မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၃ဝ ရှိကာ ကျေးရွာခြင်းဆက်လမ်းများမှာ လူသွားလမ်းသာ ဖြစ်နေသောကြောင့် ဆိုင်ကယ်ဖြင့် စည်းရုံးရေး ဆင်းနေရပြီး မိုးတွင်းကာလ အတွင်း တချို့ကျေးရွာများသို့ လမ်းလျှောက်သွားရမည့် အခြေအနေများကြောင့် တအာင်း(ပလောင်) အမျိုးသား ပါတီ အနေဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ အထိ ၂၂ ရွာသာ စည်ရုံးရေး လုပ်ဆောင်နိုင်သေးကြောင်းသိရသည်။
ပါတီအနေဖြင့် စည်းရုံးရေးအကြောင်း မေးမြန််းခဲ့ရာ “တအာင်းပါတီရဲ့လုပ်ဆောင်ချက်အသေးစိတ် ရှင်းပြရတယ်။ မဲပေးခွင့် မဆုံးရှုံးအာင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ရှင်းပြတယ်။ မဲပေးပုံပေးနည်းကကျတော့ တစ်ရွာဝင်တစ်ရွာထွက် အသေးစိတ် ရှင်းပြရတယ်။ မဲစာရင်းမှန်ကန်မှု ရှိ /မရှိ သက်ဆိုင်ရာ ကျေးရွာ ရပ်ကျေး ကော်မရှင်အဖွဲ့တွေ ခေါ်ယူပြီး သူတို့ ဘာလုပ် ပေးရမယ်ဆိုတာ ပြောတယ်။ အဓိကတော့ တအာင်းပါတီကို မဲဘာကြောင့် ပေးသင့်လဲဆိုတာ ရှင်းပြပြီး စည်းရုံးခဲ့တယ်”ဟု တအာင်း(ပလောင်) အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းမိုးက ပြောပြခဲ့သည်။
တအာင်းပါတီအနေဖြင့် မြို့နယ်တွင်း စည်းရုံးရေး ဆင်းရာတွင် ဒေသခံပြည်သူလူထုမှ ကြောက်ရွံ့စိတ်ရှိနေသည်ဟု တွေ့ရပြီး ကြံ့ခိုင်ရေး မဲဆွယ်စည်းရုံးရာတွင် ပြည်သူလူထုကို တအာင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီက အတူတူပဲဟု ပြောဆိုကာ စည်းရုံးသွားသောကြောင့် ထင်ယောင်ထင်မှား ဖြစ်စေနိုင်ကြောင်း တအာင်းပါတီက ပြောဆိုခဲ့သည်။
“စည်းရုံးရေး အခြေအနေကတော့ ပြည်သူနဲ့ထိတွေ့တာ အဆင်ပြေပါတယ်။ ကျေးလက်ဒေသမှာ တချို့ဆို ဘာမှကို မသိဘူး တချို့လူတွေကြောက်ကြတယ်။ ဘယ်သူတွေလာတာလဲ ဘာညာနဲ့ပေါ့ ကြောက်ပြီး မလာတဲ့လူတွေ ရှိတယ်လေ။ ကျေးရွာတွေမှာ စည်းရုံးရေး ဆင်းတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တအာင်းပါတီ အတူတူဘဲ ဆိုပြီး စည်းရုံးသွားတယ်လို့ ပြောပြတယ်။ တကယ်ဆို ပြည်သူလူထု သိသာထင်ရှားအောင် ရှင်းပြရမှာပေါ့ ပြည်သူကို ထင်ယောင် ထင်မှား ဖြစ်စေတာပေါ့” ဟု တအာင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းမိုးကဆက်ပြောသည်။
မဲစားရင်းမှားယွင်းမှုကြောင့် ဒုတိယအကြိမ် မဲစာရင်းတွင် မပါဝင်ဘဲ ကျန်ရှိနေပါက ရပ်ကျေး ထောက်ခံချက်ဖြင့် မဲပေးနိုင်ကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားပြီး မန်တုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့အနေဖြင့် မဲဆန္ဒရှင်များ မဲစားရင်းမှားယွင်းသော်လည်း မဲထည့်နိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးများမှတဆင့် ပြည်သူလူထု သိရှိနိုင်ဖို့ စာထုတ်ပေးရန် တအာင်းအမျိုးသားပါတီမှ တောင်းဆိုသော်လည်း အထက်အမိန့်ကျမှသာ ဆောင်ရွက်ခွင့်ရှိမည်ဟု သိရသည်။
