လက်ရှိတွင် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီဥက္ကဌ ဦးခက်ထိန်နန်းမှာ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် အတွက် အဆိုပါ ဖြစ်ရပ်နှင့်ပတ်သတ်၍ သိရှိထားမှုမရှိသေးကြောင်း၊ ပါတီရုံးသို့ ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်သည်ဟုလည်း သိရသည်။
" ပါတီရဲ့ မူမှာကိုက တစ်ခြားပါတီကို ကိုယ်ထိလက်ရောက်စော်ကားဖို့မပြောနဲ့ နှုတ်နဲ့တောင် မပြောရဘူး၊ အပုတ်ချတာ မလုပ်ရဘူးလို့ ပြောထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စကို ဂဃဏနသိချင်နေပါတယ်" ဟု ဦးခက်ထိန်နန်းက အောက်တိုဘာလ ၁၄ ရက်ညတွင် ဖြေကြားသည်။
ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာ၌ အောက်တိုဘာလ ၁၂ ရက်တွင် မဲဆွယ်စည်းရုံးရေးဆင်းရန် ရောက်ရှိသည့် နေ့မှာပင် ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည့်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်၅ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်ကျော်ဦးက ၄င်းဖြစ်ရပ်နှင့် ပတ်သတ်၍ ချီဖွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားပြီးဖြစ်သည်ဟုဆိုသည်။
လူအပါအဝင် မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် ပါဝင်သည့် ပစ္စည်းများ ရိုက်နှက်ဖျက်ဆီး ခံခဲ့ရကာ တန်ဖိုး ကျပ်သိန်း ၂၀ ခန့်ဆုံးရှုံး ခဲ့ရသည့်အတွက် အမှုဖွင့်တိုင်တန်း ရခြင်းဖြစ်ပြီး ၄င်းတို့အဖွဲ့ မြစ်ကြီးနားမြို့သို့ ပြန်ရောက်ချိန်တွင် ချီဖွေမြို့နယ်မှူးမှ အမှုဖွင့်ထားပြီးဖြစ်ကြောင်း ဆက်သွယ် လာခဲ့သည် ဟုလည်း ဦးကျော်ကျော်ဦးက BNI ကိုထပ်မံဖြေကြားသည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးမောင်မောင်ကွန်းက ၄င်းဖြစ်စဉ်နှင့်ပတ်သတ်၍ နှစ်ဖက်ပါတီမှ အကြောင်းကြားလာခြင်းမရှိကြောင်း၊ ချီဖွေမြို့နယ်ကော်မရှင် အဖွဲ့ခွဲမှသာ သတင်းပေးပို့ လာခြင်းဖြစ်ပြီး တိုင်ကြားမှုရှိလာပါကလည်း အရေးယူခြင်းမျိုးလုပ်ပေးနိုင်မည်မဟုတ်ဘဲ နှစ်ဖက် ညှိနှိုင်းပေးသည့် အနေအထား မျှသာဆောင်ရွက် နိုင်မည်ဖြစ်သည်ဟု ဆိုသည်။
" ဒီကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး သဘောထား တောင်းခံထားပါတယ်။ သူတို့ဆီက ဘယ်လိုညွှန်ကြားချက်လာမယ်ဆိုတာတော့ မသိသေးပါဘူး" ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဦးမောင်မောင်ကွန်းက ပြောသည်။
NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက မဲဆွယ်စည်းရုံးရေးအဖွဲ့ ရိုက်နှက် ခံရမှုနှင့်ပတ်သတ်၍ ပြည်နယ်ကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်း ကော်မရှင်ဘက်မှ တာဝန်ယူ ဖြေရှင်းပေးမှု မရှိဟု ဆိုသည်။
" ကျွန်တော်တို့ဘက်ကတော့ ပါတီအဖွဲ့ချုပ်ကို စာပို့ထားပြီးပါပြီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကိုလည်း တိုင်ကြားသွားဖို့ရှိပါတယ်"ဟု ဦးကျော်ကျော်ဦးကပြောသည်။
သို့သော် NLD ပါတီအနေနှင့် ချီဖွေမြို့နယ်တွင် မဲဆွယ်စည်းရုံးသည့် ကိစ္စများ ဆက်လက် လုပ်ဆောင် နိုင်မည် မဟုတ်တော့ ဟုလည်းသိရသည်။
မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်သည် ပန်ဝါဒေသတွင်း ပါဝင်နေပြီး ယင်းဒေသမှာ ကချင်ပြည် ဒီမိုကရေစီ တပ်မတော် (NDAK) ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသည့် ကချင်အထူး ဒေသ(၁) ဖြစ်ပြီး ဦးဇခုန်တိန့်ယိန်းမှာမူ ယခုကျင်းပတော့မည့် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် သူတစ်ဦးလည်းဖြစ်သည်။
၄င်း၏ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်မှာမူ စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဉ် ပြိုင်မည့် သူတစ်ဦး လည်းဖြစ်သည်။