မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲထည့်သည့် အတွေ့အကြုံမရှိသူ မှာ အများစုဖြစ်နေသည်ဟု ကရင်ပြည်နယ် မြို့နယ် ရမြို့နယ်အတွင်း မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ကရင်ပြည်နယ်အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ စောကျော်စွာက ဘီအန်အုုိင်သတင်းခန်းသုုိ့ ယနေ့ပြောသည်။
၎င်းက “ မဲဆန္ဒရှင်တွေအနေနဲ့တော့ မဲထည့်ကြမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်မဲ့သူ ပယ်မဲ မဖြစ်အောင် ထည့်တတ်မဲ့သူကတော့ ၂၀ရာနှုန်း လောက်ပဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ စာမတတ်တာ လည်းပါတယ်။ နောက်ပြီး မတွေ့ဖူးတာလည်း ပါတယ်။ မြို့ကြီးတွေမှာက တီဗွီတွေမှာကြည့်လို့ရတယ်။ ရွာတွေမှာက တီဗွီ မရှိဘာမရှိနဲ့ တံဆိပ်တုံးတောင်မှမဖွင့်တတ်ဘူး ” ဟု ဆုုိသည်။
ထို့အပြင် ယခင်ရွေးကောက်ပွဲ တွေမှာအမှတ်အသားခြစ်ပေးရုံမျှသာဖြစ်ပြီး ယခုကျင်းပမည့် ရွေးကောက်ပွဲ၌ တံဆိပ်တုံး ထုရမည်ဖြစ်သောကြောင့် လက်ရှိတွင် တံဆိပ်တုံးအားနှစ်ကြိမ်ထုပြီး ပယ်မဲဖြစ်သွားမည် ကိုစိုးရိမ်မိကာ ရွေးကောက်ပွဲနေ့တွင် ဘယ်လိုပုံစံဖြစ်သွားမည်ကတော့ မသိကြောင်း စောကျော်စွာက ရှင်းပြသည်။
ကရင်ပြည်နယ်၊ ဖာအံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း လက်ရှိပြည်သူ့ လွှတ်တော်အမတ် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ နန်းစေးအွာက “ အခုအချိန်အထိ မဲဆန္ဒရှင်ပြည်သူ တော်တော်များ မဲထည့်ဖို့ အဆင်သင့်မရှိသေးပါဘူး။ မဲပညာပေး လိုက်လုပ်တဲ့အဖွဲ့တွေကလည်း ဒေသအကုန် လုံးကို မရောက်နိုင်ဘူးလေ။ တောသူတောင်သားတွေ များတယ်ဆိုတော့ လေ့လာမှုကလည်း အားနည်းတယ်။ ဘာသာစကား အခက်အခဲနဲ့ စာမတတ်ပေမတတ်တွေလည်း များတယ်ဆိုတော့ သေချာတာကတော့ မှန်ကန်စွာ မဲထည့်မဲ့သူက ၅၀ရာနှုန်းမကျော်နိုင်ဘူး ” ဟုရွေးကောက်ပွဲသတင်းခန်းသုုိ့ ပြောပြသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်၊ကော့နွဲဒေသခံ စောကျောပိုးက “ ကျနော်တို့ဒေသမှာတော့ သင်တန်းပုံစံလုပ်ပြီး ပုံစံပြပေးရအုံးမယ်။ အခုချိန်ထိတော့မလုပ်ရသေးဘူး။ သေချာတာကတော့ အခုထိတော့ ဒေသခံလူတွေ တော်တော်များကတော့ မထည့်တတ်သေးဘူး ” ဟုသူ့အမြင်ကုုိ ပြောသည်။
ကရင်ပြည်နယ် အတွင်း တသီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၁၈ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၂၅၆ဦးဝင်ရောက် အရွေးခံမည်ဖြစ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြစ် မဲဆန္ဒရှင်ဦးရေ ၈သိန်းကျော် ရှိကာ လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲရုံမဖွင့်လှစ်နိုင်သည့် ကျေးရွာအုပ်စု ၉၄အုပ်စုအထိရှိနေသည်။