မဲစာရင်း မှားယွင်းမှုနှင့် ပတ်သက်၍ “မြို့မှာဆိုလို့ရှိရင် မဲစာရင်းမှားယွင်းမှုမရှိဘူး။ မန်တောက် မန်ကန်ဆို လူပေါင်း ၃၀၀ ကျော်မှာ ၃၀ ပဲမှန်တယ် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်က သေတဲ့သူရဲ့ အမည်ပါတာတွေလဲ ရှိတယ်။ သွားပြီးတဲ့ ကျေးရွာတိုင်းလိုလို မဲစားရင်းတွေ မှားနေတယ်။ ကျွန်မ အနေနဲ့ စိုးရိမ်တာတခုကတော့ အခုဆိုရင် ရွေးကောက်ပွဲကာလမှာ ခြိမ်းခြောက်မှုတို့ဘာတို့ ရှိရင် ရွာကလူတွေ ကြောက်တတ်တယ်။ ဗမာဆိုရင် သူတို့ကကြောက်ပြီလေ။ အဲဒီ ရွေးကောက်ပွဲ နေ့မှာ အဲလိုချိန်းခြောက်မှု လိမ်လည်မှုပေါ့နော် သူတို့ကရပ်ကျေးကော်မရှင်ကို ရွာတိုင်းထားတယ်။ ကော်မရှင်တွေက အနောက်ကနေပြီးတော့ ကြိုးကိုင်တာရှိမှာကို စိုးရိမ်တယ်။ ကျွန်မ တို့သွားတဲ့ရွာတိုင်းမှာ မဲစာရင်း မှားယွင်းတယ်ပဲ ပြောတယ်။ သတ်မှတ်ထားတဲ့ အချိန်နဲ့ လမ်းပန်းဆက်သွယ်ရေး အရ မြို့နယ်ကော်မရှင်ရုံးကိုပို့ဖို့ အရမ်းကို အခက်ခဲ ရှိတယ်။ ရပ်ကျေး အဖွဲ့တွေက နောက်ကွယ်ကနေ မင်းမဲစာရင်းမှားနေတယ်။ မင်းထည့်လို့မရဘူးဆိုရင် တရွာလုံးမဲပေးမှာ မဟုတ်တော့ဘူး” ဟု ၎င်းမန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ဆက်လက် ပြောဆိုသည်။
နိုုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂ဝ၁၅ ရွေးကောက်ပွဲ၌ တအောင်းလူမျိုးအများဆုံးနေထိုင်သော ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ပါတီ ၃ ခုသာ ယှဉ်ပြိုင်မည်ဟု သိရသည်။
မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် တအာင်း(ပလောင်) အမျိုးသားပါတီမှ ဒေါ်နန်းမိုးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နန်းမော်ခမ်း နှစ်ဦးသာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) နေရာတွင် တအာင်းပါတီမှ ဦးသိန်းဇော်၊ ကြံ့ခိုင်ရေးပါတီမှ ဦးမိုင်းထွန်းအေးနှင့် ဒူးလေးပါတီမှ ဒေါ်ခင်စန်းမြင့်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) နေရာအတွက် တအာင်းပါတီမှ ဦးအယိုင်စဉ်နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးမိုင်းလှကျော် အသီးသီးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မန်တုံမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဒူးလေးပါတီ ဒေါ်ခင်စန်းမြင့်မှအပ ကျန်ကိုယ်စားလှယ်များသည် တအာင်းလူမျိုးများ ဖြစ်ကြပြီး ဒူးလေးပါတီသည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) နေရာတွင်သာ ပါဝင်ယှဉ်ပြိုင်သည်ဟု သိရသည်။