မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအချို့ကို ချင်းညီနောင်အဖွဲ့ ထိန်းချုပ်

မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအချို့ကို ချင်းညီနောင်အဖွဲ့ ထိန်းချုပ်

ချင်းညီနောင်၏ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် တိုက်ပွဲများ တစ်လနီးပါးကြာ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအချို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှစတင်၍ တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“စစ်ရေးကတော့ မင်းတပ်ရော၊ ဖလမ်းဘက်ရော နေ့တိုင်း တိုက်ပွဲကတော့ ရှိပါတယ်။ ထိန်းချုပ်နိုင်ပြီဆိုတာက အရေးကြီးတဲ့စခန်းတွေ ကျန်ပါသေးတယ်။ ကြိုးစားနေတဲ့အခြေအနေမှာ ရှိပါတယ်။ လေယာဉ်ကတော့ တောက်လျှောက်ပါပဲ။ အဓိကက ကျနော်တို့ စစ်ရေးဘက်နဲ့ မဆိုင်တဲ့ ပြည်သူတွေရဲ့ နေရာတွေကို ပစ်ခတ်တာတွေ ရှိတယ်။ ရွာတွေမှာပေါ့လေ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းတချို့ ကျန်ရှိနေသေးပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် ခုခံလျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၊ ဆူရ်းဘုန်လေယာဉ်ကွင်း တောင်ကြောဘက်ကို ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခလရ - ၂၆၈ တပ်ရင်းကိုလည်း လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လေကြောင်းဖြင့် ဖြည့်တင်းခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်နှင့် စစ်ကောင်စီစခန်း အများအပြားကိုလည်း ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်ကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားကြောင်း၊ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း မင်းတပ်မြို့နယ် - ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“မင်းတပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုတာက မဟုတ်မမှန်ပါဘူး။ နည်းနည်း ချဲ့ကားတဲ့သဘောမျိုးပါ။ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့အပိုင်းတွေ၊ သိမ်းယူနိုင်တဲ့စခန်းတွေ တော်တော်များများရှိပါတယ်။ ဒါကိုလည်း နောက်မှပဲ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ လောလောဆယ် ပြောနိုင်တာက ဖလမ်းမြို့ရော၊ မင်းတပ်မြို့ရော စစ်ကောင်စီ ကင်းစင်သွားတာမျိုး၊ အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုးက မရှိသေးပါဘူး” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဟု Mandalay Free Press – MFP က ယမန်နေ့က ရေးသားဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း၊ ချဲ့ကားရေးထားခြင်းသာဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ချင်းညီနောင် စစ်ဆင်ရေးတွင် စစ်ကိုင်းမှ တော်လှန်ရေးအင်အားစုများဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

မကွေးတိုင်းထဲနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုး ၏သားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိနေသကဲ့သို့ ချင်းမဟုတ်သော တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေးကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် စစ်ကောင်စီသည် ခုခံတိုက်ခိုက်လျက်ရှိပြီး မြို့ပေါ်နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်က ဖလမ်းမြို့၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာများရရှိသည်ဟု သိရသည်။

December 3, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့ဘက်သို့...
December 2, 2024
ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ၏ Jericho စစ်ဆင်ရေးအတွင်း ဟားခါး - ထန်တလန်ကြားက စစ်ရေးအရ...
November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...