စစ်တွေရှိ တပ်ရင်းများမှ ရခိုင်လူမျိုး စစ်သားအများစုကို AA နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်မြေပြင်သို့ စေလွှတ်ပြီး တပ်ရင်းတွင်ကျန်နေခဲ့သည့် ဇနီးသားသမီးများကို အပြင်ထွက်ခွင့်မပေးဘဲ ထိန်းချုပ်ထား

စစ်တွေရှိ တပ်ရင်းများမှ ရခိုင်လူမျိုး စစ်သားအများစုကို AA နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်မြေပြင်သို့ စေလွှတ်ပြီး တပ်ရင်းတွင်ကျန်နေခဲ့သည့် ဇနီးသားသမီးများကို အပြင်ထွက်ခွင့်မပေးဘဲ ထိန်းချုပ်ထား

စစ်တွေရှိ စစ်ကောင်စီတပ်ရင်းတစ်ခုအား ၂၀၂၀ ပြည့်နှစ်က တွေ့ရစဥ်။

ရခိုင်ပြည်၊ စစ်တွေအခြေစိုက် တပ်ရင်းများအထဲတွင်ရှိနေသည့် ရခိုင်လူမျိုး စစ်သားအများစုကို စစ်တွေမြို့ပြင်တွင် AA နှင့် ရင်ဆိုင်နေရသည့် စစ်မြေပြင်သို့ စေလွှတ်နေပြီး တပ်ရင်းတွင် ကျန်ရှိနေသည့် ဇနီးသားသမီးများကို အပြင်ထွက်ခွင့်မပေးဘဲ ကန့်သတ်ပိတ်ပင် ထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

စစ်တပ်ရှိ ရခိုင်မိသားစုများနှင့် နီးစပ်သူတစ်ဦးက "စစ်တွေမှာ စစ်ကောင်စီဖက်က စစ်ရေး စလို့ပြင်တဲ့အချိန်ကနေစလို့ စစ်ကောင်စီဖက် ရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေကို စစ်တွေက အေအေနဲ့ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ထားတယ်။ ကျန်ခဲ့တဲ့ သား၊ မယားတွေကိုလည်း တင်းကျပ်ထားတယ်။ အဓိက ရခိုင်လူမျိုးတွေကို ပိုတင်းကျပ်တာ။ အပြင်ကို လုံးဝမထွက်ရဘူး။ ဈေးဝယ်ခွင့်လည်း မပေးဘူး" ဟု နိရဉ္စရာကိုပြောသည်။

ရခိုင်လူမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် (AA) ထံ အလင်းဝင်လက်နက်ချမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီမှ နောက်တန်းရှိ ၎င်းတို့၏မိသားစုများကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း စစ်တပ်မိသားစုဝင်များက ပြောသည်။

"ရခိုင်လူမျိုးတွေကို သူတို့ဘက်တော်သားဖြစ်လည်း စစ်ကောင်စီက အယုံအကြည်မရှိဘူး။ AA ဆီကို အလွယ်တကူ အလင်းဝင်သွားမှာ‌ကို သူတို့စိုးရိမ်မှုရှိတယ်။ ရှေ့က မြို့သိမ်းတိုက်ပွဲတွေမှာလည်း ရခိုင်လူမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်လက်နက်ချအညံ့ခံတာတို့ ရှိခဲ့တယ်လေ။ ဒါကြောင့် အခု စစ်တွေမှာ ရခိုင်စစ်သားတွေကို စစ်တိုက်ဖို့လွှတ်ပြီး မိသားစုတွေကျတော့ ထိန်းချုပ်ထားတယ်" ဟု ပြောသည်။

ရခိုင်အချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလား၍ ရှေ့တန်းစစ်မြေပြင်သို့ မသွားလိုသည့် စစ်ကောင်စီတပ်ထဲက ရခိုင်စစ်သားအများစုကိုလည်း ခြိမ်းခြောက်မှုများရှိနေပြီး မိသားစုကို ငဲ့ညှာကာ စစ်တိုက်ထွက်နေကြရသည်ဟု ၎င်းက ပြောဆိုသည်။

"ရှေ့တန်းမထွက်ရင် ဖမ်းမယ်။ ထောင်ချမယ်။ ပြီးရင် သား၊ မယားတွေကို တစ်ခုခုလုပ်မယ်ဆိုပြီး ဖိအားပေးမှုတွေလည်းရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် ရှေ့တန်းနယ်မြေကို သွားခဲ့ကြရတယ်" ဟု ပြောသည်။

၎င်းအပြင် စစ်တပ်မိသားစုဝင်တချို့မှာ စစ်တွေတွင် တိုက်ပွဲမစမီ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မိမိဆွေမျိုးများရှိရာနေရာသို့ ထွက်ပြေးမှုများရှိခဲ့ပြီး ထိုသို့ ထွက်ပြေးမှုကို စစ်ကောင်စီက သိရှိသွားပြီးနောက် ရခိုင်လူမျိုး စစ်တပ်မိသားစုများအား အထူးတင်းကျပ် ပိတ်ပင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမအပတ်က စစ်တွေမြို့မှ စစ်ကောင်စီ စစ်တပ်အရာရှိကြီးများ၏ မိသားစုများကို ရန်ကုန်နှင့် နေပြည်တော်သို့ လေကြောင်းဖြင့် ပြောင်းရွှေ့ခဲ့သလို အိမ်အသုံးဆောင် ပရိဘောဂများကိုလည်း ရေကြောင်းမှတဆင့် ရေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ပေးခဲ့သော်လည်း ဒေသခံ စစ်သား သားမယားများကို ပြောင်းရွှေ့ပေးခြင်းမရှိကြောင်း သိရသည်။

စစ်တွေရှိ စစ်ကောင်စီ တပ်ရင်းများအထဲတွင် ရခိုင်လူမျိုးစစ်သားများနှင့် မိသားစုအများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄)၊ အမှတ် (၁၂) နှင့် အမှတ် (၃၆) ရဲတပ်ရင်း စသည့် စုစုပေါင်းတပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်း ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ကြောက်လန့်စိုးရိမ်စိတ်နှင့် အချင်းချင်း စိတ်ဝမ်းကွဲမှုများကြောင့် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်မှာ မဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

အာရက္ခတပ်တော် (AA) သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး စစ်တွေရှိ တပ်ရင်းများအနက် စစ်ရေးအရ အရေးပါသော ဒကစ အပါအဝင် တပ်ရင်းအချို့ကို ဟောင်ဝှစ်ဇာအပါအဝင် လက်နက်အကြီးစားများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ရင်းများအတွင်း အထိအခိုက် အပျက်အစီး အများအပြားရှိသည်ဟု သိရသည်။

April 1, 2025
အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင် ၁၂ ဦးသည် မကွေးတိုင်းထဲတွင်...
March 28, 2025
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိဆေးရုံကို စစ်တွေမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုက...
March 27, 2025
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စားဝတ်နေရေးအတွက်...
March 26, 2025
အာရက္ခတပ်တော် (AA) ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တိကျသော ပြဋ္ဌာန်းချက်၊ စည်းကမ်းများကို...