ကရင်နီပြည်တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆို

ကရင်နီပြည်တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆို

၂၀၂၂ ခုနှစ်အတွင်းက ကရင်နီပြည်၊ ဖရူဆိုမြို့တွင် ဒေသခံတော်လှန်ရေးအဖွဲ့များသိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၂ စီး။

ကရင်နီပြည်ထဲသို့ စစ်ကောင်စီက စစ်အင်အားအလုံးအရင်း ဖြည့်တင်းပြီး ထိုးစစ်ဆင်လာနိုင်သည့်အတွက် ပွင့်လင်းရာသီတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အားဖြည့်တင်းနေသောကြောင့် ပွင့်လင်းရာသီတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ညွန်ကြားရေးမှူး တပ်မတော်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်က ပြောသည်။

“သေချာတာကတော့ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီဘက်ကတော့ မဖြစ်မနေ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် မိုးဗြဲတို့ လွိုင်ကော်တို့ စစ်ကြောင်းတွေ ရောက်အောင်တော့ သူတို့ပြန်ထိုးမှာပဲ။ အဓိက ဖယ်ခုံမြို့ပြန်သိမ်းမယ်၊ မိုးဗြဲရအောင် ပြန်သိမ်းမယ်၊ အိမ်ထောင်စု ၄၀၀ လာလာ၊ ၅၀၀ လာလာ ပြန်ခေါ်မယ်။ နိုင်ငံတကာအမြင်မှာ မြို့တိုင်းမှာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်မယ်ဆိုရင် ပိုပြီးဖော်ဆောင်နိုင်ဖို့ရအောင် သူထိုးဖောက်မှာပဲဖြစ်တယ်” ဟု ဗိုလ်ကြီးနေမျိုးဇင်က ပြောသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်ထဲရှိ ဒီးမော့ဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်များထဲသို့ လေကြောင်းမှ စစ်အင်အားဖြည့်တင်းမှုများ လုပ်ခဲ့သည့်အပြင် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း မြေပြင်ထိုးစစ်များဖြင့် စစ်အင်အားဖြည့်တင်းခဲ့သည်ဟု မြေပြင်ရှိ ကရင်နီတော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့တို့တွင်လည်း မြေပြင်မှ စစ်အင်အားများ ဖြည့်တင်းနေ သည်ဟု ဆိုသည်။ အဆိုပါ ဒေသများထဲသို့ စစ်အင်အား ဖြည့်တင်းမှုများကို ကရင်နီပြည်တွင် ရေကြီးမှုများ ဖြစ်ပွားချိန် စက်တင်ဘာလ ဒုတိယပတ်အတွင်း လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ်း-ကရင်နီနယ်စပ် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်ထဲက ဒီးမော့ဆိုမြို့ နယ်၊ ဖားဆောင်းမြို့နယ်နှင့် ထိုင်း-ကရင်နီနယ်စပ် နေရာများတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည်ဟု စစ်ရေး ကျွမ်းကျင်သူများမှ သုံးသပ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး ထိုမှတဆင့် ကရင်နီပြည်အတွင်းရှိ ပြည်ထောင်စုလမ်းမတစ်လျှောက် ပြန်လည်ရယူရန် ကြိုးစားနေသည်ဟု ကရင်နီ ဒု-စစ်ဦးစီးချုပ် မာဝီက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် Mobye-PDF တပ်ရင်း ၁၀၀၁ နှင့် KNDF-B03 တို့ ပူးပေါင်းပြုလုပ်သော ကမ်ပိန်းတစ်ခုတွင် ပြောဆိုထားသည်။

