခန့်မှာ လုံးဝ စာမရေးတတ်၊ မဖတ်တတ်သည် ကို တွေ့ရတယ်”လို့ ဆိုပါတယ်။ ဒီအချက်အလက်ဟာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အခမ်းအနား (၁၄ ဒီဇင်ဘာ ၂၀၁၇) ပြောကြားချက်များကနေ ကိုးကားဖော်ပြတာပါ။
“လူငယ် ငါးသိန်းခန့် လုံးဝ စာမရေးတတ်၊ မဖတ်တတ်”ဟာ အင်မတန် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ ပမာဏဖြစ်ပါ တယ်။ ကြားသိနေရတဲ့ ဒုစရိုက်မှုမျိုးစုံမှာ ပါဝင်ပတ်သက်နေတဲ့ လူငယ်တွေရဲ့ အသက်ရွယ်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ပညာ သင်ရမယ့်၊ လုပ်ငန်းခွင်ထဲမှာရှိနေရမယ့် လူငယ်လူရွယ်တွေ ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒုစရိုက်မှုနွံထဲ မှာ အကျဉ်းထောင်ဆိုတဲ့ ဝဲသြဃမှာ တလှည့်စီ တပြန်စီ နစ်မွန်းနေကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။
နောက်တစ်ခုက လူငယ်ဆိုတာနဲ့ နောက်ထပ်တွဲလျက် မကြည့်မဖြစ် ကြည့်ရမယ့်ကိစ္စက (အရက် အပါအဝင်) မူးယစ်ဆေးဝါး ကိစ္စပါပဲ။ ဒီအထဲမှာ အဆိုးရွားဆုံးက စိတ်ကြွရူးသွပ်ဆေးပြားတွေပါပဲ။ ပညာရေး - စာကြည့်တိုက် - ကျန်းမာရေး - လျှပ်စစ်မီး - သန့်ရှင်းသော ရေ - ယင်လုံအိမ်သာတို့ဟာ ကျေးရွာတိုင်းကို မရောက်ပေမယ့် စိတ်ကြွရူးသွပ်ဆေးပြားကတော့ တောင်ပေါ်မြေ ပြန့်နေရာအနှံ့ ရောက်ပါတယ်။
၂၀၁ရခုနှစ်အတွင်း ပြည်နယ်နှစ်ခုမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏကို ကြည့်ပါ။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာတင် ၂၀၁ရခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁သန်း ကျော် (၁၁,၁၆၂,၈၉၇) ဖမ်းဆီးရမိပြီး၊ ဆေးခြောက် ၁၂ ဒသမ ၂၅ကီလိုဂရမ် ဖမ်းမိခဲ့ပါတယ်။
အလားတူကာလအတွင်း ကရင်ပြည်နယ်မှာလည်း မူးယစ်ဆေး ဖမ်းဆီးရရှိမှုများမှာ စိတ်ကြွဆေး ၂,၁ဝဝ,၅၃၂ပြား၊ ဘိန်းမဲ ၁၆၃ ဂရမ်၊ ICE ၂,၅၇၉ဂရမ်၊ ဆေးခြောက် ၁၂ဝဂရမ်၊ ဘိန်းစာရွက် ၁,၆၅ဝဂရမ် ဖမ်းဆီးရမိတယ်လို့ ကေအိုင်စီသတင်းဌာနက ဖော်ပြ တဲ့ သတင်းတစ်ပုဒ်မှာ ဖတ်ရပါတယ်။
မကြာခဏ ကြားသိနေရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ဖားကန့်မှာ မြေစာပုံပိလို့ သေပွဲဝင်ရတဲ့သူတွေဟာ လူငယ်တွေဖြစ်ပါတယ်။
ဒီတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဘယ်လောက်ရှိမလဲဆိုတာ တွေးတောနှိုင်းယှဉ် စဉ်းစားကြည့်နိုင်ပါတယ်။ ဒါ ဟာ တခြားဆက်နွယ်နေတဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ လူကုန်ကူးမှုတွေ မပါသေးပါဘူး။
