ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံရုံက လွဲပြီး ဘာမှ မရှိပါဘူး

ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံရုံက လွဲပြီး ဘာမှ မရှိပါဘူး
by -
သုုတလင်း ၊ BNI ရွေးကောက်ပွဲသတင်းခန်း
သုုတလင်း — ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ကနေ NLD ကုုိယ်စားပြု ရွေးချယ် ခံမဲ့ ဦးဒါရှီးလဆုုိင်းနဲ့ ပတ်သတ်ပြီး BNI ရွေးကောက်ပွဲသတင်းခန်းမှ သတင်းထောက်က မဲဆွယ်ကာလ အတွင်း အခြေအနေတွေကုုိ ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

မေး။     ။ ဖားကန့်ဒေသမှာဝင်ပြိုင်တဲ့ NLD အနေနဲ့ရော မဲဆန္ဒနယ်ကိုယ်စားလှယ်အနေနဲ့ရော ရည်ရွယ်ချက်တွေ၊ ပြင်ဆင်ထားတာတွေ ဘာတွေရှိပါသလဲ။

ကျွန်တော့်အနေနဲ့ ပြင်ဆင်ထားတဲ့အပိုင်းကတော့ ပါတီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲကိုယ်စားလှယ်တွေအတွက် အောင်နိုင်ရေး လမ်းကြောင်းကနေ စည်းရုံးရေး တွေဆင်းဖို့ အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့ပေးထားတာတွေရှိပါတယ်။ နည်းနည်းလေးအခက်အခဲရှိပါတယ်။

ဒီအောင်နိုင်ရေးနဲ့ ပတ်သတ်ပြီးမှ ကျွန်တော်တို့က နဂိုပြည်နယ်က ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ဗဟိုကနေ အသိမှတ်ပြု ဖွဲ့စည်းထားတဲ့ တစ်ဖွဲ့ရှိတယ်။ ဒီအဖွဲ့နှစ်ဖွဲ့ကြားမှာ ကိုယ်စားလှယ်လောင်းတွေက တိုင်ပင် ဆွေးနွေးမှု အပိုင်းမှာ နည်းနည်းလေးအခက်အခဲရှိနေတဲ့အတွက်ကြောင့် ပြင်ဆင်မှုအပိုင်းမှာ အားမလိုအားမရဖြစ်တဲ့ အပိုင်းလေးတွေ ရှိပါတယ်။

ဆိုလိုချင်တဲ့သဘော သဘာဝက အောင်နိုင်ရေးအဖွဲ့တွေက အကွဲအပြဲဖြစ်နေတဲ့ အတိုင်းအတာမှာ  ပြင်ဆင်တဲ့ အပိုင်းမှာပဲ အားနည်းတဲ့အနေအထားရှိတာပါ။

အောင်နိုင်ရေးအဖွဲ့တွေက ကိုယ်စားလှယ် လောင်းတွေ သွားမယ့် လာမယ့်မဲဆွယ်မဲ့ ဟောပြောမယ့်နေရာတွေကို ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင် ထားမှုတွေ လုပ်ထားရမယ့် နေရာမှာ အောင်နိုင်ရေး အဖွဲ့တွေရဲ့ ကြိုတင် ပြင်ဆင်မှုအပိုင်းတွေ အားနည်းတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။

 မဲဆွယ်စည်းရုံးတဲ့ အနေအထားမှာတော့ သူ့အပိုင်းနဲ့သူ စည်းရုံးတာဖြစ်လို့ အဆင်ပြေပါတယ်။

မေး။   ။ ဦးဒါရှီလဆိုင်း အနေနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှာ ပါဝင်တဲ့ ကျေးရွာ၊အုပ်စုတွေ အဲ့ဒီနေရာတွေမှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ရှိနေတဲ့ အခက်အခဲ တွေကိုလည်း သိချင်ပါတယ်။

မဲဆန္ဒနယ်အမှတ်(၂)တော့ မြို့ပေါ် (၅)ရပ်ကွက် + ၃ ပါပါမယ်။ မြို့ပေါ် (၅) ရပ်ကွက်ဆိုတဲ့ နေရာမှာ အေးမြသာယာ၊ မရှီကထောင်း၊ မြို့မ၊ ငှက်ပျောတောနဲ့ မော်ဝမ်း စတာတွေ ပါဝင်ပါတယ်။ အဲ့ဒီနောက် နန့်မဖြစ် ၊ ဆိပ်မူ၊ ဟောင်ပါး အဲ့ဒီ အုပ်စု (၃)လည်းပါပါတယ်။

