လူမျိုးပေါင်းစုံပြည်သူများအဖို့တော့ “ငြိမ်းချမ်းရေး”နဲ့ပတ်သက်ပြီး ကြုံရတွေ့ရတဲ့ လက်တွေ့ အတွေ့အကြုံတွေဟာ ထွေပြားစုံလှ ပါပြီ။ (ဖဆပလ) အစိုးရ၊ (ပထစ)၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ) စစ်အစိုးရနဲ့ ယနေ့ “၂၀၀၈ အခြေခံဥပဒေ” အောက်မှာပေါ်လာတဲ့ အစိုးရတွေ စသဖြင့် အတွေ့အကြုံတွေ။
ပြည်တွင်းစစ် စတင်ပါပြီဆိုကတည်းကနေ ယနေ့မျက်မှောက်ကာလအထိ အကျယ်လောင်ဆုံး ကြားရတဲ့အချက်နဲ့ အမြင်သာ ဆုံး တွေ့ရတဲ့အချက်ဆိုပြီး အချက်နှစ်ချက် ရှိပါတယ်။
အကျယ်လောင်ဆုံး ကြားရတဲ့အချက်က ဆန္ဒပိုင်းအရ ငြိမ်းချမ်းရေးစကားတွေကို ပါးစပ်ကနေ အားတက်သရော ပြောခဲ့ကြ တယ်/ ပြောနေကြတယ် ဆိုတဲ့အချက်ဖြစ်ပြီး။
အမြင်သာဆုံးတွေ့ရတဲ့ အချက်ကတော့ ဘယ်အစိုးရ၊ ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ် ပြည်သူတွေ မျှော်လင့်တောင့်တတဲ့ “တကယ့်ငြိမ်းချမ်းရေး”ဟာ လက်တွေ့အားဖြင့် မရ(နိုင်)သေးဘူးဆိုတဲ့ အချက်ပါပဲ။
ကြည့်ရတာ ခေတ်အဆက်ဆက် မိုးထိအောင် မြင့်သထက်မြင့်မားလာနေတဲ့ “စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး” စတဲ့၊ စတဲ့ ကိစ္စရပ်တွေလိုပါပဲ။ “ငြိမ်းချမ်းရေး”ဟာလည်း လူမျိုးပေါင်းစုံ ပြည်သူတွေအတွက် အလှမ်းဝေးပုံ ပေါ်ပါတယ်။
မှတ်လောက်သားလောက်ရှိတဲ့ နောက်တစ်ချက်ကလည်း ခေတ်အဆက်ဆက် အုပ်စိုးသူတွေနဲ့ ပြေလည်သင့်မြတ်သွားတယ် ဆိုတဲ့ (ငြိမ်းချမ်းရေးသွားတယ်ဆိုတဲ့) လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) ခွဲထွက်အဖွဲ့နဲ့ ထိုအဖွဲ့တွေမှာ ခေါင်းဆောင် သူတွေ ရှိတတ်တယ်ဆိုတဲ့အချက်ပါပဲ။
ထိုသူများဟာ လေဟာပြင်မှာ ထွန်းထားခြင်းခံရတဲ့ ဖရောင်းတိုင်ကလေးတွေနဲ့ပဲ တူသေးတော့တယ်။ တချို့ကတော့ ထွန်းညှိပြီး သိပ်မကြာခင် ဖျတ်ကနဲ လေအဝေ့မှာ ဝုတ်ကနဲ ငြိမ်းသေသွားကာ၊ ထွန်းညှိသူမဲ့ ငုံးတိတိ ကျန်ရစ်ခဲ့ပြီး။ တချို့ကတော့ လေယူ ရာ ယိမ်းကသလို တောက်လောင်ရင်း အရည်ပျော်ကုန်ဆုံး နိဂုံးချုပ်သွားကြပါတယ်။
မျက်မှောက်ကာလဖြစ်တဲ့ “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲမှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားသံတွေ အများကြီး အများကြီး ကြားနေရဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲ၊ ငြိမ်းချမ်းရေးအငြိမ့်ပွဲ၊ ငြိမ်းချမ်းရေးစာပေဟောပြောပွဲ၊ ငြိမ်း ချမ်းရေးဆုတောင်းပွဲ စသဖြင့် ငြိမ်းချမ်းရေးဟာ ပွဲလည်တင့်နေပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း လက်တွေ့ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေမြဲ ဝေးနေဆဲပါ။
“ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်ပြီ၊ ငြိမ်းချမ်းရေးအလင်းရောင်တွေ၊ အလင်းစတွေကို မြင်တွေ့နေရပြီ ငြိမ်းချမ်းရေးလမ်းပေါ် ရောက်လာပြီ” စတဲ့ ဝေ့လည်လည်စကားတွေကပဲ ဒီကနေ့ ငြိမ်းချမ်းရေးရဲ့ပကတိသရုပ်မှန်ကို ထင်ဟပ်ပြသနေပါတယ်။
တကယ်တော့ “ငြိမ်းချမ်းရေးဖြစ်စဉ်” ဆိုတာဟာ ဟိုဘက် ဒီဘက် အားလုံးပါဝင်ရေးအတွက် အားလုံးက အားလုံးကို ပြောဆို နေတဲ့ ဝေ့လည်လည်ပြော စကားမှိုင်းတွေ၊ မြူတွေထဲမှာ (JICM) (UPDJC) (JMC) (NCA) (NRPC) (PPST) (EAO) (UNFC) (DPN) (PC) (DDR/SSR) (ToR) (SOP) စတဲ့ အတိုကောက်စကားလုံး ကျောက်စွယ်၊ ကျောက်ဆောင်၊ ကုန်းဂမူ ဝင်္ကဘာ တွေထဲကို ဖြတ်သန်းနေရတာမျိုးပါ။ ဒီလိုပြောစကားတွေနဲ့ ဒီလိုစာလုံးတွေကြောင့်ပဲ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုဟာ ဝေးသ ထက် ဝေးကွာနေရပြီး၊ ပါဝင်ဖို့ ခက်ခဲနေရသလား မသိပါဘူး။
လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂ရရက်နေ့က ကျင်းပပြီးခဲ့တဲ့ (၆)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တကယ့်ဖြစ်ရပ်မှန်ကို တိုက်ရိုက်ထင်ဟပ်နေတဲ့ အချက်အချို့ပြောသွားပါတယ်။
- “ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး”တဲ့။
- “ငြိမ်းချမ်းရေးကို တခြားလူတွေ လိုချင်တာ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ပြည်သူလူထုပါပဲ၊ ပြည်သူလူထုဟာ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့နေချင်တယ်၊ ငြိမ်းချမ်းမှလည်း တိုးတက်နိုင်မယ်၊ တိုးတက်မှလည်း ဖွံ့ဖြိုးနိုင်မယ်ဆိုတာ အားလုံး သဘော ပေါက်ကြပါတယ်”တဲ့။
- “ကျွန်မတို့ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ ငြိမ်းချမ်းရေးရအောင် အတတ်နိုင်ဆုံးကြိုးစားရမှာက ဒီအခန်းထဲမှာ ထိုင်နေ တဲ့ အစည်းအဝေးတက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့ တာဝန်ဖြစ်ပါတယ်”တဲ့။
ကပ်သီးကပ်သပ်ပြောတာတော့ မဟုတ်ပါဘူး။ အဲဒီ (JICM) အစည်းအဝေးကို “ကာချုပ်” မတက်ပါဘူး။
အထက်မှာ ကောက်နုတ်ဖော်ပြခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပြောစကား အချက် ၃ချက်ကပဲ ဒီကနေ့ ငြိမ်းချမ်းရေးရဲ့ ပကတိ အနေ အထားကို ထင်ဟပ်နေပါတယ်။
အဲဒီ ၆ကြိမ်မြောက် (JICM) အစည်းအဝေးမှာ စစ်တပ်နဲ့ RCSS/SSA အကြား ညှိနှိုင်းမရတဲ့ အချက်တစ်ခုကို အတိုင်ပင်ခံက ကြားဝင် စေ့စပ်ပေးလို့အောင်မြင်သွားတဲ့ အကြောင်းကို အပြောများပါတယ်။ အဲဒီ ဖြစ်စဉ်အတိုချုပ်က ဒီလိုပါ။
RCSS/SSA က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့နဲ့ ပင်လုံမြို့မှာ ကျင်းပလိုတယ်။ ဒါကို စစ်တပ်က လက် မခံဘဲ မိုင်းပန်မြို့မှာ ဆွေးနွေးဖို့ အဆိုပြုတယ်။ ဒါဟာ ညှိမရဖြစ်နေတာ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင်ပြီး လင်းခေးမြို့မှာ ကျင်းပဖို့ အဆိုပြုတဲ့အခါ RCSS/SSA နဲ့ အစည်းဝေးတက်ရောက်သူများက သဘောတူလက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ စိတ်ဝင်စားစရာပါ။ ပထမဦးဆုံးအနေနဲ့ RCSS/SSA ရဲ့ အဆိုပြုချက်ကို ကြည့်ကြရအောင်။
