" ကျွန်တော်တို့ဟာ လာမဲ့အစိုးရသစ် ၊လွှတ်တော်သစ်သက်တမ်းမှာ ကချင်ဒေသရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ပိုလိုအပ်တယ်။ အရေးကြီးတယ်လို့ ဆိုရမှာပါ။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာများမှာ ခက်ခဲတာတင် မဟုတ်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲ တာတွေ၊ ရွေးကောက်ပွဲပေါ် ပြည်သူလူထုက နားလည်တဲ့အပိုင်းမှာ အခက်အခဲတွေလည်း ရှိနေဆဲပါပဲ" ဟု ဦးခက်ထိန်နန်းက BNI သတင်းဌာနသို့ ဖြေကြားသည်။
လက်ရှိတွင် ကချင်ပြည်နယ်ရှိ KIA နှင့် တပ်မတော်အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ယင်းအခြေအနေက ကျင်းပတော့မည့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြား ကြခြင်းလည်းဖြစ်သည်။
"တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ သေချာတယ်။ အဲ့ဒီဒေသက မဲရုံတွေက ပိတ်ထားရတော့မှာပဲ။ လူတွေလည်း မဲမပေးနိုင်သလို ကော်မရှင်ကလည်း မဲရုံဖွင့်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် နှစ်ဖက်တပ်တွေက ရွေးကောက်ပွဲအချိန်မှာ တိုက်ပွဲလုံးဝမဖြစ်စေရဘူးဆိုပြီး သူတို့သဘောထားတွေကို တိကျစွာထုတ်ပြန်ဖို့ လိုပါတယ်” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာမနာမ်တူးဂျာက ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲကျင်းပချိန် မတိုင်မီနှင့် ရွေးကောက်ပွဲကာလများအတွင်း တပ်မတော်နှင့် KIA နှစ်ဘက်စလုံးက တိုက်ပွဲများ လုံးဝရပ်ထားပေးရန်လိုအပ်သည်ဟု ထောက်ပြသည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမောင်မောင်ကွန်းကမူ တိုက်ပွဲဖြစ်ပွား နိုင်ချေရှိသည့် ပြည်နယ်ခရိုင် မဲဆန္ဒနယ်များကိုခန့်မှန်း သိရှိနိုင်ခြင်း မရှိသည့်အတွက် လုံခြံုရေးအရ တာဝန်ယူမှုအပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘက်မှ ဆောင်ရွက်ပေးရမည့် အပိုင်းဖြစ်ကြောင်းဖြေကြားသည်။
"ကျွန်တော်တို့က ဘာလုပ်မယ်ဆိုပြီး ဆုံးဖြတ်ပေးလို့မရပါဘူး။ ခု တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အနေအထားကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘက်ကလည်း ညွန်ကြားချက်တစ်စုံတစ်ခုမှ ကျွန်တော်တို့ဆီမရောက်သေးပါဘူး" ဟု ဦးမောင်မောင်ကွန်းက ဆိုသည်။
ဒေါက်တာ မနာမ်တူးဂျာကမူ မြစ်ကြီးနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့်တွေ့ဆုံခိုက် ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ကော်မရှင်အနေနှင့်လည်း နှစ်ဖက် တပ်များအပေါ် အသိပေးအကြောင်းကြားသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ၄င်း၏ ပြောကြားချက်အရသိရသည်။
KIA မှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် ပါ၀င်ချုပ်ဆိုရန် မဆုံးဖြတ်ထားသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင်တစ်ခုအပါအဝင်လည်း ဖြစ်သည်။
ထို့အပြင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန်မဆုံးဖြတ်ရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နှင့်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွာလားကြောင်းသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှာ အစိုးရနှင့်ချုပ်ဆိုထားခဲ့နိုင်သော အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ၂၀၁၁ ခုနှစ်တွင်ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်မှစ၍ KIA နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း လည်းဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် ချုပ်ဆိုမည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုမှုတွင်လည်း KIA အနေနှင့် ပါ၀င်ရေးထိုးမည်မဟုတ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။