အစိုးရနှင့်ပြည်သူကြားတိုက်ရိုက်ဆက်သွယ်ခွင့်ရအောင်လုပ်ပေးမည်

အစိုးရနှင့်ပြည်သူကြားတိုက်ရိုက်ဆက်သွယ်ခွင့်ရအောင်လုပ်ပေးမည်
သုတလင်း —  “အရင်ကလူတွေက လိမ်သွားတယ်။ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး ပြီးရင် လူတောင်ရှာလို့မတွေ့တော့ ဘူး။ ပျောက်သွားတယ်။  အဲ့ဒီလိုပြောတော့ ကျွန်တော်ကတော့ပြောလိုက်တယ်။ ကျွန်တော်ကတော့ အဲ့ဒီလို ကတိကဝတ် မပေးနိုင်ဘူး။ ကျွန်တော်လုပ်ပေးနိုင်တာကတော့ ခင်ဗျားတို့လိုအပ်ချက်တွေကို အစိုးရဆီတိုက်ရိုက် တင်ပြနိုင်ဖို့ ကျွန်တော်လုပ်မယ်”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဦးဆမားကျော်ဖားနော်က BNIသတင်း ဌာနသို့ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဦးဆမားကျော်ဖားနော်နှင့်အင်တာဗျူး

မေး ။  ။ ဦးဆမားကျော်ဖားနော်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပါပြီလားဗျာ။

ဖြေ ။  ။ မဲဆွယ်စည်းရုံးမှုတွေကို နောက်သုံးလေးငါးရက်နေရင်ပြန်စတော့မှာပါ။ ဒီတစ်ခါတော့ ဆော့လော်ဘက်ကို တက်ရင်း ချီဖွေကိုပါဝင်ပါမယ်။

မေး ။  ။ မဲဆွယ်စည်းရုံးရေးဆင်းတဲ့နေရာမှာ ပါတီအတွက် အခက်အခဲတွေရော ရှိပါသလား။

ဖြေ ။  ။ မဲဆွယ်စည်းရုံးရေးဆင်းတဲ့နေရာမှာတော့ အခက်အခဲမရှိပါဘူး။ လမ်းပန်းဆက်သွယ် ရေးအခက်အခဲပဲရှိပါတယ်။ တစ်ချို့နေရာတွေမှာ ခြေကျင်သွားရတာတွေရှိတယ်။ ကုန်စျေးနှုန်း  တွေလည်းတအားကြီးတယ်။

မေး ။  ။  ချီဖွေမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ NLD ပါတီဝင်တွေအနေနဲ့ ရိုက်နှက်ခံရပြီး မဲဆွယ်စည်းရုံးခွင့်မရခဲ့တဲ့ ပြဿနာလည်းရှိနေတော့ ဦးဆမားကျော်ဖားနော်တို့ပါတီ  အနေနဲ့ရော အဲ့ဒီလို အခက်အခဲတွေများရှိပါသလားခင်ဗျာ။

ဖြေ ။ ။ အဲ့ဒီဒေသမှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့အခက်အခဲတော့မရှိပါဘူး။ ပထမတစ်ခါ လဆန်းပိုင်းတုန်းက သွားတော့ ချီဖွေမရောက်ခင်မှာ အဲ့ဒီဒေသမှာ ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးလုပ်နေတာ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးဆင်းတော့လည်း ပြည်သူ့စစ်တွေက သေနတ်တွေ နဲ့ သွားနေလာနေ တာမျိုးရှိပါတယ်။ တစ်ခါတစ်လေရပ်ပြီး နားထောင်နေတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် NLD နဲ့ဖြစ်ခဲ့သလိုမျိုးတော့ တားမြစ်တာမျိုး မရှိပါဘူး။

မေး ။  ။ ကချင်ပြည်နယ်ဒီမိုကရေစီပါတီအနေနဲ့ ဒီမဲဆန္ဒနယ်အမှတ်(၅)မှာ အောင်နိုင်ဖို့ ဦးဆမားကျော်ဖားနော်အနေနဲ့ ဘယ်လောက်မျှော်လင့်ချက်များရှိပါသလဲ။

ဖြေ ။  ။ သိပ်တော့မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ကချင်ဂျိန်းဖောလူမျိုးပါ။ အဲ့ဒီဒေသတွေမှာက လော်ဝေါ်၊ လီဆူးတိုင်းရင်းသားတွေဆိုတော့ ကျွန်တော့် ဘာသာစကား ကသိပ်တိုးမပေါက်ဘူးဖြစ်နေတယ်။ ခေါင်လန်ဖူးအထက်ဆိုရင် ရဝမ်လူမျိုးတွေရှိတော့စည်းရုံး ရေးဆင်းတဲ့အခါ ဘာသာပြန်နဲ့ပြောနေရတယ်။ အဲ့ဒီတော့ တစ်ချို့ခေါင်တဲ့ဒေသတွေကိုလူကြံုနဲ့ လွှတ်ပြီး လက်ကမ်းစာရွက်တွေဝေခိုင်းလိုက်ရတာမျိုးတော့ရှိတယ်။ နောက်ပြီး အဲ့ဒီဘက်မှာ အိမ်ခြေသုံးလေးဆယ်ရှိတဲ့ရွာကလည်းသုံးလေးရွာပဲရှိပါတယ်။ တစ်ခြားပါတီတွေကတော့  အဲ့ဒီဒေသက လူမျိုးနွယ်စုတွေကိုပဲ ကိုယ်စားလှယ်ခန့်ထားတာမျိုးရှိတယ်။