သေချာတာတော့ ကျနော်တို့တိုင်းပြည်ဟာ၊ ကျနော်တို့ပြည်သူတွေဟာ၊ ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေဟာ အန္တရာယ်မျိုးစုံ ရဲ့ ခြိမ်းခြောက်ဝိုင်းပတ်မှု ခံနေရတယ်။ လုပ်ကြံသတ်ဖြတ်မှုကို ခံနေရတယ်ဆိုတဲ့အချက်ပါပဲ။
ဒီလို အန္တရာယ်မျိုးစုံကို ပင့်ဖိတ်ခေါ်ယူခဲ့သူဟာ ၁၉၆၂ခုနှစ်ကနေ ယနေ့အထိ တိုင်းပြည်ကို ဖိနှိပ်သွေးစုပ် အုပ်ချုပ်နေတဲ့ အဆက်ဆက်သော စစ်အုပ်စုနဲ့ သူတို့ရဲ့ ဖောက်ပြန်မှားယွင်းတဲ့ ပေါ်လစီတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို အကုန်အစင် မဖျက်သိမ်းနိုင်ဘဲ ဒီကနေ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်မျိုးစုံကို ဖယ်ရှားရှင်းလင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီချုပ်အစိုးရက ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ လူငယ်တွေ၊ ပင်စင်စား သက်ကြီးရွယ်အိုတွေရဲ့ အရေးအရာ တွေကို အလေးထားပြီး လုပ်ဆောင်နေတာကို သတိပြုမိပါတယ်။ ဒါဟာ ကြိုဆိုစရာကိစ္စပါ။ ဒါပေမယ့် အိတ်ပေါက်နဲ့ဖားကောက် သလို ဖြစ်နေပါတယ်။ သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာဟာ “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်ဗြူရို ကရေစီယန္တရား”ကို အရင်တိုင်း လက်ခံထားလို့ဖြစ်နေရတာပါ။
“၂၀၀၈ အခြေခံဥပဒေနဲ့ စစ်ဗြူရိုကရေစီ ယန္တရား”ရဲ့ အနှစ်သာရဟာ ဘာလဲဆိုတော့ ပြည်တွင်းစစ်ကိုရှည်ကြာစေပြီး ပြည်သူ တွေကို မွဲပြာကျစေကာ၊ စစ်အုပ်စုစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ မိသားစုဆွေမျိုးသားချင်းတွေကို သားစဉ်မြေးဆက် ထားစရာမရှိ အောင် ချမ်းသာကြွယ်ဝစေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကို အကုန်အစင် မဖယ်ရှားနိုင်သမျှ ဘက်ပေါင်းစုံ ဆင်းရဲမှုနွံအိုင်ထဲကနေ ပြည်သူတွေ ရုန်းထွက်လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
နာတာရှည် အာဟာရချို့တဲ့လို့ ပုသွား၊ ပိန်သွားရတဲ့ အကြောင်းကနေ နိဒါန်းချီခဲ့တဲ့ဆောင်းပါးကို ဆရာဇော်ဂျီရဲ့ “ရှေးခေတ် ပုဂံ ပြည်” ကဗျာထဲက ကဗျာစာသားအချို့ကို ကောက်နုတ်ဖော်ပြပြီး နိဂုံးချုပ်ခွင့်ပြုပါ။
--- လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား။---- တဲ့။
ကဗျာဆရာကြီး ဇော်ဂျီက သူ့ကဗျာထဲမှာ ပုဂံသားတွေရဲ့ ကိုယ်ကာယနဲ့ အလုံးအဖန်ကို တမ်းတပြီး မြင်ယောင်လိုက်တာပါ။
ကျနော်ကတော့ ဥရောပခရီးစဉ်တစ်ခုမှာ ကာချုပ်တွေတန်းစီပြီး ရိုက်ထားတဲ့ ဓာတ်ပုံထဲက ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကိုပဲ မြင်ပြီး ပြုံးချင်သလိုလို ဖြစ်မိပါတယ်။