- “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့နဲ့ ပင်လုံမြို့မှာ ကျင်းပလိုတယ်” ဆိုတဲ့အချက်ဟာ ရှမ်းပြည်နယ်ရဲ့ အသဲ နှလုံးသဖွယ်ဖြစ်တဲ့ နေရာနှစ်ခုကို အဆိုပြုတာမို့၊ ဒါဟာ RCSS/SSA ရဲ့ နိုင်ငံရေးမျှော်မှန်းချက် အတိုင်းအတာကို အလွယ် တကူပဲ မြင်နိုင်ပါတယ်။
ဒီအချက်ကို စစ်တပ်က လက်မခံပါဘူး။ ဒါကြောင့် မိုင်းပန်မြို့ (တမြို့ထဲကိုပဲ)ကို အဆိုပြုတာပါ။ မိုင်းပန်ကို RCSS/SSA က လက်ခံမပါဘူး။ ဒါကြောင့် စစ်တပ်နဲ့ RCSS/SSA ညှိမရတာပါ။
ဒီနေရာမှာ အတိုင်ပင်ခံက “လင်းခေးမြို့မှာ ကျင်းပရေး” ဆိုတဲ့ အဆိုနဲ့ ကြားဝင်ဖြန်ဖြေခဲ့တာပါ။ ရိုးရိုးစင်းစင်းပဲ ကြည့်မယ်ဆိုရင် တောင်ကြီး/ပင်လုံအဆိုနဲ့ မိုင်းပန်အဆိုအကြားမှာ “လင်းခေး”ဆိုတဲ့ ကြားအဖြေနဲ့ နှစ်ဖက်စျေးတည့်သွားတဲ့သဘော ဖြစ်ပါ တယ်။ ဒါတောင် ကြည့်ရတာ စစ်တပ်ဘက်က ခပ်အင်တင်တင်နဲ့ လက်ခံလိုက်တဲ့ပုံပါပဲ။
ဒါဟာ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး၊ မတရားသင်းအက်ဥပဒေအရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ကြေညာခံထားရာကနေ ပယ်ဖျက်ပေးထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲက လက်တွေ့ အခြေအနေ ဖြစ်ပါတယ်။
ဒီလိုအနေအထားမျိုးကို (NCA)စာချုပ်လမ်းကြောင်း လက်မခံဘဲ ကိုယ်ပိုင်လမ်းကြောင်းနဲ့သွားမယ်လို့ တရားဝင်ကြေညာထား တဲ့ “မြောက်ပိုင်းမဟာမိတ်”လို့ တပ်ပေါင်းစုကလည်း အသေအချာ လေ့လာစောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
ဆိုကြပါစို့။ KIO/KIA က မြစ်ကြီးနား အဆိုပြုတာကို စစ်တပ်က လက်မခံလို့ တစ်ဆို့နေတဲ့အခါ အတိုင်ပင်ခံပုဂ္ဂိုလ်က “မိုးညှင်း” ဆိုတဲ့ ကြားအဖြေမျိုးနဲ့ ထွက်လမ်းပြ အဆိုပြုလာခဲ့မယ်ဆိုရင် RCSS/SSA က “လင်းခေး”ကို လက်ခံသလို KIO/KIA က လွယ် လွယ်နဲ့ သဘောတူလက်ခံနိုင်ပါ့မလား။ ဒါက အကြမ်းထည် ဥပမာအဖြစ် စဉ်းစားကြည့်တဲ့ သဘောပါ။
ဒါ့အပြင် ဒိထက်ပိုပြီးကျယ်ပြန်တဲ့ ကိစ္စတွေမှာ ဥပမာ - ၂၁ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှာ ရပ်ဆိုင်းထားလိုက်ရတဲ့ တန်း တူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေး (Package deal) ဆိုတာမျိုးမှာ “လင်းခေး”လို ကြားအဆိုမျိုး အတိုင်ပင်ခံပုဂ္ဂိုလ်က တင်သွင်းမှာလား။
သေချာတာတော့ ALP ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးကတော့ တတိယအကျော့ ၂၁ရာစုပင်လုံ အစည်းအဝေးပြီးတဲ့အထိ ဖြစ်မြောက်လာနိုင်စရာ မရှိသေးပါဘူး။ “၂၁ရာစုပင်လုံ တတိယအစည်းအဝေး”ကို ၂၀၁၈ခုနှစ်၊ ဇန်န ဝါရီလ နောက်ဆုံးသီတင်းပတ်မှာ ကျင်းပဖို့ ( ၆ )ကြိမ်မြောက် (JICM) အစည်းအဝေးကနေ ဆုံးဖြတ်ထားပါတယ်။
ဒီလိုပဲ တုံးတိ နိဂုံးချုပ်လိုက်ပါရစေ။
အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ပြည်သူတွေ ဖြတ်သန်းလာ ခဲ့ကြတဲ့၊ ဖြတ်သန်းနေကြတဲ့ သမိုင်းခေတ်အဆက်ဆက် ဖြစ်ရပ်တွေက အထင်ရှားဆုံး သက်သေတွေပါပဲလေ။