မေး ။  ။ ပြည်နယ်က မဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲအပေါ် အမြင်နဲ့ အနေအထားကရော ဘယ်လိုများရှိပါသလဲဗျာ။

ဖြေ ။  ။ သူတို့ကတော့ ဘယ်ပါတီကပဲလာပြီး ဟောပြောဟောပြော နားထောင်ပါတယ်။ ဒါပေမယ့် သူတို့ ဘာလုပ်ရမှန်းမသိဘူး။ ကိုယ်စားလှယ်လောင်းတွေက ဘယ်သူတွေလည်းဆိုတာလည်းမသိ ဘူးဆိုပြီး ပြောကြတယ်။ အဲ့ဒီတော့ ကျွန်တော်က သူတို့ကို ပါတီအတွက် မဲဆွယ်စည်းရုံးတယ်ဆိုတာ ထက်နိုင်ငံရေးဆိုတာဘာ၊ အစိုးရဆိုတာဘာဆိုတာမျိုးကို ရှင်းပြနေရတော့ ကျွန်တော့်ရဲ့          စည်းရုံးရေးဆိုတာထက် ပြည်သူတွေအတွက် နိုင်ငံရေး အသိပညာကို ပိုပြီး ဖြန့်ဝေဖြစ်ပါတယ်။ သူတို့ကပြောတယ် ပါတီတွေမှာဒီမိုကရေစီဆိုတာ တော်တော်များများပါနေတော့ အဲ့ဒီဒီမိုကရေစီ ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုပြီး လာမေးတာမျိုးတွေလည်း ရှိပါတယ်။ သူတို့အနေအထားက နိုင်ငံရေးဆိုတာတွေဘာတွေ သိပ်နားမလည်ကြဘူးလေ။ ကျွန်တော်ကတော့ အင်ဂျန်းယန်နဲ့ ချီဖွေဒေသတွေကို ပိုပြီး အားထားပါတယ်။

မေး ။  ။ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ မျှော်လင့်ချက်မရှိဘူးဆိုပေမယ့် အကယ်၍များ အောင်နိုင်ခဲ့လို့ လွှတ်တော်ထဲ ဝင်ရောက်ခွင့်ရမယ်ဆိုရင် အဲ့ဒီဒေသက ပြည်သူတွေအတွက် ဘယ်လိုကတိကဝတ်  တွေပေးပြီး ဘယ်လိုအနေအထားမျိုးကို စတင်ဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ ။  ။ ကျွန်တော့်ကို ပြောကြတယ်။ အဲ့ဒီဒေသကလူတွေက အရင်ကလူတွေက လိမ်သွားတယ်။ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး ပြီးရင် လူတောင်ရှာလို့မတွေ့တော့ဘူး။ ပျောက်သွားတယ်။  အဲ့ဒီလိုပြောတော့ ကျွန်တော်ကတော့ပြောလိုက်တယ်။ ကျွန်တော်ကတော့ အဲ့ဒီလို ကတိကဝတ် မပေးနိုင်ဘူး။ ကျွန်တော်လုပ်ပေးနိုင်တာကတော့ ခင်ဗျားတို့လိုအပ်ချက်တွေကို အစိုးရဆီတိုက်ရိုက် တင်ပြနိုင်ဖို့ ကျွန်တော်လုပ်မယ်။ ပြီးရင် အစိုးရဆီကနေ တောင်းပေးမယ်။ အဓိကကျွန်တော်လုပ် ပေးနိုင်ကတော့အစိုးရနဲ့ ခင်ဗျားတို့ကြား တိုက်ရိုက်ဆက်သွယ်ခွင့်ရနိုင်အောင် ကျွန်တော့်ဘက်က လုပ်ပေးမယ်ဆိုတာပါပဲဆိုပြီး ကျွန်တော်ပြောခဲ့ပါတယ်။

အမည်            -    ဦးဆမားကျော်ဖားနော်
အသက်            -    (၇၄) နှစ်
ပါတီ            -    ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
လွှတ်တော်        -    အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် (၅)
ပညာအရည်အချင်း        -    အထက်တန်းကျောင်းထွက် ၊ High School Final
လူမျိုး            -    ကချင်
အလုပ်အကိုင်        -     တောင်သူ

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...