ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ သံလွင်မြစ်တလျှောက် စစ်ကောင်စီ ကင်းစင်သွားပြီးဖြစ်၍ အုပ်ချုပ်ရေးအပိုင်းကောင်းမွန်အောင် ပြန်လည် စတင်လုပ်ဆောင်သွားမည်ဟု တပ်မဟာ-၅/မူတြော် ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။
နယ်စပ်သံလွင်မြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားပြီးဖြစ်၍ လူထုများ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သလို သတ်မှတ်သည့် စည်းကမ်းချက်များနှင့် သွားလာနိုင်ရန်အထက်မှ ချမှတ်သည့် အုပ်ချုပ်ရေးစနစ်များကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီးစောက လယ်ဒို့က ပြောသည်။
၎င်းက “ကျနော်တို့တွေ ကိုယ်တိုင်ကလည်း လာမယ့်ရှေ့ဆက်မှာ အစီအစဉ်ရှိတဲ့အတိုင်း ကိုယ်ပိုင်အုပ် ချုပ်မှုစနစ်နဲ့ သွားလို့ရတဲ့အခွင့်အရေးရှိလာနေပြီဆိုတော့ ကိုယ့်နယ်မြေတွေရဲ့ လုံခြုံရေးအတွက်ကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ လုပ်ဆောင်သွားမယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း ဒါတွေကို နားလည်ပေးနိုင်ဖို့လိုတယ်။ သွားရေးလာရေးအပိုင်းတွေမှာဖြစ်စေ၊ အထက်ကခေါင်းဆောင်တွေ ချမှတ်ထားတဲ့အတိုင်း ကျနော်တို့တွေ အားလုံးက လိုက်နာကျင့်သုံးဖို့လိုတယ်။ လုံခြုံရေးအတွက်ကိုပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ တပ်စခန်းများကို တပ်မှူး၊ တပ်သား ရဲဘော်များက အနစ်နာခံ တက်ရောက်တိုက်ခိုက်မှု ကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် သံလွင်မြစ်ဘေးရှိ စစ်ကောင်စီစခန်းအများပြား သိမ်းယူနိုင်ခဲ့သလို အင်အားနည်းသွားသည့် စစ်ကောင်စီစခန်းငယ်တစ်ချို့ နောက်ဆုတ်ထွက်ခွာသွားခြင်းများလည်း ရှိသည်ဟု သိရသည်။
“ခေါင်းဆောင်တွေရဲ့လမ်းညွှန်ချက်၊ တပ်မှူး၊ ရဲဘော်တပ်ဖွဲ့ဝင်တွေရဲ့ အနစ်နာခံ တက်ရောက်တိုက် ခိုက်လို့ အခုဆိုရင် ကရင်နီကနေစပြီး သူးမွဲထအောက်ပြီးတော့ မဲထ၊ မယ်လအထိ ရန်သူစခန်းတွေတစ် လုံးမှ မရှိတော့ဘူး။ ထိုင်းနယ်စပ်တလျှောက်မှာတော့ ရန်သူတားမြစ်တဲ့စခန်းတွေတော့ မရှိတော့ဘူး။ ဒါပေမယ့် တဖက်ကမိတ်ဖက် နယ်စပ်ဆိုတော့ သူတို့ဘက်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ရှိရင်လည်း လိုက်နာရမယ်၊ အဲဒါတွေတော့ရှိမယ်” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
၂၀၂၁ ခုနှစ်၊ စစ်ကောင်စီတပ် အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ကေအဲန်ယူ၊ တပ်မဟာ(၅) /မူတြော် နယ်မြေထဲရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ သံလွင်မြစ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၂၂ ခုကို သိမ်းယူနိုင်ခဲ့သည်။
တပ်မဟာ-၅ က သိမ်းယူလိုက်သည့် သံလွင်မြစ်ဘေးရှိ တပ်စခန်းများသည် သော်လယ်ထာ၊ မယ်ခါးထာ၊ သူးမွဲထာ၊ ဟော့မာဒေါ၊ ကော်ကောထာ၊ မယ်လယ်ထာ၊ ညားတဟိုစိုး၊ မယ်ပေါမူထာ၊ မယ်ရားထာ၊ အူးသူးထာ၊ မယ်တရီထာ၊ လယ်တိုး၊ ဖားခဲစို၊ တာဘူးစိုး၊ ကျောက်ညှပ်၊ သီးမူးထာ၊ လယ်ထာ၊ စောထာ၊ ရေအိုး၊ မောလို့ဒေး၊ ဖဲထာနှင့် တာဟော်ထာ စသည့် တပ်စခန်းများဖြစ်သည်။
လက်ရှိ မူတြော်ခရိုင်အတွင်း နေရာအနည်းငယ်သာ စစ်ကောင်စီစခန်းရှိတော့သလို ကေအဲန်ယူက ခရိုင်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။