ကရင်နီ ဒု-စစ်ဦးစီးချုပ် မာဝီက “ကရင်နီမှာ အဓိကဝင်နိုင်တဲ့ လမ်းကြောင်းနှစ်ခုရှိတယ်။ အဲဒီလမ်းကြောင်းနှစ်ခုထဲမှာမှ ဒါ ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော်ပေါ့။ ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တယ်။ အခုဆိုရင်လည်း စစ်တပ်ဘက်က ကရင်နီကို အင်အားအလုံးအရင်းနဲ့ လူထည့်နေတဲ့ အခြေအနေတွေရှိတယ်။ ဒီလမ်းပိုင်းတွေကို ပြန်ယူပြီးမှ လွိုင်ကော်၊ လွိုင်ကော်ကနေ ပြီးတော့မှ ဘောလခဲ ဖားဆောင်း စသဖြင့် သူတို့ ကြိုးစားနေတဲ့ အနေအထားတွေရှိတယ်” ဟု ပြောဆိုသည်။

ထို့အပြင် ယခုနှစ် ဇွန်လလယ်ပိုင်းကတည်းက ပင်လောင်းဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် PNO တပ်တို့သည်လည်း လက်ရှိတွင် ဖယ်ခုံနှင့် မိုးဗြဲ အနီးတဝိုက်တွင် ရောက်ရှိနေပြီး ကရင်နီတော်လှန်ရေးတပ်များ၊ ကယန်းအမျိုးသားတပ်မတော် KNA တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။

အလားတူ ယခုနှစ် ဇွန်လအစောပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်လမ်းကြောင်းမှ လွိုင်ကော်သို့ အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးတပ်များ ခုခံပိတ်ဆို့နေသည့်ကြားမှ စက်တင်ဘာ လလယ်ပိုင်းတွင် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့မှတဆင့် ဒီးမော့ဆိုမြို့အတွင်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ - ၁၀၂)၊ ခြေမြန်တပ်ရင်း (ခမရ - ၄၂၇) အတွင်းသို့ အင်အား ၅၀၀ ဝန်းကျင်အထိ ဝင်ရောက်သွားခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတို့က ပြောသည်။

လက်ရှိတွင် ထိုတပ်စခန်းများမှ စခန်းအနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ တပ်စွဲနေထိုင်ခြင်းနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးရန်အတွက် စစ်ရေးပြင်ဆင်မှုများ လုပ်ကိုင်နေသည်ဟု ဒီးမော့ဆို Local PDF မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

“စကစဘက်က စစ်ကြောင်းတော့ မထိုးလာသေးပေမယ့် အသင့်အနေအထားနဲ့ နေရာယူထားတာ တွေ့ရတယ်။ ပြီးရင် လက်နက်ကြီးနဲ့ ပတ်ထုနေတာပဲ။ ဒါပဲ တွေ့ရသေးတယ်ပေါ့။ ခန့်မှန်းလို့ရသလောက်ဆို မိန်းလမ်းမကို ပြန်ယူဖို့ပဲရှိတာပေါ့။ အဲ့ဒါရမှပဲ သူတို့ရိက္ခာနဲ့ စစ်ကူပို့လို့ရမှာကိုး” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် မြေပြင်မှ စစ်ကူပေးပို့နိုင်ခြင်းမရှိသော ဖရူဆိုမြိုရှိ ခမရ ၄၂၈၊ ခမရ ၅၃၁ အမှတ် ၁၄ တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ဖားဆောင်းမြို့ရှိ ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲမြို့ရှိ ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀ နှင့် ထိုင်း - ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအား လေကြောင်းမှတဆင့် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်ဖြည့်တင်းနေသည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

ထို့အတူ ၈ လနီးပါး ကြာမြင့်လာသည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲသည်လည်း လက်ရှိတွင် တိုက်ပွဲကြီးကြီးမားမား ထပ်မံဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ လာရောက်ဗုံးကြဲနေသောကြောင့် ကျန်ရှိနေသည့် ခမရ ၁၃၄ နှင့် ၁၃၅ တပ်ရင်း ၂ ခုအား အပြီးသတ် သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ်က ပြောသည်။

