အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်ဖို့ လိုပြီ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်ဖို့ လိုပြီ
ယနေ့မြန်မာနိုင်ငံ အစိုးရသစ်ကို စိန်ခေါ်နေသည့် ပြဿနာ အတော်များများ ရှိနေသည်။ အထူးသဖြင့် LDC အဆင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး၊ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် ရပ်စဲရေး၊ မြစ်ဆုံဆည် တည်ဆောင်မှု ရပ်စဲရေး၊ လက်ပံတောင်းတောင်စီမံကိန်း ရပ်စဲရေး၊ သိမ်းယူထားသော လယ်ယာမြေများ ပြန်ပေးရေး၊ မူးယစ်ဆေးဝါးကင်စင်ရေး၊ နိမ့်ကျနေသည့် ပညာရေး ကျန်းမာရေး ပြုပြင် ပြောင်းလဲရေး၊ အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းမှ လွတ်ကင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အလုပ်လက်မဲ့လျော့ကျရေး၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးရေး အစရှိသဖြင့် ဦးထင်ကျော် အစိုးရ တာဝန်ယူ ဖြေရှင်းပေးရမည့် စိန်ခေါ်မှုများ တန်းစီလျှက်ရှိသည်။

သမ္မတသစ် ဦးထင်ကျော်က မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် - “မိမိအနေဖြင့် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လျစ် ခိုင်မာတဲ့ ပြည်ထောင်စု အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်း” ပြောကြားသွားခဲ့သည်။ ထို ပြောဆိုချက်အရ သမ္မတ ဦးထင်ကျော် အစိုးရသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးစားဆောင်ရွက်မည့် လက္ခဏာ တွေ့ရ သည်။

ယနေ့ မြန်မာနိုင်ငံ တိုးတက်မှုကျဆင်းရခြင်း၏ အဓိကအချက်မှာ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့်  သမ္မတသစ် ဦးထင်ကျော်က အဂတိတရား ကင်စင်ရေးကို ဦးစားပေး ဆောင်ရွက်မည်ဟု အလေးအနက် ပြောကြားခဲ့ခြင်းဖြစ်သည်။  

မကြာသေးမီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များနှင့် ပေးပို့ခဲ့ပြီး၊  ပြင်ဆင်ထားသော ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဇွန်လ ၈ ရက်နေ့တွင် ပြင်ဆင်ချက်များနှင့် အတည်ပြုခဲ့ သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းနိုင်ရေးအတွက် ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ’ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ၂၀၁၆ မေ ၁၉ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူလဥပဒေကို ယခင် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေအရ ပေါ်ပေါက်ခဲ့သော “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” အနေဖြင့် အဂတိလိုက်စားမှုကြောင့် တရားစွဲဆို အရေးယူခဲ့သူ ၉ ဦး၊ ၀န်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့သူ ၁၂၅ ဦး၊ စုံစမ်းဆဲ ၃ ဦးနှင့် နိုင်ငံတော်သို့ ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့သည့် အရေးယူမှုများသာ ဆောင်ရွက်နိုင်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပါလိမ့်မယ်။ ဖွဲ့စည်းပြီးရင်တော့  အသစ်ဖွဲ့မယ့် ကော်မရှင် အနေနဲ့ ပထမအဖွဲ့ရဲ့ အတွေ့အကြံုတွေကို လေ့လာပြီးတော့ ပိုပြီး ထိရောက်တဲ့ ဖော်ဆောင်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ပေါ်ပေါက်လာမယ့် ကော်မရှင်အနေနဲ့ ဥပဒေအရ အပ်နှင်းထားတဲ့ တာဝန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ မရှိကတော့ အားလုံးက ၀ိုင်းပြီးတော့ ပံ့ပိုးပေးရမှာပေါ့။ လွှတ်တော်ကလည်း လွှတ်တော်အနေနဲ့ စောင့်ကြည့်ပေးဖို့ လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း အားပေးကူညီဖို့ရယ် စောင့်ကြည့်ဖို့ရယ် လိုပါလိမ့်မယ်။” ဟု သတင်းမီဒီယာများအား ပြောခဲ့သည်။

၂၀၁၆ မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရက် ၁၀၀ အတွင်း လုပ်ဆောင်မည့် စီမံချက်များအကြောင်း ဆွေးနွေးပွဲ၌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က “ရဲတပ်ဖွဲ့ဝင်အချို့အနေနဲ့ ဒုစရိုက်များကိုဖော်ထုတ်ဖမ်းဆီးပေးရမယ့်အစား အကာအကွယ်ပေး သည့် ငွေကြေးရယူကာ တရားလို၊ တရားခံများအပေါ် ငွေကြေးတောင်းတာတွေ ယခင်ကလုပ်ခဲ့ကြသလို ယခုလည်းလုပ်နေကြသူတွေရှိတယ်လို့ ပြည်သူများထံမှ တိုင်ကြားစာ များ လက်ခံရရှိနေသည်၊  အရေးယူဆောင်ရွက်နေမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စကို နိုင်ငံတော်မှ တိတိလင်းလင်း ပြတ်ပြတ်သားသား ကြေညာချက်ထုတ်ပြန်ထားသည်ဖြစ်လို့ ရဲတပ်ဖွဲ့ဝင်အဆင့်အတန်း အားလုံး တိတိကျကျလိုက်နာဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်သည် ပြည်သူလူထုကိုဝန်ဆောင်မှုပေးသည့်အခါ လူ့အခွင့်အရေးစံချိန်စံညွှန်းများအတိုင်း  လူမျိုး ဘာသာ ကျား/မ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားပဲ ဥပဒေ၏ အကာအကွယ်ကို တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးရန်လည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားသည်။ ယခုကဲ့သို့သော ပြောဆိုဆွေးနွေးချက်များကို သမ္မတ ဦးထင်ကျော် အစိုးရသစ် လက်ထက်ရောက်မှ ကြားရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးခုကျော်အတွင်း မြန်မာနိုင်ငံတွင်  လာဘ်အစားဆုံးဌာနများမှာ ရဲအဖွဲ့၊ တရားရုံး၊ အကောက်အခွန်နှင့် လူဝင်မှုကြီးကြပ်ရေးတို့ ဖြစ်ကြောင်း လူတိုင်း သိနေ ကြသည်။ ထို့ကြောင့် အခုကဲ့သို့ လာဘ်ပေးလာဘ်ယူမလုပ်ရန် ရဲတပ်ဖွဲ့ဝင်များအား အတိအလင်း  ပြောသံကြားရသဖြင့် အထူး အားရမိသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးဝင်းမြင့် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ များကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း အဆိုတင်သွင်းခဲ့ဖူးသည်။ ၄င်း အဆိုကို မဲခွဲရာ ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၁၅ မဲ ရလဒ်နဲ့ အဆို ရှုံးနိမ့်ခဲ့သည်။ ယင်း ဖြစ်ရပ်သည် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ပြည်ခိုင်ဖြိုးပါတီ အာဏာရခဲ့စဉ်က ဖြစ်သည်။