အဲ့ဒီတစ်ချို့အုပ်စုမှာဆို ကျေးရွာပေါင်း (၂၀)စီလောက်ပါဝင်ပါတယ်။ အဲ့ဒီမှာ အထူးသဖြင့် သွားရလာရ ခက်ခဲတာကတော့ ဟောင်ပါးအုပ်စုပေါ့။ သူက တောတောင်တွေကို ဖြတ်သွားရတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပါတယ်ဗျ။

ဟောင်ပါးအုပ်စုအောက်က ကျေးရွာတစ်ရွာဆို မဲဆန္ဒရှင် (၂၀၀၀)လောက်ရှိတယ်။ ဒါပေမယ့် အဲ့ဒီနေရာကို ကားတွေ ဘာတွေနဲ့ သွားဖို့ခက်တယ်။

မေး။    ။ ဖားကန့်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အတွင်းမှာ မဲပေးနိုင်မယ့်သူဦးရေ ဘယ်လောက်ရှိပါသလဲ။

မဲဆန္ဒရှင်ဦးရေက ခုလောလောဆယ်အတည်ယူလို့မရသေးဘူး။ ခုလောလောဆယ် ၂ သောင်းဝန်းကျင်လောက်တော့ ရှိတယ်လို့ စာရင်းအရ သိရတယ်။

မေး။   ။ အောင်နိုင်ရေး ဟောပြောပွဲတွေဆင်းတဲ့အခါ ဘယ်လိုအချက်တွေကို အဓိကထားပြီး မဲဆွယ်စည်းရုံးရေးတွေလုပ်ပါသလဲ။ အဓိက ရည်ရွယ်ချက်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းစဉ်အောက်ကနေ ဘယ်လိုများ ကိုယ့်ပြည်နယ်ဒေသအတွက် မဲဆွယ် ဟောပြောခဲ့တာတွေ ရှိပါသလဲ။

ကျွန်တော်ကတော့ အဓိက မဲဆွယ်စည်းရုံးရေး လုပ်တဲ့အခါမှာ အဖွဲ့ချုပ်ကနေ အဓိက မဲဆွယ်စည်းရုံးထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း အချက်အလေးချက် ပေါ်မှာ မူတည်ပြီး ပြည်သူလူထုတွေကို ကျွန်တော်က မဲဆွယ်တဲ့နေရာမှာ ပြောကြားတာဖြစ်ပါတယ်။ နောက်ပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေ အကြောက်တရား ကင်းကင်းနဲ့ မဲထည့်ကြဖို့ကို မဲရုံကိုသွားဖို့ဆိုတာမျိုးနဲ့ပဲ မဲဆွယ် စည်းရုံးပါတယ်။

တစ်ဦးချင်း ကိုယ်စားလှယ်လောင်းအနေနဲ့ ပြည်နယ်မဲဆန္ဒရှင် တွေအပေါ်မှာ ကတိကဝတ် ပေးခဲ့တာမျိုး တော့မရှိပါဘူး။ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အားလုံး အနိုင်ရသွားပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ အချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။

မေး။    ။     ဖားကန့်မဲဆန္ဒနယ်မှာ တိုင်းရင်းသားပါတီတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်တာတွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေဖြစ်တဲ့အတွက် တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေက အနိုင်ရနိုင်ချေ များတဲ့ အနေအထားလို့ရော ဆိုနိုင်ပါမလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအောက်ကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ရော အနိုင်ရနိုင်ချေ ဘယ်လောက်များရှိပါသလဲ။

