မိုင်ဂျာယန် ဆွေးနွေးပွဲ နှင့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ

မိုင်ဂျာယန် ဆွေးနွေးပွဲ နှင့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်သည် နိုင်ငံအရေးအရာ ကိစ္စရပ်ဆိုင်ရာ တာဝန်များကို စတင်ထမ်းရွက် သည်နှင့် တပြိုင်နက် အပစ်ရပ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအကြောင်းအရာများကို အဓိကဦးစားပေး လုပ်ကိုင်လာကြောင်း တွေ့ရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုဖြင့် ယခင်အစိုးရ အစပျိုးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်အသက်ဝင်စေရန် NCA သဘောတူညီမှုအပေါ် အခြေပြုကာ  အရှိန် မြှင့် ဆောင်ရွက်နေပေသည်။ ဒေါ် အောင်ဆန်းစုကြည်က NCA လက်မှတ်ထိုးထားသောလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့အပြင်  လက်မှတ်မထိုးထားသောအဖွဲ့အများစုပါ၀င်သည့် UNFC နှင့်ပါ ဇူလိုင်လအတွင်း သီးသန့်တွေ့ဆုံခဲ့သည်။ UNFC နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပထမဆုံးတွေ့ဆုံမှုကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” (NRPC) ၌ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်း တွေ့ဆုံမှုကို ‘ရင်းနှီးသော မိသားစုဝင်များအဖြစ်’ တွေ့ဆုံဆွေးနွေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက စကားလုံး သုံးနှုန်း ထုတ်ပြန်ခဲ့ သဖြင့် ထူးခြားသည်ဟု သုံးသပ်ကြသည်။

တချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို မိုင်ဂျာယန်မြို့၌ ဇူလိုင်လ ၂၆ ရက် (ယနေ့) မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။။ မိုင်ဂျာယန် ညီလာခံမှတဆင့် အစိုးရသစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော ကမ်းလှမ်းမှုများအား လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းရန် ဆန္ဒရှိကြောင်း “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ” (UNFC) အဖွဲ့ ဒုဥက္ကဌ နိုင်ဟံသာက ပြောဆိုကြောင်း မီဒီယာ သတင်းများမှ တဆင့် ကြားသိရသည်။

‘တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်’ တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်လာနိုင်ရေးအတွက် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ ညီလာခံ အောင်မြင်စွာ ဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် က ဇူလိုင် ၂၃ ရက် နေ့စွဲ   ဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။ ၎င်း ကြေညာချက်အရ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိုင်ဂျာယန်မြို့သို့ သွားရာတွင် လမ်းခရီး ချောမွေ့ အဆင်ပြေစေရန် ကူညီလျှက်ရှိ ကြောင်း သိရသည်။ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေးကိစ္စတွင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးသား အဖွဲ့များ နှင့်အတူ မထိုးရသေးသည့် အဖွဲ့များလည်း ပါဝင်နို်င်ရန် ဖိတ်ကြားထားကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။ ထို့ပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် စာချုပ် NCA တွင် အဓိပ္ပါယ်ဖွင့်ဆိုရန် လိုအပ်နေသည့် အချက်များကို ညှိနှိုင်းရန်လည်း စီစဉ်နေကြောင်း ပါရှိသည်။

နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် ယခင်စစ်အစိုးရအဆက်ဆက်လက်ထက်က မအောင်မြင်ခဲ့သော်လည်း၊ ယခုကဲ့သို့ ပြည်သူလူထု အများစုက တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ထားသော ဒီမိုကရေစီ လိုလားသည့် အစိုးရလက်ထက်တွင်မူ အောင်မြင်ရန် အခွင့်အခါကောင်းများ ရှိနေပေသည်။  ပြည်တွင်းစစ်မီး ရပ်စဲ၍ မရ ဖြစ်ခဲ့ရခြင်းမှာ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ တဦးအပေါ် တဦး မယုံ ကြည်နိုင်ဘဲ သံသယပွားများခဲ့ရသည့် အခြေအနေများကို ပြည်သူ့ ဒီမိုကရေစီ အစိုးရလက်ထက်တွင် အပြီးတိုင် ဖယ်ရှား နိုင်ရေးအတွက် ပိိုမိုအားသွန်ခွန်စိုက် လုပ်ကြရမည်ဖြစ်သည်။

ယခုကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုကာလတွင် တပ်မတော်နှင့် KIA တို့အနေဖြင့် တတ်နိုင်သမျှ ထိပ်တိုက် စစ်ရေး ရင်ဆိုင်မှုများကို ရှောင်ရှားသင့်သည်။  ပြည်သူလူထု က ငြိမ်းချမ်းရေးကို အလွန်လိုလားတောင့်တ နေချိန်၌ အစိုးရတပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ထိန်းထိန်းသိမ်းသိမ်း တိုက်ပွဲရှောင်နိုင်ကြလျှင် ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်း ရရှိနိုင်မည်ဟု ယူဆပေသည်။

ပြည်သူလူထု၏ အခြေအနေကို ကြည့်မည်ဆိုပါက ဇူလိုင်လ ၂၄ ရက်နေ့တွင်  ‘ရန်ကုန်ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်’ က ဦးဆောင်ပြီး လူ ၅၀ ကျော်ပါ၀င်သည့် ၂၁ရာစု ပင်လုံ ညီလာခံ ကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ၂၁ ရာစု ပင်လုံ ညီလာခံသည် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အတွက် အရေးကြီးသည့်   နိုင်ငံရေးထွက်ပေါက်ဖြစ်သဖြင့် ကြိုဆို ထောက်ခံရခြင်းဖြစ်ကြောင်း ‘ရန်ကုန်ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်’ က ပြောကြားခဲ့သည်။ မကြာသေးမီကလည်း ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲများကို မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ စသည့် မြို့များတွင် ကျင်းပခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံတကာလှုပ်ရှားမှုအဖြစ် အမေရိကန်၊ နယ်သာလန်၊ ဒိန်းမတ်၊ သြစတေးလျနှင့် ဂျပန် နိုင်ငံတို့တွင်လည်း ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပခဲ့ကြောင်း မီဒီယာ သတင်းများအရ သိရသည်။ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုသည့် လက်မှတ်များကောက်ခံပြီး ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ကြိုဆိုထောက်ခံပွဲ ဦးဆောင်သူများက ပြောကြသည်။

ထို့ကြောင့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးသည် ပြည်သူလူထု မျှော်လင့်တောင့်တနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးရန် ကြိုးပမ်းရမည့် တာဝန်ရှိပေသည်။ ယခုကဲ့သို့ ပြည်သူ့ ဒီမိုကရေစီ အစိုးရ လက်ထက်တွင် အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် ငြိမ်းချမ်းရေးလုပ်ငန်စဉ် အောင်မြင်ရန် မစွမ်းဆောင်နိုုင်ပါက နောင်လာမည့် နိုင်ငံ့ အနာဂတ်တွင် ပြည်သူလူထုအား ဆင်းရဲခြင်းမှ လွတ်ကင်အောင် ကယ်တင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

အထက်ဖေါ်ပြပါ အခြေအနေများအရ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူထု လူတန်းစားအဖွဲ့အစည်းများ၊ ပညာတတ်များ၊ သာမန်အလုပ်သမားလယ်သမား ပြည်သူများ၊ တောနေမြို့နေ ပြည်သူလူထု အားလုံးက ဒုတိယ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုထောက်ခံနေရုံမက အောင်မြင်ရန်အထိ စိတ်အားထက်သန်နေ ကြသည်ကို သတိပြုသင့်သည်။ အဆိုပါ ပြည်သူလူထု တရပ်လုံး၏ ပြင်းပြထက်သန်လျှက်ရှိသော ငြိမ်းချမ်းရေးလိုလားမှုကို အစိုးရကက်ဘိနက်အဖွဲ့နှင့်တကွ အဆင်ဆင့် တာဝန်ယူနေကြသည့် အရာရှိများ ၀န်ထမ်းများက လေးစားအသိအမှတ်ပြု အလေးဂရုပြုသင့်သည်။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ အဆင့်ဆင့်သော အရာရှိအရာခံ အကြပ် တပ်သားများအားလုံးသည်လည်း ညီနောင်အချင်းချင်းဆင်နွှဲနေသည့် စစ်ပွဲများတွင် လိုလိုလားလား ပါ၀င်တိုက်ခိုက်နေကြ သည်ဟု မယူဆပါ။ အများစုသည်  လူသားအချင်းချင်း စစ်ခင်းရခြင်းကို မနှစ်မြို့သူ များပါသည်။ ထို့ကြောင့် အထူးသဖြင့် တပ်မတော်ခေါင်းဆောင်ပိုင်း ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ရှိကြသူများ အနေဖြင့်လည်း ပြည်သူလူထုအများစုကြီး၏ ပြင်းပြ ထက်သန်လျှက်ရှိသည့် ငြိမ်းချမ်းရေးလိုအင်ဆန္ဒကို လေးစားအသိအမှတ်ပြုသင့်သည်ဟု ယူဆပါသည်။

