တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ

တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ

မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကားတွေကို ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

လီဒိုလမ်းမကြီးတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးမှုဟာ  ၅ လခန့်ကြာလာတဲ့အပြင် ဒီကနေ့(နိုဝင်ဘာလ ၅ ရက်နေ့)ထိလည်း ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အတွက် ခရီးသွားသူပြည်သူတွေအနေနဲ့  လမ်းခရီးမှာ ၃ ရက်ကနေ တစ်ပတ်အထိ ကြာမြင့်နေပြီး လမ်းတစ်လျှောက် ရွှံ့ဗွက်အိုင်ထဲကျွံနေတဲ့ကားတွေကိုလည်း ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ဆိုပါတယ်။

“ကားတွေဖြတ်လို့မရဘဲ အသကုန် ကြပ်နေတယ်။  လမ်းပျက်စီးမှုကတော့ ပါဂျရိုတွေဆွဲလည်းမနိုင် ဆင်နဲ့ပဲ ဆွဲထုတ်နေတယ်။ ဆင်နဲ့ဆွဲထုတ်ရင်လည်း အားလုံးအထိန်းအစမရှိ အရှိန်ကျော်အောင်ဆွဲသွားတော့ ကားအဖုံး အကာတွေပါ ပြုတ်ကုန်ရော။ အစကတော့ ထွန်စက်တွေနဲ့ ဆွဲထုတ်တယ်။ အခုတော့ ထွန်စက်တွေလည်း မနိုင်တော့ဘူး။ လမ်းတစ်လျှောက်လုံး ကားအကြီး၊ အသေး အများကြီးပဲ ကြပ်နေတယ်။ အခု ခရီးသည်တွေလည်း တနိုင်းဘက်သွားချင်ရင်လည်း လမ်းမှာ ကားအများကြီးကြပ်နေတာကြောင့် ကားဂိတ်မှာ တနိုင်းကားရှာရင်တောင် မတွေ့ဘူးပြောတယ်။”လို့ မြစ်ကြီးနား–တနိုင်း ခရီးအသွားအလာလုပ်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား-  တနိုင်းအကြား ကားလမ်းပိုင်းအများဆုံးပျက်စီးနေတဲ့နေရာဟာ ရှဒူးဇွပ်၊ နောင်းမီး၊  မန်ပန် စတဲ့လမ်းပိုင်းတစ်ကြော နေရာ ၅ ခုမှာ အများဆုံးပျက်စီးနေပြီး လီဒိုလမ်းမကြီးတစ်လျှောက် ကားတွေ တစ်လိမ့်ချင်း ရွှေ့ပြီးသွားနေရတာကြောင့် ပိတ်မိတဲ့ကားတွေလည်းများစွာရှိနေတယ်လို့  သိရပါတယ်။   

ဒါ့အပြင် ခုလို ဆင်တွေနဲ့ ဆွဲထုတ်နေရတာကြောင့် ဆိုင်ကယ်၊ ကားအကြီး၊ အသေးအပေါ်မှုတည်ပြီး ဆွဲထုတ်ခ ၁ သိန်းကနေ ၅ သိန်းအထက် ကုန်ကျရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား– တနိုင်းလီဒိုလမ်းကြီးမှာ ဇွန်လ မိုးစဝင်လာချိန်ကစလို့ လမ်းပိုင်းပျက်စီးစပြုလာတာဖြစ်ပေမယ့် ဒီနေ့(နိုဝင်ဘာလ ၅ ရက်နေ့)ထိ ပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ပိုပြီးဆိုးရွားသွားတာဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။  

ကားလမ်းပိုင်း ဆိုးရွားစွာပျက်စီးနေတာကြောင့် ခရီးသည်တွေအတွက် ခရီးသွားလာရေးခက်ခဲနေသလို ကုန်တင်တဲ့ ကားသမားတွေအတွက်လည်း ကုန်ကျစရိတ် အလွန်များပြားတာကြောင့် တနိုင်းဘက်မှာ ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ တနိုင်းဒေသခံတွေ ဆိုပါတယ်။

“မိုးတွင်းဝင်ကတည်းက ပျက်စီးနေတာ အခုထိ ပြုပြင်တာမျိုးကမရှိ၊ အသွားအလာကရှိနေဆဲဆိုတော့ ပိုဆိုးလာတာပေါ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေလည်း တော်တော်တက်လာတယ်လေ။ ကားသမားတွေလည်း လမ်းပျက်စီးတာကြောင့် ကုန်ပစ္စည်းသယ်ပို့တာ မကိုက်ဘူးတဲ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေ အသကုန်တက်။ ဒီဇယ်တစ်ပေပါ ၂၅ သိန်းနဲ့ ရှာရင်တောင် မတွေ့ဘူး၊ ရှားတယ်။ တချို့က ၂၃ သိန်းလည်းရောင်းတယ်။ ၂၅ သိန်းလည်း ရောင်းတယ် ပြောတယ်။” လို့ တနိုင်း အမျိုးသမီးက ဆက်ပြောပါတယ်။   

လတ်တလော တနိုင်းဘက်မှာ ဓာတ်ဆီတွေပြတ်လပ်ပြီး ဒီဇယ်တစ်ပေပါ ၂၃ သိန်းအထက်၊ ဆန်တစ်အိတ် ၂ သိန်းဝန်းကျင်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၂ သောင်းခွဲစသဖြင့် ကုန်စျေးနှုန်းတွေမြင့်တက်နေတယ်လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် မြစ်ကြီးနားကနေ တနိုင်းဘက်ကို ခရီးသွားမယ်ဆိုရင် ခရီးစရိတ် သောင်းဂဏန်းသာ ကုန်ကျပေမဲ့ လက်ရှိအခြေအနေမှာ ကားခ ၂ သိန်းခန့်ပေးရပြီး လမ်းမှာလည်း တစ်ပတ်လောက် ကြန့်ကြာတာတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးဟာ မိုးတွင်းကာလ အခုလိုမျိုး လမ်းပျက်စီးမှု ဆိုးရွားမှုပုံမှန်ဖြစ်လေ့ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလမှာတော့ လမ်းပျက်စီးမှုကို တာဝန်ယူပြုပြင်ပေးတဲ့အဖွဲ့မရှိတာကြောင့်  ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...