လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA  ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှစ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်လက စကောက်တယ်။ အိမ်တိုင်းလိုလိုကောက်တယ်။ အိမ်ထောင်စုထဲက လူငယ်အမျိုးသားနာမည်တွေ အားလုံးကောက်သွားတယ်။ စာရင်းမပေးရင် ပြစ်ဒဏ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကျက်ကျေးရွာအတွင်း  ‘ဝ’တပ်ဖွဲ့ UWSA  မှ စစ်မှုထမ်းရန် အတွက် ယောကျာ်လေး စာရင်းလူဦးရေ ၂၀၀ ကျော် ကောက်ယူထားသည်။

ထိုစာရင်းထဲပါသည့် ဆယ်ကျော်သက်များ ၊ လူငယ်များသည် စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့်  ထွက်ပြေးတိမ်း‌ရှောင်နေကြရကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“သူတို့က စာရင်းကောက်တာ ပြီးခါနီးပြီ။ ဒေသခံတွေကတော့ ဘယ်သူမှ သဘောမတူကြဘူး ငြင်းလို့လည်းမရ တောင်ပန်လို့လည်း မရဘူး။ မိသားစုတွေမှာ သားက စာရင်းထည့်ထားပြီး သားကအိမ်မှာ မရှိရင် အဖေကိုသွားခိုင်တဲ့အထိ လုပ်မှာတဲ့။ ကျန်ရှိနေတဲ့ အမျိုးသမီးတွေကိုလည်း သူတို့ရုံးတွေကိုသွားခိုင်းပြီး သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’တပ်ဖွဲ့ UWSA  တာဝန်းရှိသူများကို ဆက်သွယ်ပါသော်လည်း ပြန်လည်းဖြေဆိုခြင်းမရှိပေ။

မိုင်းကျက် ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့  MNDAA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ‘ဝ’တပ်ဖွဲ့ UWSA  နှင့်  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

မိုင်းကျက်ကျေးရွာသည် လားရှိုးမြို့ နှင့်  မိုင် ၅၀ ခန့်ကွာဝေးပြီး ၊ မိုင်းယော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည်။

Most read this week

November 7, 2024
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅...
November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ...
November 6, 2024
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ်...
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း
November 6, 2024
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး...