ပြီးခဲ့တဲ့စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာလွတ်ရက်စေ့လို့ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား၂ ဦးကို ထောင်အပြင်ရောက်မှ စစ်ကောင်စီက ပြန်ဖမ်းဆီးကာအမှုထပ်တိုးပြီး ထောင်ပြန်ချနေတယ်လို့ သိရပါတယ်။ ကလေးထောင်က နိုင်ငံရေးအကျဉ်းသား အများစုဟာလည်း လွတ်ရက်စေ့ပေမယ့် မလွတ်ပေးဘဲ ပြန်ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပေးနေသူတစ်ဦးက “ နိုင်ငံရေးအမှုနဲ့ ကွင်းလုံးကျွတ်လွတ်လာတာက အတော်ရှားပါတယ်။ အခုဆိုရင် ပြန်ဖမ်းခံရတာများနေပြီပေါ့။ နိုင်ငံရေးအမှုမှာ တော်တော်များများကို ၅၀၅ အရင်ကပ်၊ ပြီးရင် ၅၀ (ည) မဟုတ်ရင် ၅၂ ကပ်ပြီး အနည်းဆုံး ၇ နှစ်၊ ၉ နှစ်ကျတယ်၊ ၁၂ နှစ်ကျတယ် အများကြီးပေါ့။ ကလေးမြို့မှာ ၅၀၅ ကို ၂ နှစ်ဘဲချပေမယ့် ၅၀၅ သမားတွေကို နောက်မှုကပ်တာများတယ်။ ဒါပေမယ့် ထောင်ထဲမှာဘဲကပ်တာ အခုလိုလွတ်ပြီး ပြန်ဖမ်းတာကရှားတယ်။ သူတို့အတွက် ထိခိုက်တယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ကိုဇော်မင်းထက်က လွတ်ရက်စေ့လို့ပြန်လွတ်လာတဲ့နေ့မှာ ထောင်ရှေ့ကနေ ရဲတွေကပြန်ဖမ်းဆီးခဲ့ပြီး လက်ရှိ ၅၀ (ည)၊ ၅၂ (က) နဲ့ အမှုဖွင့်ပြီး ထောင်ထဲပြန်ပို့်ထားပြီး နောက်တစ်ယောက်ဖြစ်တဲ့ ကိုစည်သူနောင်ဟာလည်း ၅၀၅ - က နဲ့ ဖမ်းဆီးထောင်ကျရာကနေ အောက်တိုဘာလ ၁၅ ရက်နေ့က လွတ်ရက်စေ့လို့ ပြန်လွတ်လာပေမယ့် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး ကလေးမြို့မရဲစခန်းမှာ ၅၀ ည၊ ၅၂ (က) ပုဒ်မတွေနဲ့ တရားရုံးတင် ယမန်ယူကာ အမှုထပ်စွဲခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပေးနေသူတစ်ဦးက “တော်တော်များများက ၅၀၅ အမှုနဲ့ ပထမ အမှုစွဲထားတယ် အမှုတွေအားလုံးကို တပြိုင်ထဲစွဲတာမျိုးမဟုတ်ဘူး၊ ၅၀၅ နဲ့ အရင်ထောင်ချလိုက်တယ်ပြီးတော့မှ တစ်လနှစ်လလောက်ကြာတဲ့ချိန်မှာ နောက်အမှုတွေနဲ့ ရုံးထပ်ထုတ်တာ အဲလိုလူတွေကျတော့ ထောင်ပြင်မရောက်တော့ဘူးဆိုတော့ အခုပြန်အဖမ်းခံရတဲ့သူတွေကျတော့ အပြင်ရောက်ပြီးမှ ပြန်ဖမ်းပြီးတော့ ပြန်ပို့တာဆိုတော့ ထောင်သားအသစ်ဖြစ်သွားပြီ၊ ထောင်သားအသစ်ဖြစ်သွားပြီဆိုတော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအတော်လေး တော်တော်လေးထိခိုက်မှုရှိမယ်ပေါ့လေ” လို့ပြောပါတယ်။
ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအမှုကလွဲရင် လွတ်ရက်စေ့ရင် ပြန်လွတ်ပေမယ့် နိုင်ငံရေးအမှု ၅၀၅ နဲ့ထောင်ချခံထားရသူတွေက အနည်းဆုံးထောင်မှာ ၁၈ လ ခန့်ထောင်ချလေ့ရှိပြီး ၅၀၅အပြင်နောက်ထပ် ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ပြန်ကပ်ပြီး အနည်းဆုံး ၇ နှစ် ထောင်ချနေတယ်လို့လည်း နီးစပ်သူတွေဆီကနေ သိရပါတယ်။