ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေဟာ ရုံးတွေက နားတွေထဲမှာ ငြင်းကြခုံကြတဲ့ခါ တဦးပေါ် တဦး၊ ပါတီတခုက ပါတီတခုကို အနိုင်ရအောင် မှီငြမ်းအသုံးပြုဖို့ မဟုတ်ပါဘူး။
မိမိတို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ချိန် တန်ပြီ။ သူများနိုင်ငံတွေလို ဒီမိုကရေစီစနစ် အပြည့်အဝ ရှိတယ်။ လူရိုင်းတွေ မဟုတ်ဘူး။ လူသာ ဆင်းရဲတယ်။ လူ့ယဉ်ကျေးမှုတော့ မဆင်းရဲဘူး။ စိတ်နေ စိတ်ထား မြင့်မြတ်တယ်၊ မနိမ့်ကျဘူးဆိုတာ ပြဖို့ဖြစ်တယ်။
လက်မှတ်ရေးထိုးတဲ့ အထဲမှာ UNA ပါတယ်ဆိုတော့ SNLD လည်း အလိုအလျောက် ပါသွားပါတယ်။ အလားတူ NBF ပါတယ်ဆိုတော့ SNDP ကျားဖြူပါတီလည်း အလိုအလျောက် ပါသွားပြီဖြစ်ပါတယ်။ မင်္ဂလာ စည်တော်ပါတီ တခုသာ နောက်ကျမှလာတဲ့ အတွက်လက်မှတ် မထိုးလိုက်ရပါဘူး။ သို့ပေမယ့် သိထားသင့်ပြီး ကျင့်သုံးသင့်တယ်လို့ မြင်မိပါတယ်။ မင်္ဂလာ စည်တော်ပါတီဟာလည်း သျှမ်းပါတီတခုဖြစ်တဲ့အလျောက် သျှမ်းဆိုတဲ့အမျိုးဟာ နိမ့်ကျတဲ့ အမျိုးမဟုတ်ကြောင်း၊ ယခင်ကတည်းက ယဉ်ကျေးတဲ့ လူမျိုးဖြစ်တဲ့ အကြောင်းကမ္ဘာကို ပြသရမယ့် တာဝန်ရှိပါတယ်။
ကျင့်သုံးရမယ့် ကျင့်ဝတ်မှာ ဘာတွေရှိသလဲ။ သိသင့် ကျင့်သုံးသင့်တာ ဘာတွေရှိသလဲ။
မဲမဝယ်ရ
သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားပါ။ သတင်းလုပ်ငန်းကို အနှောင့်အယှက်ပေးခြင်းမှ ရှောင်ရှားပါ။ သတင်းထောက်တွေကို လာဘ်ပေးခြင်း မပြုပါနဲ့။
ဘာသာ သာသနာတွေကြား အမုန်းပွါးတဲ့ စကားတွေ၊ လူမျိုးကြားနဲ့ အဖွဲ့အစည်းကြား အမုန်းပွား စေမယ့် စကားတွေမပြောမိဖို့ အထူးသတိထား ရှောင်ရှားသင့်ပါတယ်။
ကျား - မခွဲခြားခြင်း ဆက်ဆံခြင်း၊ နှိမ်ချဆက်ဆံခြင်းများ မလုပ်ဖို့။
နိုင်ငံရေး အတွက်ရည်ရွယ်ပြီး ဘာသာသာသနာကို အသုံးမချပါနဲ့။
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပြုလုပ်ရ
ပါတီကို ဝေဖန်တာ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို ဝေဖန်မယ်ဆိုရင် နိုင်ငံရေး ပေါ်လစီတွေနဲ့ ပတ်သက်တဲ့၊ အရင်က သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကြောင်းတွေကိုဘဲ သုံးသပ်ဝေဖန်ရမှာ ဖြစ်တယ်။
ပါတီ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေက မှားယွင်း လုပ်ဆောင်ပြောဆိုမှုတွေရှိရင်တော့ ထောက်ပြနိုင်ပါတယ်။
ဒါတွေဟာ ရွေးကောက်ပွဲ ကျင်းပရေးမူမှာ အရေးကြီးတဲ့မူ (COC) တွေဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် သျှမ်းလူမျိုး အများစုကတော့ ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ -
- လိမ်ညာပြောဆိုခြင်းကို ရှောင်ရှား။
- လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကြား အမုန်းပွါးစေမယ့်၊ ရန်တိုက်ပေးတဲ့၊ ကွဲပြဲစေမယ့် သွေးထိုးစကားတွေကို ရှောင်ရှား။
- နှိမ့်ကျတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုတာတွေကို ရှောင်ရှား။
- အနှစ်သာရမရှိတဲ့ စကားတွေ တန်ဖိုးမဲ့စကားတွေကို ရှောင်ရှား။ - စတာတွေကို လိုက်နာကြပါတယ်။
ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ သျှမ်းတွေဟာ အရင်ကတည်းက လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တိုးတက်မြင့်မားခြင်းတွေနဲ့ ပြည့်စုံခဲ့ဖူးတဲ့ လူမျိုးတွေ ဖြစ်တဲ့အကြောင်း ပြသလိုက်ကြရအောင်။
တခြားလူမျိုးတွေကနေ လာပြီး အထက်စီးအနိုင်ယူ နေတာတောင်မှ မိမိတို့ စိတ်ဓါတ် ကျမသွားအောင် အားလုံးက မိမိကိုယ်မိမိ အားပေးကြပါ။ မသမာမှုကို စုပေါင်းတိုက်ဖျက်ကြပါ။
မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေကိုအားပေးကြပါ၊ ကမ္ဘာကသိသွားအောင် တယောက်တအား စွမ်းဆောင်ကြပါ လို့တိုက်တွန်းလိုက်ပါတယ်။
မိမိနှစ်သက်တဲ့ ပါတီ၊ မိမိနှစ်သက်တဲ့ ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြပါစေ။