ထို့ကြောင့်လည်း အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သွက်သွက်လက် လက် စတင်ဆောင်ရွက်လာသည်ကို သတိပြုမိသည်။ နိုင်ငံတော်သမ္မတရုံး၏ မေလ ၃၁ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၂၅/၂၀၁၆ အရ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီ” ဖွဲစည်းလိုက်ကြောင်း မီဒီယာသတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပရေး အကြို ပြင်ဆင်ရေးကော်မတီနှင့် ဆပ်ကော်မတီများ အမြန် ဖွဲ့စည်းပြီး၊ လုပ်ငန်းအရှိန် မြှင့်တင် လုပ်ကိုင်သွားမည့်အကြောင်း လည်း မေလအလယ်လောက်က သတင်းများ ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (သို့မဟုတ်) “၂၁ ရာစု ပင်လုံ ညီလာခံ” ကြိုတင်ပြင်ဆင်ရေးကော်မတီအနေဖြင့် Nationwide Ceasefire Agrement လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သာမက၊ NCA လက်မှတ်မထိုးသေးသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ကိုလည်း ပြည်သူအများ ကြားသိနေကြသည်။
အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် အစိုးရ၏ မြန်မာ့တပ်မတော်သည် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အဓိကအခန်းကဏ္ဍ၌ ရောက်ရှိနေကြောင်း အထူးသတိမူသင့်သည်။ အစိုးရက ငြိမ်းချမ်းရေးမူဝါဒချမှတ် ဆောင်ရွက်နေချိန် တွင် တပ်မတော်က ရှမ်းနှင့် ကချင်ဒေသများ၌ စစ်ရေးတိုးချဲ့မှုများ မလုပ်သင့်ပေ။ တချိန်တည်းတွင် စစ်ဘေးဒုက္ခသည်တို့ အားလည်း စာနာထောက်ထားသင့်သည်။ ငြိမ်းချမ်းရေးစကားဝိုင်းကို ငြိမ်းငြိမ်းချမ်းချမ်း စတင်နိုင် ရေးအတွက် တပ်မတော် က အင်အားကြီးသူပီပီ တဖက်သတ် အပစ်ရပ်ပေးရန် စဉ်းစားသင့်သည်။ တိုင်းရင်းသားများ လက်နက်ကိုင်ကြရခြင်းမှာ သူတို့ရသင့်ရထိုက်သည့် နိုင်ငံသားအခွင့်အရေးများကို ဆုံးရှုံးနေ၍ ဖြစ်ကြောင်း ကြေညာပြောဆိုထားပြီး ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်ရေးအရ တပ်မတော်ကို မယှဉ်နိုင်သော်လည်း ဇာတိမာန်အရ အလျော့ပေး အညံ့ခံမှာ မဟုတ်သည်ကို သတိပြုသင့်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို အာမခံရန် တပ်မတော်က အင်အားကြီးသူ ဖြစ်သည့်အလျောက် သဘောထားကြီးကြောင်း ပြသသင့်သည်။ အဖက်ဖက်က အင်အားတောင့်တင်းသူပီပီ တပ်မတော် က တဖက်သတ် အပစ်ရပ်ပေးခြင်းအားဖြင့် ငြိမ်းချမ်းသာယာဝပျောသော နိုင်ငံတော် ပေါ်ထွန်းလာရေးသို့ ရှေးရှုသင့်သည်။
သို့မှသာ အပြန်အလှန်ယုံကြည်မှုရှိပြီး၊ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကောင်းမွန်စွာ စတင်နိုင် မည် ဖြစ်သည်။ ဆွေးနွေးပွဲကို ယုံကြည်မှုဖြင့် စတင်နိုင်လျှင် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြား ညီညွတ်ရေး ရရန်လည်း နီးစပ်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နိုင်ငံရေးရပိုင်ခွင့်များကို အပြန်အလှန် အလျော့အတင်းလုပ်ရာ၌လည်း အဆင်ပြေလာဖွယ်ရှိသည်။ ဤနေရာတွင် အကြောင်းသင့်သဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြောစကားတစ်ခုကို ကိုးကားလိုသည်။ “နိုင်ငံတစ်နိုင်ငံ ထူထောင်ရန် အခြေခံအကျဆုံး လိုအပ်ချက်သည် တာဝန်သိစိတ် ဖြစ်သည့်အပြင်၊ နိုင်ငံတစ်နိုင်ငံ အဖွဲ့အစည်းတစ်ခု လုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက် သည်လည်း တာဝန်သိစိတ်ပင်ဖြစ်ကြောင်း” နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဖူးသည်။ အဖက်ဖက်က