ရွေးကောက်ပွဲ မကျင်းပမည့် ကချင်နယ်မြေများ ကျန်ပြည်နယ်နှင့်တုုိင်းထက် ပုုိများ

ရွေးကောက်ပွဲ မကျင်းပမည့် ကချင်နယ်မြေများ ကျန်ပြည်နယ်နှင့်တုုိင်းထက် ပုုိများ
by -
သုုတလင်း၊ BNI ရွေးကောက်ပွဲသတင်းခန်း
သုုတလင်း၊ BNI ရွေးကောက်ပွဲ သတင်းခန်း — ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်သည့် နယ်မြေကျေးရွာအုပ်စု (၂၁၁) နေရာရှိပြီး ၄င်းက ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်သော ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ရှမ်းပြည်နယ်တို့နှင့် နှိုင်းယှဉ်ပါက များပြားသည့် ပမာဏဖြစ်ကြောင်း တွေ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းကို ဥပဒေပုဒ်မ ၁၀ (စ)အရ ထုတ်ပြန် ကြေညာခဲ့ခြင်း လည်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပမည် မဟုတ်တော့သည့် နယ်မြေ၊ကျေးရွာအုပ်စု အများစု ပါဝင်နေသည့် မဲဆန္ဒနယ်မှာ အင်ဂျန်းယန်၊ဆွမ်ပရာဘွမ်၊ မိုးမောက် နှင့် ဝိုင်းမော်တို့ ဖြစ်သည်။

အထက်ပါ မဲဆန္ဒနယ်များမှ အင်ဂျန်းယန်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)မှ ဒေါ်ဒွဲဘူကမူ မဲဆန္ဒနယ် တစ်ခုလုံး ကျင်းပပြုလုပ်ခွင့် ပိတ်ပင်လိုက်ခြင်း မဟုတ်သည့်အတွက် ကိုယ်စားလှယ်လောင်းများ အနေနှင့် မဲပေးခွင့်ရှိသည့် ဒေသများတွင် ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းဆိုသည်။

" ၂၀၁၀ တုန်းကလို နီးမှ ရွေးကောက်ပွဲ မကျင်းပတော့ဘူး ပြောခဲ့ပြီး နစ်နာခဲ့ရတာမျိုး ထက်စာရင်တော့ ခုဟာက မဲဆန္ဒနယ် တစ်ခုလုံး ပိတ်တာမဟုတ်ဘဲ လုပ်နိုင်တဲ့ နေရာမှာ ဆက်လက်လုပ်ဆောင်မှာမို့ ပြည်နယ်အတွက် ကိုယ်စားလှယ်လောင်း မနစ်နာဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲ့ဒီနေရာက မဲပေးနိုင်တဲ့သူတွေတော့ လျော့သွားတာပေါ့" ဟု ဒေါ်ဒွဲဘူက ပြောသည်။

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများ သတ်မှတ်လိုက်ခြင်းမှာ တိုက်ပွဲများ ဖြစ်ပွားရာနေရာများ၊ နယ်မြေမငြိမ်းချမ်းသည့်ဒေသများ၊ KIA ထိန်းချုပ်နယ်မြေများ ဖြစ်နေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး သွားလာရန် အင်မတန်ခက်ခဲသည့် ဒေသများဖြစ်နေခြင်းကြောင့် ဖြစ်မည်ဟု ကချင်ပြည်နယ် အခြေစိုက် ပါတီများက သုံးသပ်ကြသည်။

ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဒေါ်ဂျာတောင်ကမူ ရွေးကောက်ပွဲကော်မရှင် အနေနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မဟုတ်တော့သည့် ဒေသများ ထုတ်ပြန်ရာတွင် ၄င်းယှဉ်ပြိုင်မည့် ဒေသအတွက် နစ်နာမှုများရှိလာကြောင်း BNI သတင်းဌာနသို့ ပြောကြားသည်။

" အန်တီ့ဒေသမှာဆို ကချင်လူမျိုးအင်အားများတဲ့နေရာက မဲပေးခွင့် မရှိတော့တဲ့နေရာဖြစ်သွားတော့ အန်တီတို့အတွက် တစ်အားလျော့တယ်လို့ ပြောရမှာပါ။ " ဟု ဒေါ်ဂျာတောင်က ဆိုသည်။

ဝိုင်းမော်မဲဆန္ဒနယ်ရှိ ရွေးကောက်ပွဲကျင်းပမည့်မဟုတ်သော ဆဂါပါ ကျေးရွာအုပ်စုတွင် မဲပေးနိုင်မည့် ကချင်လူဦးရေ အမြောက်အမြားရှိနေပြီး ယခု မဲပေးခွင့် မရှိတော့သည့် အတွက် ကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိကြောင်း၊ ယင်းဒေသမှာ KIA ထိန်းချုပ်နယ်မြေမဟုတ်သော်လည်း မဲပေးခွင့်မပြုသည့်အတွက် သံသယရှိကြောင်း ၄င်းက ပွင့်ပွင့်လင်းလင်း ဖြေကြားသည်။

ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ယင်းအခြေအနေက လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်မှုများ ရှိလာမည်ကို ကချင်ပြည်နယ် အခြေစိုက်ပါတီများက စိုးရိမ်မှုများရှိနေသည်။

ရွေးကောက်ပွဲ အချိန်တွင်း တိုက်ပွဲများ ရပ်တန့်ပေးထားရန် ပါတီများဘက်မှ တောင်းဆိုမှုများ ရှိသော်လည်း နှစ်ဖက်တပ်များအနေနှင့် တရားဝင် ထုတ်ပြန်ပြောဆိုခြင်း များလည်း မရှိသေးပေ။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...