တနိုင်းသွား လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဒရုန်းနဲ့ပစ်ခတ်နေတာ ၁၇ ကြိမ်ထက်မနည်း ရှိလာပြီလို့ ဒေသခံတွေပြောပါတယ်။
ဝါရာဇွပ်ကျေးရွာ၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ နဲ့ ဘန်ကောက်ကျေးရွာတွေကို ထိန်းချုပ်ထားတဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ဝါရာဇွပ်ကျေးရွာကို နေ့စဉ်လိုလို ဒရုန်းနဲ့ပစ်ခတ်နေပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲနေတယ်လို့ ပြောပါတယ်။
ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦးက “ဝါရာဇွပ်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂ ရက်လောက်ကနေ အခြေအနေ စတင် တင်းမာလာတယ်လို့ ပြောလို့ရမယ်။ KIA ဘက်ကနေ အဝင်အထွက်ရှိလာတယ်ပေါ့။ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိဆိုရင် မင်းဇေသန့်အဖွဲ့ကနေ ရွာကို ဗုံးကြဲတိုက်ခိုက်တာ ၁၇ ကြိမ်ရှိသွားပြီ။ အဲ့ထဲမှာက လေယာဉ်နဲ့ တစ်ကြိမ်လာပစ်တယ်။ လေယာဉ်ပစ်ခံရတဲ့ ဖြစ်စဉ်မှာက အရပ်သားတစ်ဦး သေဆုံးသွားတယ်။ ဒီလိုဖြစ်စဉ်တွေက ဆက်တိုက်ဖြစ်လာတယ်” လို့ ပြောပါတယ်။
နောက်ထပ် ဝါရာဇွပ် ဒေသခံတစ်ဦး က “မင်းဇေသန့်ကို ပြောချင်တာက သူ့ကို ရန်ပြုနေတဲ့သူတွေဆိုရင် စစ်အရ နိုင်အောင်ပဲတိုက်ပါ။ အပြစ်မရှိတဲ့ ဒေသခံတွေကို မနှိပ်စက်ပါနဲ့။ ကျနော်တို့ ပြည်သူတွေက ဘာမှမသိဘူး” လို့ ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ အရပ်သားပြည်သူသေဆုံးမှု မရှိပေမယ့် ကျေးရွာအတွင်း လမ်းတောင့်တွေမှာ ကျမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဝါရာဇွပ်ကျေးရွာ နေ့တိုင်းလိုလို ဒရုန်းပစ်ခတ်ခံရတဲ့အတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်း ဝါရာဇွပ်ကျေးရွာနေ ပြည်သူတွေအများပိုင်းက အသက်အန္တရာယ်ဘေးကင်းနိုင်တဲ့ နေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။
တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မင်းဇေသန့် ပြည်သူ့စစ် စစ်ရေးတင်းမာမှု တဖန်ဖြစ်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ လဝါးကျေးရွာရှိ KIA ဂိတ်စခန်းတစ်ခုကို မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လဝါးကျေးရွာရှိ KIA ဂိတ်စခန်း တိုက်ခိုက်ခံရမှုမှာ KIA တပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
KIA တပ်ကလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး နောင်းမီကျေးရွာကနေ ဝါရာဇွပ်ကျေးရွာထဲအတွင်း ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ ခရီးသည်နဲ့ ကုန်တင်ကား သွားလာခွင့်တားမြစ်လိုက်ပြီး ဝါရာဇွပ်ဒေသခံတွေကို အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပေးထားတာဖြစ်ပါတယ်။
လက်ရှိမှာ နောင်းမီကျေးရွာကနေ ဘန်ကောက်ကျေးရွာကို ဆက်သွယ်ထားတဲ့ ဖြတ်လမ်း ဒေသအခေါ် (ယုဇနလမ်း) ကိုသာ အသုံးပြုနေရပြီး ဝါရာဇွပ်ကျေးရွာ အဝင်/အထွက် သွားလာခွင့်တားမြစ်ထားတာကြောင့် ဝါရာဇွပ်ဒေသခံတွေအပါ အဲဒီကားလမ်းကို အသုံးပြုနေတဲ့ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက်၊ နောင်းမီးဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။
အခုလို ဝါရာဇွပ်ဒေသမှာ KIA နဲ့ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကြား စစ်ရေးတင်းမာမှုဖြစ်နေတာ ၁၀ ရက်ကျောက်ခန့် ကြာမြင့်လာပြီဖြစ်တဲ့အတွက် ဝါရာဇွပ်ကျေးရွာနဲ့ ထိစပ်နေကြတဲ့ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက်၊ နောင်းမီဒေသခံတွေက တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။