ယိုယွင်းခဲ့သည့် နိုင်ငံကို ပြန်လည်ထူထောင်ကြရာတွင် တာဝန်သိစိတ်သည် အမှန်တကယ် အရေးကြီးပေသည်။ လွတ်လပ်စွာ သဘော ကွဲလွဲခွင့် ရှိသော်လည်း တာဝန်သိစိတ် ရှိရန်လိုပေသည်။ အပြန်အလှန်အပြစ်တင် ဝေဖန်နေမည့် အစား မိမိတို့ ကျရာအခန်းကဏ္ဍ အသီးသီး၌ တာဝန်သိသိ နိုင်ငံ့အရေးအရာကိစ္စများတွင် ပါ၀င်ဆောင်ရွက်ကြရန်လို သည်။ အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ အောင်မြင်ရန် ညီညွတ်ရေး အရေးကြီးပါသည်။ တာဝန်သိစိတ်လည်း ရှိရပါလိမ့်မည်။ သို့မှာသာ ငြိမ်းချမ်းရေးနှင့် နီးစပ်ပါလိမ့်မည်။ ငြိမ်းချမ်းရေးရရှိမှသာ အများရည်မှန်းသည့် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်မည် ဖြစ်သည်။
ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း “ဖက်ဒရယ်ပြည်ထောင်စု” ဆိုသောစကားလုံးကို အစိုးရအဆက်ဆက်က လက်မခံခဲ့ကြ သလို တပ်မတော်ကလည်း လက်မခံခဲ့ပေ။ သို့သော် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ဒီမိုကရေစီ အစိုးရက “ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး” ကို မူဝါဒ တစ်ရပ်အနေဖြင့် ပြောကြားနေသည့် နည်းတူ တပ်မတော်ကလည်း “ဖက်ဒရယ်ပြည်ထောင်စု” ဆိုသည့်စကားလုံး လက်ခံ ပြောဆို သုံးနှုန်းလာသည်ကို တွေ့ရ သည်။ ဤ အချက်သည် ကောင်းသော လက္ခဏာဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး ဆုံးရှုံးနေခဲ့သည်။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မှုလည်း အလွန် အားနည်းခဲ့သည်။ တိုင်းရင်းသားဒေသများတွင် ပညာရေး ကျန်းမာရေး နိမ့်ကျနေခဲ့ပြီး၊ စီးပွားရေးအတွက် လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်းသောကြောင့် တိုင်းရင်းသား ပြည်သူလူထု၏ အထွေထွေ ဖွ့ံဖြိုးတိုးတက်မှု နိမ့်ကျခဲ့သည်။ တိုင်းရင်းသားဒေသများတွင် ထွက်သော သယံဇာတများ၏ အကျိုးအမြတ်များကို တိုင်းရင်းသားတို့ မျှဝေခံစားခွင့် မရရှိခဲ့။ ထို့ကြောင့် မကျေနပ်မှု အစိုင်အခဲကို ပိုမို ကြီးမားစေခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးကိစ္စများ အရေးကြီးသည့် နည်းတူ တိုင်းရင်းသားအားလုံး အညီအမျှ ဖွံ့ဖြိုးတိုးတက်ရေးလည်း အရေးကြီးပါသည်။ သို့မှသာ “ဖက်ဒရယ်ပြည်ထောင်စု” ဆိုသော ဝေါဟာရ၏ စကား အနှစ်သာရ ပြည့်စုံမည် ဖြစ်ပါသည်။
သို့ဖြစ်သောကြောင့် တပ်မတော်က “ဖက်ဒရယ်ပြည်ထောင်စု” ဆိုသော ဝေါဟာရကို စကားအဖြစ်သာမက၊ အနှစ်သာရ အဖြစ်လည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးသင့်သည်။ တိုင်းရင်းသားဒေသများအား ပြည်မနှင့် တန်းတူ ဖွံ့ဖြိုးလာစေရေး အတွက် စစ်ပွဲများကို အရင်ဆုံးရပ်ပေးရမည် ဖြစ်ပေသည်။ တပ်မတော်က စစ်အင်အားကြီးမားသူ အားကြီးသူဖြစ်၍ သဘောထားကြီးရန် လိုပါသည်။ ၎င်းအပြင် လက်ရှိ NLD အစိုးရ၏ မူဝါဒနှင့်လည်း စည်းကိုက် ၀ါးကိုက်ဖြစ်ဖို့ အထူးလိုပါ သည်။ အစိုးရက ‘ရင်ကြားစေ့ရေး’ လုပ်နေချိန်တွင် တပ်မတော်က ‘စစ်ဆင်ရေး’ လုပ်နေတာမျိုး မဖြစ်သင့်ပါ။ ယင်းသို့ လုပ်ခြင်းသည် “ဖက်ဒရယ်ပြည်ထောင်စု” ပေါ်ပေါက်ရေးကို ကြန့်ကြာစေမည် ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် တပ်မတော် စည်းဝါး ကိုက်ညီစေရန်အတွက် ၂၁ ရာစု ပင်လုံ ငြိမ်ချမ်းရေးညီလာခံ မတိုင်မီ တပြည်လုံး တဖက်သတ် အပစ်ရပ်ရေး ကြေညာသင့်ပါသည်။ သို့မှသာ လက်ရှိ အစိုးရက ကြိုးစားဆောင်ရွက်လျှက်ရှိသော ငြိမ်းချမ်းရေး ရည်မှန်းချက်ကို တပ်မတော်က ကူညီရာ ရောက်မည် ဖြစ်ပါသည်။