ထို့အပြင် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာသည့်အတွက် ရပ်နားထားရသည့် ထိုးစစ်များ ပြန်လည်စတင်သွားမည်ဖြစ်ပြီး ထိုင်း - ကရင်နီ နယ်စပ် Bordar Pass 9 အနီး နောက်ဆုံးကျန်ရှိနေသည့် စခန်းများအား ဆက်လက်တိုက်ခိုက်သွားမည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“ကျနော်တို့ လုပ်ဖို့ရှိတယ် သံလွင် အရှေ့ဖက်ခြမ်း ကရင်နီမှာတော့ စခန်းလေးနှစ်ခု ကျန်ပါသေးတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ ၂၀၂၃ ခုနှစ်တွင် ဖော်ဆောင်ခဲ့သည့် “တစ်လေးလုံးစစ်ဆင်ရေး” ကာလတွင် ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း၊ ခြေလျင်တပ်ရင်း၊ အမြောက်တပ်များအပြင် လွိုင်ကော်မြို့ရှိ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ရေးတပ်စု၊ အလုပ်ရုံတပ်စု၊ ကုတင် (၁၀၀) ဆန့် တပ်မတော်ဆေးရုံနှင့် ဖရူဆိုမြို့ရှိ အမှတ် (၁၄) တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်းအပါအဝင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၀ နှင့် တပ်ဖွဲ့ဝင် အင်အားသည် (၂,၃၀၀) ခန့် ရှိနိုင်သည်ဟု ကရင်နီတော်လှန်ရေးတပ်များက သုံးသပ်ထားသည်။

သို့သော် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်ကာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မှတဆင့် လွိုင်ကော်သို့ စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာခဲ့ပြီး နိုဝင်ဘာလအထိ ၃ လကျော်အတွင်း စစ်ကောင်စီတပ်သားအင်အား ၂,၀၀၀ ထက်မနည်း ထပ်မံဖြည့်တင်းထားသည်ဟု ကရင်နီတော်လှန်ရေးတပ် တာဝန်ရှိသူများက ပြောသည်။

တဖက်တွင်လည်း ပင်လောင်းမှဖယ်ခုံဘက်သို့ အင်အား ၁,၀၀၀ ဝန်းကျင်ခန့် ထပ်မံဖြည့်တင်းထားပြီး နဂိုရှိရင်းစွဲ တပ်အင်အားနှင့် ထပ်မံအင်အားဖြည့်တင်းမှုများကြောင့် ကရင်နီနှင့် ကယန်းဒေသတွင် စစ်ကောင်စီအင်အား ၅,၀၀၀ ခန့် ရှိနေနိုင်သည်ဟု တော်လှန်ရေးတပ်များဘက်က ခန့်မှန်းထားကြသည်။

စစ်ကောင်စီသည် ကရင်နီပြည်အတွင်း စစ်အင်အားဖြည့်တင်းနေသကဲ့သို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဘက်တွင်လည်း တပ်ရင်းပေါင်း ၃၀ အထိ တိုးချဲ့ဖွဲ့စည်းမှုများရှိနေပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် အသစ် ထပ်မံဖွဲ့စည်းထားသည့် ကယန်းအမျိုးသားတပ်မတော် KNA သည်လည်း တပ်ရင်း ၈ ရင်းဖြင့် ဖွဲ့စည်းလိုက်ပြီး တပ်ဖွဲ့ဝင်အင်အား ၁,၀၀၀ ခန့်ရှိသည်။

ကရင်နီပြည်နှင့် ကယန်းဒေသအဖြစ် သတ်မှတ်ထားသော မိုးဗြဲ၊ ဖယ်ခုံမြို့များအပါအဝင် လက်ရှိ တော်လှန်ရေးအင်အားစုများ၏ စုစုပေါင်းတပ်အင်အားသည် ၁၅,၀၀၀ ဝန်းကျင်ရှိနိုင်ပြီး ထိုတပ်အင်အား ၁၅,၀၀၀ ထဲမှ ထောက်ပို့၊ ရုံးအဖွဲ့၊ ဆေးတပ်သား၊ ဒဏ်ရာရရဲဘော် စသည်များကို ဖယ်ထားပြီး တိုက်ခိုက်ရေးတပ်သား သီးသန့်ထုတ်နုတ်ပါက ၁၃,၀၀၀ ဝန်းကျင် ရှိနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောဆိုသည်။

Most read this week

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...