ထို့ကြောင့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့အစိုးရ တာဝန်ထမ်းဆောင်ချိန်တွင် အကျင့်ပျက်ခြစားမှု လာဘ် ပေးလာဘ်ယူမှုကို ထိန်းချုပ်နိုင်ရေးအတွက် နည်းလမ်းကောင်းများ ရှာကြံ ဆောင်ရွက်ရန်လိုပေသည်။ အဂတိ လိုက်စားမှု အခြေအနေများကို စောင့်ကြည့်နေသည့် Transparency International အဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၆၈ နိုင်ငံအနက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု အဆင့် ၁၄၇ ၌ ရှိသည်။ အာဆီယံအဆင့်မှာပင်  မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာ ရှိသည်။

 အဂတိလိုက်စားကြောင်း ထင်ရှာပါက ရာထူးကြီးငယ်မရွေး ဆင်းရဲချမ်းသာမရွေး မည်သူ့ကိုမျှ သည်းခံ ခွင့်လွှတ်ရမည် မဟုတ်ပါ။ လာဘ်ပေးလာဘ်ယူမှုများကြောင့် အာဏာအလွဲသုံး ကိုယ်ကျိုးရှာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။  ပြည်သူ့ အကျိုးစီးပွားကို မျက်ကွယ်ပြု၊ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ အစိုးရလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သဖြင့်  တိုင်းပြည် ဘက်ပေါင်းစုံ ဆုံးရှုံးနစ်နာခဲ့ရသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မျက်နှာမလိုက်ဘဲ အရေးယူနိုင်ရန် တိကျခိုင်မာသည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရန် လိုပေသည်။  

အဂတိလိုက်စားမှု တိုက်ဖျက်ရန် ဆုံးဖြတ်ချက်ချရာ၌ စာရွက်ပေါ်တွင်သာ ဆုံးဖြတ်ချက်ချခြင်း မဟုတ်ဘဲ၊ တာဝန်ရှိသည့် အစိုးရအဖွဲ့က ခိုင်မာပြတ်သားသော နိုင်ငံရေး သန္နိဋ္ဌာန်ဖြင့် ဘက်လိုက်မှုကင်းသည့် ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်’ တစ်ခုဖွဲ့ပေးသင့်သည်။ ယင်း ကော်မရှင်သည်  လွတ်လပ်၍၊ ထိုက်သင့်သော အခွင့်အာဏာရှိရပါမည်။ လိုအပ်လျှင် မည်သူ့ကိုမဆို စုံစမ်း စစ်ဆေးခွင့် ရရှိဖို့လည်း လိုပါသည်။ အစိုးရတစ်ရပ် အဂတိလိုက်မှု ကင်းရှင်းရေး အတွက် ခေါင်ကစ အမိုးလုံရမည် ဖြစ်သဖြင့်၊ အစိုးရ ယန္တရားအတွင်း တာဝန်ထမ်းဆောင် နေကြသူအားလုံး ဥပဒေ စည်းမျဉ်း စည်းကမ်း လိုက်နာကြရန် လိုပါသည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်ပိုင်းက ကိုယ်ကျင့် သီလ မပျက်ရန်၊ သန့်သန့်ရှင်းရှင်း ဆုံးဖြတ် လုပ်ကိုင်ကြရန် လိုပါသည်။ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်တွင် တာဝန် ထမ်း ဆောင်လျှက်ရှိကြသော အစိုးရအမှုထမ်း အရာထမ်းများအတွက် စံပြ ဖြစ်သင့်ပါသည်။ အာဏာအလွဲသုံးမှု ဖြစ်လာခဲ့ပါက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း တိတိကျကျ အရေးယူရပါမည်။ သို့မှသာ မြန်မာနိုင်ငံ တွင် ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ’ အသက်ဝင်နိုင်မှာဖြစ်ပြီး လာဘ်ပေးလာဘ်ယူအကျင့်ဆိုးကို  ထိန်းချုပ် နိုင်မည် ဖြစ်ပါသည်။ ဤနည်းဖြင့် ‘လွတ်လပ်သည့် တရားစီရင်ရေးစနစ်’ လည်း ပေါ်ထွန်းလာဖွယ်ရှိပြီး၊ ‘တရားဥပဒေစိုးမိုးရေး’ လည်း ပြန်လည်ဦးမော့လာနိုင်လိမ့်မည် ဖြစ်ပါသည်။        ။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...