ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်

ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်

စစ်ကိုင်း – ကချင်အစပ် ကသာမြို့နယ်က ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နေအိမ် ၃ လုံးပျက်ဆီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းအနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

“မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ နောက်တန်းစခန်းဗုံးကြဲသွားတာ။ ၁၁ နာရီဝန်းကျင်လောက်မှာတစ်လုံး ၁ နာရီလောက်မှာတစ်လုံး ဒါပေမဲ့အဲ့တစ်လုံးကမကွဲသွားဘူး။ ကားလမ်းဘေးဆိုတော့ အိမ်တွေတော့ထိခိုက်ပျက်ဆီးသွား တယ်။ သေဆုံးတာတော့မရှိဘူး။ ပြည်သူနှစ်ယောက်တော့ ထိရှဒဏ်ရာရသွားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံး လုံးဝပျက်ဆီးသွားပြီး နောက်ထပ် ၄ အိမ်လောက်ကတော့ အနည်းငယ် ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတစ်ဝှိုက်မှာ ယခင်က ဈေးဆိုင်တွေနဲ့ စည်ကားခဲ့သောနေရာဖြစ်ပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးအထိုင်ချခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွှတ်ရာနေရာတွေမှာ ပြောင်းရွှေ့ ခဲ့ကြရာကနေ ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းဖြစ်လာတာလို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

“၂၀၂၃ လောက်ကစပြီး ဒီတစ်ဝှိုက်ကို ရန်သူ့လှုပ်ရှားစစ်ကြောင်းက မလာတော့ဘူး။ သူတို့က မြို့ပြင်နဲ့ မြို့ပေါ်တစ်လျှောက်ပဲ ကင်းပတ်တော့တာ အဲ့တော့သူတို့က လှုပ်ရှားစစ်ကြောင်းမလာနိုင်တော့တဲ့အချိန်မှာ အ‌နောက်ကနေ ပံ့ပိုးနေတယ်လို့ ယူဆတဲ့နေရာကို လေကြောင်းချတယ်ပေါ့လေ” လို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းအရင်းဖြစ်နိုင်ခြေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။

ကသာမြို့နယ်ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်း မဝေးလှဘဲ စစ်ရေးအရ အရေးပါတဲ့နေရာမှာ တည်ရှိတဲ့မြို့လို့ ကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ ပိုတိုးလုပ်ဆောင်လာတာကိုတွေ့ရပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ကချင်ပြည်နယ်အတွင်းက KIA ထိန်းချုပ်နေရာတွေမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးထိ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကသာမြို့နယ်နဲ့ ကပ်လျှက်မှာရှိတဲ့ ရွှေကူမြို့နယ်က နေရာ ၄ ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

March 28, 2025
စစ်ကိုင်းနဲ့ ကချင်အစပ် ကသာမြို့နယ် ပင်လွတ်ကျေးရွာတစ်ဝှိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း...
နောင်မွန်း ကားလမ်းပိုင်း မြေပြိုထားတဲ့ မြင်ကွင်း (ပုံဟောင်း)။
March 27, 2025
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်း...
မြစ်ကြီးနားမြို့တွင်းတစ်နေရာ။
March 26, 2025
မြစ်ကြီးနားမြို့မှာ ဖုန်းအင်တာနက်လိုင်း ခက်ခဲမှုနဲ့အတူ တစ်ဖက်မှာ လျှပ်စစ်မီး...
March 25, 2025
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်နေတဲ့ ကချင်–တရုတ် နယ်စပ် ပန်ဝါမြို့မှာ လျှပ်စစ်မီတာကြေး...