ကျွန်တော်တို့အဓိက ပြိုင်ဖက်အနေနဲ့ မြင်တာတော့ ပြည်ခိုင်ဖြိုး ပါတီတစ်ခုလို့ပဲ မြင်ပါတယ်။ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွ့ံဖြိုးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုင်ရမယ့် အနေအထားမှာ မျှော်လင့်ချက်ဆိုတာ လူတွေရဲ့ အသိတရားပေါ်မှာ အခြေခံပါတယ်။ လူတွေရဲ့အသိတရားဆိုတာ လက်ရှိ ဖားကန့်ဒေသမှာ ရွှေ့ပြောင်းနေထိုင်တဲ့ လုပ်သားတွေ တော်တော်များတဲ့ အချိန်ကျတော့ ဒီလုပ်သားတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို  ထောက်ခံအားပေးတဲ့ လူတွေတော်တော်များများ တွေ့ရပါတယ်။

ဒီလူတွေကလည်း မဲစာရင်းမှာပါနိုင်ဖို့ ပုံုစံ ၃(က)နဲ့ တော်တော်များများလျှောက်ထားပါတယ်။
တစ်ဖက်မှာလည်း ကုမ္ဗဏီလုပ်ငန်းရှင်ကို ဒီမဲစာရင်းထဲမှာပါဖို့ ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီက လုပ်ပေးနေတာ တွေရှိပါတယ်။ ကျွန်တော်တို့အတွက် လက်ရှိအတိုင်းအတာ နေနဲ့ဆိုရင် မျှော်လင့်ချက်ကတော့ ၆၀ ရာခိုင်နှုန်း အပေါ်မှာရှိတယ်လို့တော့ သုံးသပ်ပါတယ်။

မေး။        ။  မဲဆန္ဒရှင်တွေအနေနဲ့ရော သူတို့မဲပေးရမယ့် ကိုယ်စားလှယ်လောင်းတွေအပေါ် သိရှိထားမှုတွေ၊ နားလည်မှု တွေရော၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အတိုင်းအတာမှာရော ဘယ်လိုအခြေအနေများ ရှိပါသလဲ။

မဲဆန္ဒရှင်တွေဘက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သတ်ပြီး သိရှိထားသူတွေများပါတယ်။ ဒါကလည်း ကျွန်တော်တို့က ဖားကန့်မြို့မှာ ရှိတဲ့ လူတွေနဲ့ ရင်းရင်းနှီးနှီး နဲ့ သူတို့အခက်အခဲတွေကို အများကြီး ကူညီဆောင်ရွက် ပေးခဲ့တာမျိုးတွေရှိတော့ သူတို့တွေအနေနဲ့ အသိများပါတယ်။

မေး။   ။ နောက်ဆုံးအနေနဲ့ အဓိက မေးချင်တာက အောက်တိုဘာ ၈ ရက်နေ့မှာဆိုရင် ဖားကန့်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေ ပြန်ဖြစ်တာ တွေ့ရပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲဟာ သက်ရောက်မှု တစ်ခုခုရှိနိုင်ပါသလား။ အဲ့ဒီလိုမဖြစ်အောင် ပါတီအနေနဲ့ ကြိုတင် ပြင်ဆင်ထား တဲ့အပိုင်းမျိုးတွေရှိရင်လည်း သိချင်ပါတယ်။

ကျွန်တော်တို့ဘက်က တိုက်ပွဲနဲ့ ပတ်သတ်ပြီး မဖြစ်အောင်ဆိုတဲ့ အပိုင်းကို လုပ်လို့မရပါဘူး။ ဒါဟာ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုရဲ့ အပေါ်မှာပဲ မူတည်တယ်လို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး တော်တော်စိုးရိမ်ပါတယ်။

ဘာကြောင့်စိုးရိမ်လည်းဆိုတော့ ကျွန်တော်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းပြီးသား၊ ပြင်ဆင်ပြီးသားပါ။ အနီးကပ်မှ နယ်မြေလုံခြံုရေးဆိုပြီး ရွေးကောက်ပွဲ အရွှေ့ခံခဲ့ရတယ်။

 အဲ့ဒီလိုမျိုး အလားသဏ္ဍာန်တူ ဖြစ်ရပ်မျိုးက အခုလည်း ပြန်မကြံုလာဘူးလို့ မပြောနိုင်ဘူး။ အဲ့ဒီလိုအတွက် စိုးရိမ်မှုတွေရှိပါတယ်။ ကြိုတင်ကာကွယ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါက သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံရုံက လွဲပြီး ဘာမှ မရှိပါဘူး။

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...