အချုပ်အားဖြင့် သုံးသပ်လိုသည်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေးအတွက် မိုင်ဂျာယန်ကဲ့သို့သော အကြို ဆွေးနွေးပွဲများ ကျင်းပနေချိန်မှ အစပြု၍ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပစ်ခတ်တိုက်ခိုက်မှုများ ခြွင်းချက်မရှိ ရပ်ထားသင့်သည်။ လက်ရှိ NLD အစိုးရနှင့် တပ်မတော်တို့ အကြားတွင်လည်း မဟာဗျူဟာ နည်းဗျူဟာ ပိုင်းဆိုင်ရာ နားလည်မှုများ အတိမ်းအစောင်းမရှိစေရန် အမြန်ဆုံး ညှိနှိုင်းခြင်းဖြင့် (အစိုးရနှင့် တပ်မတော်ကြား) ယုံကြည်မှု ပိုမိုခိုင်မာအောင် ထူထောင်သင့်သည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ပဋိပက္ခများအပေါ် အစိုးရ၏ ရှုမြင်သုံးသပ်ပုံ နှင့်  တပ်မတော်၏ ရှုမြင်သုံးသပ်ပုံတို့ ကွဲလွဲနေသည်မှာ အရှိတရားဖြစ်သည်။ ထိုသို့ ဘက်နှစ်ဘက်အကြား အမြင် ခြားနားမှုများကို လျစ်လျူပြုမထားသင့်ဟု ယူဆသည်။ အစိုးရက တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးချက်မျာကို စာနာ နားလည်မှုရှိပုံရပြီး စစ်ပွဲများကို လုံးဝ ရပ်ပစ်လိုသော သဘောရှိသည်။ သို့သော် တပ်မတော် က တိုင်းရင်းသားများ၏ ဆုံးရှုံးနစ်နာချက်များကို စာနာ နားလည်ပုံမရပေ။ နိုင်ငံရေးပဋိပက္ခများကို စစ်ရေးအမြင်ဖြင့် ဖြေရှင်းနေခြင်းကြောင့် ချွတ်ချော် လွဲမှားမှုများဖြစ်ပေါ်လျှက် နိုင်ငံနှင့် ပြည်သူတို့ ဆင်းရဲခြင်းနွံထဲ၌ ရုန်းမထွက်နိုင် ဖြစ်နေရသည်။

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်ရေးအရ ဖိအားပေး လက်နက်ချခိုင်းနေခြင်းသည် အကြီးမားဆုံး အလွဲဖြစ်သည်။ စစ်ရေးအရ ဖိအားပေးမှုကြောင့် မလိုလားအပ်သည့် အမုန်းတရားများကို ပိုမိုကြီးထွားလာနိုင်သည်။ ထို့ကြောင့် စစ်ရေးဖိအားပေးမှုများ ရပ်သင့်ပြီ ဖြစ်သည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရမည်။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော် ခေါင်းဆောင်များက ယုံကြည်လက်ခံလာအောင် အသေအချာ ဆွေးနွေးညှိနှိုင်းသင့်သည်။ သို့မှသာ အစိုးရနှင့် တပ်မတောတို့ ခြေလှမ်းညီညီ လှမ်းနိုင်မည်။ သို့မှသာ တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အစိုးရ၏ ကတိကဝတ်များကို တိုင်းရင်းသားတို့ ယုံကြည်မည် ဖြစ်သည်။  သို့ဖြစ်၍ လက်ရှိကျင်းပလျှက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီ “မိုင်ဂျာယန် အစည်းအဝေး” မှ ထွက်ပေါ်လာမည့် ရလဒ်ကို လေးစားရန် လိုပေမည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှု အတွက် “မိုင်ဂျာယန် အစည်းအဝေး” မှ သယ်ဆောင်လာမည့် တိုင်းရင်းသားတို့၏ အမြင် သဘောတူချက်များကို ဒုတိယ ပင်လုံညီလာခံတွင် သဘောထားကြီးစွာ လက်ခံဆွေးနွေးကြရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...