သျှမ်းပြည်၊ မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့တွင် ကိုးကန့်တပ်ဖွဲ့အရာရှိ ကျူးလွန်ခဲ့သည့် သက်ငယ်မုဒိမ်းမှုကို MNDAA မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်စီရင်ချက်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ဇန်နဝါရီလ တတိယပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ခံ ပန်ဆိုင်းမြို့တရားရေးဌာနမှ အသက် (၃) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ အရာရှိ ဦးရှောက်ချိကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ငွေဒဏ် ချမှတ်လိုက်ကြောင်း အမိန့်စာဖြင့် အကြောင်းကြားလာသည်ဟု ဒေသခံများက ပြောသည်။
“ကြားရတာတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်တယ်။ ကလေးအမေကတော့ ကျူးလွန်သူကို သေဒဏ်ချစေချင်တာ၊ ကိုးကန့်တပ်က အများပြည်သူရှေ့မှာ စီရင်တာမဟုတ်လို့ အဲ့လိုမလုပ်ဘူးလို့ ပြောတာ။ အမိန့်စာတော့ မပေးဘူး၊ မိသားစုရှေ့မှာ ဒီတိုင်းပဲ ဖတ်ပြသွားတာ” ဟု ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကိုးကန့်တပ်ဖွဲ့၏ အမိန့်စာထဲတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် နစ်နာသူမိသားစုကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူမှ တရုတ်ယွမ်ငွေ သုံးသောင်း ပေးဆောင်ရန် ပါဝင်ပြီး ပန်ဆိုင်းမြို့ တရားရေးဌာနသို့ နှစ်ဘက်မိသားစုနှင့် အမျိုးသမီးအဖွဲ့များက သွားရောက်နားထောင်ခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့ရှိ MNDAA ဗဟိုစစ်ခုံရုံး စီရင်ချက်ကို ကျူးလွန်ခံရသူ မိသားစုများမှ ကျေနပ်လက်ခံနိုင်ခြင်းမရှိဘဲ တရားမျှတမှုရှိရှိ ပွင့်လင်းမြင်သာစွာ အမှုစီရင်နိုင်ရေး တောင်းဆိုချက်ကို ပန်ဆိုင်းတရားရေးဌာနမှ အထက်သို့ ထပ်မံတင်ပြပေးမည်ဟု အကြောင်းပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ရပ်ကွက်က လူတွေတောင် မသိရတော့ ပွင့်ပွင့်လင်းလင်း လုပ်တာမျိုး မဟုတ်ဘူး၊ ၂၁ ရက်နေ့မှာ အမိန့်ချတယ်လို့တော့ ပြောတယ်။ မေးကြည့်သလောက် ပန်ဆိုင်းမြို့ပေါ် တာဝန်ရှိသူတွေလည်း မသိကြဘူး။ နစ်နာကြေး သုံးသောင်း ပေးခိုင်းတာလည်း အရင်က တရုတ်ကိုပို့ပြီး ဆေးစစ်ခိုင်းတာ နုတ်ပြီး ကျန်တဲ့ဟာ ပေးဖို့ပြောတာ” ဟု ပန်ဆိုင်းတရားရေးဌာနတွင် သွားရောက်နားထောင်ခဲ့သည့် ၎င်းအမျိုးသမီးက ဆက်ပြောသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် အသက် (၅၀) ကျော်အရွယ် ကိုးကန့်တပ်အရာရှိ ဦးရှောက်ချိကို ယမန်နှစ် ဒီဇင်ဘာလလယ်ကတည်းက လောက်ကိုင်မြို့သို့ ဖမ်းဆီးသွားကြောင်း သိရသော်လည်း မည်ကဲ့သို့ ထိန်းသိမ်းထားသည်ကို မသိရှိရကြောင်း ဆိုသည်။
ထို့အပြင် ဇန်နဝါရီ လဆန်းပိုင်းက ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မုဒိမ်းမှုကျူးလွန်ခံရသည့် ကလေးမိသားစုထံ လာရောက်ပြီး အမှုကျေအေးပေးရန် ငွေကြေးဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သို့သော် ကလေးမိခင်ဘက်မှ လက်မခံဘဲ မုဒိမ်းမှု ကျူးလွန်ခံရခြင်းကြောင့် ဒဏ်ရာပြင်းထန်ကာ ဆေးကုသမှု လိုအပ်နေဆဲဖြစ်သည့် ၃ နှစ်အရွယ်ခန့် သမီးအတွက် တရားမျှတမှုရှိအောင် အမှုစီရင်ပေးရန်သာ တောင်းဆိုခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ရှိ လောင်းကစားဝင်းတစ်ခုထဲ နေထိုင်သည့် MNDAA တပ်ရင်း (၅၁၀) မှ အသက် (၅၀) ကျော်အရွယ်ရှိ ကိုးကန့်တပ်အရာရှိ ဦးရှောက်ချိသည် ၎င်းခြံဝင်းအနီး နေထိုင်သော မိသားစုမှ (၂) နှစ်ခွဲအရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့သည်။
၎င်းနောက် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားကို MNDAA မှ ဖမ်းဆီးခဲ့ပြီး ကလေးတွင် ကျန်ခဲ့သည့် သုတ်ပိုးနှင့် ဆံပင်တို့ကို တရုတ်နိုင်ငံ CID ဘက် ပို့ဆောင်ပြီး ဆေးစစ်ချက်အဖြေရမှသာ ယခုကဲ့သို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
အလားတူ ပန်ဆိုင်း (ကြူကုတ်) မြို့တွင် မိဘမဲ့ဂေဟာ ဖွင့်လှစ်ထားသည့် ကျောင်းဆရာတစ်ဦးလည်း အသက်မပြည့်သေးသည့် ကလေးငယ် (၂၀) ကျော်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ကျူးလွန်ခဲ့ရာ MNDAA မှ မုံးကိုးမြို့ဘက်သို့ ယမန်နှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး လောက်ကိုင်မြို့တွင် ဒီဇင်ဘာလဆန်းပိုင်းက သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။